အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၄)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီက ပုံသဏ္ဍာန်မျိုးစုံနဲ့ အင်တာနက် ဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာဏာမသိမ်းခင် မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ဇွန်လကစပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ခုနစ်ခုနဲ့ ချင်းပြည်နယ် တောင်ပိုင်းက မြို့နယ်တခုတို့မှာ အင်တာနက် ဖြတ်တောက်မှုကို ကာလရှည်ကြာ ပြုလုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း အင်တာနက် ဖြတ်တောက်ခံရမှုကိုတော့ တနိုင်ငံလုံး အတိုင်းအတာအရ ဆိုးရွားစွာ ထိခိုက် ခံစားခဲ့ရတာ ဖြစ်ပါတယ်။ Datareportal ဝက်ဘ်ဆိုက်ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်နီး ပါး ၂၃ ဒသမ ၆၅ သန်းဟာ အင်တာနက် သုံးစွဲသူတွေ ဖြစ်ကြပါတယ်။ e-commerce သုံးစွဲမှုအနေအထားကို ကြည့်ရင်လည်း အသက် ၁၅ နှစ်အထက် နိုင်ငံ့လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းဟာ ဘဏ္ဍာရေးဆိုင်ရာ ငွေစာရင်း ဖွင့်ထားသူတွေ ဖြစ်ပြီး၊ ၃ ဒသမ ၆ ရာခိုင်နှုန်းက အွန်လိုင်း စျေးဝယ်မှုကို အသုံးပြုနေသူတွေ ဖြစ်ပါတယ်။ ဒီအနေအထားမှာ အင်တာနက် ဖြတ်တောက်မှုကြောင့် မြန်မာ့စီးပွားရေး ကဏ္ဍအပေါ် ဘယ်လောက် ထိခိုက်နစ်နာမှု ဖြစ်စေသလဲဆိုတာ အလေးထားရမယ့် အကြောင်းအချက်တခု ဖြစ်လာပါတယ်။
∎ ဆိုလိုရင်း အနှစ်ချုပ်
နိုင်ငံရေး မတည်ငြိမ်မှုတွေကို ဟန့်တားနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကမ္ဘာ့နိုင်ငံအချို့က အုပ်စိုးသူတွေဟာ အများပြည်သူ သုံးစွဲနေတဲ့ အင်တာနက်ကို ဖြတ်တောက်လေ့ ရှိကြပါတယ်။ ဒီလို အင်တာနက် ဖြတ်တောက် လိုက်တဲ့အခါ ပြည်သူတဦးချင်းစီရဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုသာမက လူမှုရေး၊ ပညာရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာလည်း ဆိုးကျိုးတွေ ဖြစ်ပေါ် ခံစားကြရပါတယ်။ အဲဒီ ဆိုးကျိုးတွေထဲကမှ စီးပွားရေး ထိခိုက်မှုအပေါ် တွက်ချက်တဲ့ နည်းနာတွေထဲမှာ ထင်ရှားပြီး တွက်ချက်ရ လွယ်ကူတဲ့ နည်းနာ အချို့ရှိပါတယ်။ နည်းတခုကတော့ နိုင်ငံအုပ်စုခွဲပြီး တွက်ချက်ခြင်းအပေါ် အခြေခံပြီး ခန့်မှန်းခြေ တွက်ချက်တာမျိုး ဖြစ်ပါတယ်။ ဒီနည်းကို Deloitte က အသုံးပြုနေပါတယ်။ နိုင်ငံတွေရဲ့ နည်းပညာ တိုးတက်မှု၊ လူဦးရေ အချက်အလက်တွေပေါ် မူတည်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၉၆ နိုင်ငံကို လေ့လာခဲ့တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ အင်တာနက်အပေါ် မှီခိုမှုများတဲ့ နိုင်ငံတွေမှာ အင်တာနက်ကို တရက်တာ ဖြတ်တောက်မယ် ဆိုရင် လူဦးရေ ၁၀ သန်းမှာ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၆ သန်း ဆုံးရှုံးစေတယ်လို့ ခန့်မှန်းကြပါတယ်။ အလယ်အလတ် မှီခိုမှုရှိတဲ့ နိုင်ငံတွေမှာဆိုရင် လူ ၁၀ သန်းမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ သန်း ဆုံးရှုံးမှု ဖြစ်ပါမယ်။ အင်တာနက်အပေါ် မှီခိုမှုနည်းတဲ့ နိုင်ငံမှာဆိုရင်တော့ လူ ၁၀ သန်းမှာ တရက်ကို အမေရိကန်ဒေါ်လာ ခြောက်သိန်း ဆုံးရှုံးနိုင်တယ်လို့ တွက်ချက်ထားပါတယ် (Deloitte, 2016)။ အင်တာနက် ဖြတ်တောက်မှုကြောင့် စီးပွားရေး ထိခိုက်တာကို တွက်ချက်တဲ့ နည်းနာအားလုံးမှာ အခြေခံ အချက် အနေနဲ့ လေ့လာတဲ့ တိုင်းပြည်၊ ဒေသရဲ့ စီးပွားရေးက အင်တာနက်အပေါ် မှီခိုမှုများလေ၊ ဆုံးရှုံးရမှု ပိုများလေ ဆိုတာကို တွက်ချက်ပြတာမျိုးဖြစ်ပါတယ်။
နိုင်ငံတွေရဲ့ လက်ရှိ အင်တာနက် ဆက်သွယ်အသုံးပြုနေမှု အချက်အလက်ပေါ်မူတည်ပြီး အင်တာနက် အပေါ် မှီခိုမှုများတဲ့နိုင်ငံ၊ အလယ်အလတ်မှီခိုတဲ့ နိုင်ငံနဲ့ မှီခိုမှုနည်းတဲ့ နိုင်ငံဆိုပြီး နိုင်ငံအုပ်စုသုံးခု ခွဲထား ပါတယ်။ အုပ်စုခွဲရာမှာ အင်တာနက် အသုံးပြုနိုင်သူဦးရေ၊ အင်တာနက်မြန်နှုန်း၊ နိုင်ငံ့ဂျီဒီပီမှာ e-commerce ပါဝင်မှု အချိုးအစား ရာခိုင်နှုန်းတွေအပေါ် မူတည်ပြီး အဓိကထားပြီး ခွဲပါတယ်။ ခွဲပြီးတဲ့ အုပ်စုအလိုက် အင်တာနက်တရက် ဖြတ်တဲ့အခါ လူဦးရေ ၁၀ သန်းအတွက် ဆုံးရှုံးနိုင်မှုတွေကို တွက်ချက် ဖော်ပြကြတာဖြစ်ပါတယ်။ အင်တာနက် ဖြတ်တဲ့ရက်နဲ့ ဖြတ်ခံရတဲ့ဒေသမှာရှိတဲ့ လူဦးရေအပေါ် မူတည်ပြီး စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုတွေကို ဆက်တွက်လို့ ရပါတယ်။ ဒါ့အပြင် အများနားလည် လွယ်ကူတဲ့ တရက်နှုန်းကို ပျမ်းမျှတွက်ချက်တဲ့နည်းက ဒစ်ဂျစ်တယ် ဈေးကွက်တခုလုံးရဲ့ တနှစ်စာ အရောင်းအဝယ် ပမာဏကို ၃၆၅ ရက်နဲ့ စားပြီး တရက်တာအတွက် ဆုံးရှုံးနိုင်ခြေကို တွက်တာဖြစ်ပါတယ်။ နည်း အားလုံးမှာ ဒေသရဲ့စီးပွားရေးဟာ အင်တာနက်အပေါ် မှီခိုမှုများလေ ဆုံးရှုံးရမှုပိုများလေ ဖြစ်ပါတယ်။
∎ ဘာကြောင့် အလေးထားသင့်သလဲ
မျက်မှောက်ခေတ်မှာ နိုင်ငံ့အကျိုးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အုပ်စိုးသူတွေ လုပ်ဆောင်တဲ့ အင်တာနက် ဖြတ်တောက်မှု မူဝါဒတွေဟာ ကောင်းကျိုးထက် ဆိုးကျိုး ပိုများနေပြီး စီးပွားရေးအရ သိသိသာသာ ဆုံးရှုံးမှု တွေရှိလာတာကြောင့် သုတေသီတွေ အာရုံစိုက်လာကြတဲ့ အကြောင်းအရာတခု ဖြစ်လာပါတယ်။ အင်တာနက် ဖြတ်တောက်ခြင်းကြောင့်ဖြစ်တဲ့ စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုတွေ၊ အထူးသဖြင့် အွန်လိုင်း အရောင်းအဝယ်ကဏ္ဍ၊ ခရီးသွား လုပ်ငန်းများနဲ့ နည်းပညာ ဆိုင်ရာလုပ်ငန်းများဟာ ထိခိုက် ဆုံးရှုံးမှု အလွန်များတဲ့ ကဏ္ဍတွေဖြစ်ပါတယ် (Kathuria et al., 2018)။ နိုင်ငံတကာမှာ အင်တာနက် ဖြတ်တောက်ခံရခြင်းကြောင့် စီးပွားရေးဆုံးရှုံးမှုတွေကို လေ့လာထားတာကို ဇယား (၁) မှာ တွေ့မြင် နိုင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဖေဖော်ဝါရီ ၁ ရက် အာဏာ သိမ်းခံရပြီးနောက်ပိုင်း လက်ရှိ အချိန်အထိ အာဏာသိမ်း စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ခြင်းကို ပုံသဏ္ဍာန်မျိုးစုံနဲ့ ဆက်လက် လုပ်ဆောင် နေဆဲ ဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုအရှိန် လျော့ကျသွားလိမ့်မယ်လို့ စစ်ကောင်စီက မျှော်လင့်ခဲ့ပုံရပါတယ်။ ဒါပေမဲ့ အင်တာနက်ကို အသုံးပြုပြီး နေရာတခုတည်းမှာ စုစည်းခြင်းထက် ဒေသအနှံ့ ဖြန့်ခွဲထွက်ပြီး လုပ်ဆောင်တဲ့ လူထုလှုပ်ရှားမှုတွေ ပေါ်လာခဲ့ပါတယ် (အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၁၅ ကို ရှုပါ) လက်ငင်းရလဒ်မှာတော့ အင်တာနက်ဖြတ်တောက်ခြင်း ကြောင့် တိုင်းပြည်စီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှုသာ ဖြစ်ခဲ့ပြီး တိုင်းပြည်အတွက် ဘယ်လောက် ဆုံးရှုံးမှု ဖြစ်မလဲဆိုတာ နှိုင်းယှဉ် လေ့လာ နိုင် တဲ့အတွက် အလေးထားသင့်တဲ့ အကြောင်းအရာ တခု ဖြစ်ပါတယ်။
➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၁၅) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။
∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အင်တာနက် ဖြတ်တောက်မှုကို ပုံသဏ္ဍာန် မျိုးစုံနဲ့ လုပ်လာတာကြောင့် စီးပွားရေးအရ ဘယ်လောက်ထိ ထိခိုက် ဆုံးရှုံးမှုတွေ ရှိနေသလဲဆိုတာ လေ့လာသင့်တဲ့ အကြောင်းအရာ ဖြစ်လို့ ဆုံးရှုံးမှုအပေါ် သုတေသန ပြုလုပ်ခြင်းတွေဟာ မြန်မာနိုင်ငံနဲ့ ဆီလျော်ပါတယ်။ မြန်မာနိုင်ငံရဲ့ အင်တာနက် အခြေပြု စီးပွားရေးဟာ အခုမှ တိုးတက်ဖို့ အရှိန်ယူ ကာစ ဈေးကွက် တခု ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်နဲ့မြန်မာကုန်သွယ်ရေးဌာနက ရည်ညွှန်း ပြောဆိုတဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံမှာ အွန်လိုင်းကတဆင့် ဈေးဝယ်သူပေါင်း ၂၂၀,၀၀၀ ခန့် ရှိပါတယ်။ အွန်လိုင်း ကတဆင့် ငွေပေးချေမှု ပမာဏကလည်း နိုင်ငံ့ဂျီဒီပီရဲ့ ၀ ဒသမ ၀၇ ရာခိုင်နှုန်း (ပမာဏ အားဖြင့် အမေရိ ကန်ဒေါ်လာ ၅၃ သန်းခန့်) ရှိပါတယ်(Collier, 2020)။ ဒီကိန်းဂဏန်းဟာ ကိုဗစ် ကာလအတွင်း ပြည်သူတွေ ပိုအသုံးများတဲ့ ဆိုရှယ် မီဒီယာကတဆင့် ရောင်း ဝယ်ဖောက်ကားမှုတွေ ပါဝင်ခြင်း မရှိသေးတာကြောင့် အင်တာနက်အပေါ်မှီခိုနေရတဲ့ ဈေးကွက်ဟာ ဒီထက်အဆများစွာ ပိုကြီး နိုင်ပါတယ်။ Statista ဝက်ဆိုက်ရဲ့ ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ e-commerce ဈေးကွက် အပါအဝင် ဒစ်ဂျစ်တယ် ကုန်သွယ်မှု ဈေးကွက်ပမာဏဟာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၅၂ ဘီယံယံ အထိ ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
လက်ရှိ အင်တာနက် ဖြတ်တောက်မှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ ဘယ်လောက် ဆုံးရှုံးမှု ဖြစ်စေနိုင်သလဲဆိုတာကို Deloitte ရဲ့ တွက်ချက်နည်းနဲ့ ခန့်မှန်းနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ အင်တာနက် အသုံးနည်းသော နိုင်ငံအုပ်စုရဲ့ အချက်အလက်တွေနဲ့ နီးစပ်တာကို ဇယား (၂) မှာ အသေးစိတ် လေ့လာနိုင် ပါတယ်။ အင်တာနက် အသုံးနည်းတဲ့ နိုင်ငံမှာ ဖြစ်ပွားနိုင်တဲ့ ဆုံးရှုံးမှု တန်ဖိုးနဲ့ တွက်ချက်ရင် (လူ ၁၀ သန်း လျှင် တရက် ဆုံးရှုံးနှုန်း အမေရိကန်ဒေါ်လာ ခြောက်သိန်း ခန့်မှန်းတာဖြစ်ပြီး (မြန်မာ့လူဦးရေ ၅၄ သန်းခန့် နဲ့တွက်ချက်ရင်) တရက်ကို မြန်မာ့စီးပွားရေးဟာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၃ ဒသမ ၂၄ သန်းနှုန်းနဲ့ ဆုံးရှုံးနိုင်ပါတယ်။ Statista ဝက်ဘ်ဆိုက်ရဲ့ ၂၀၂၁ ခုနှစ် ခန့်မှန်းချက်ဖြစ်တဲ့ ဒစ်ဂျစ်တယ် ကုန်သွယ်မှု ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၂ ဘီလီယံ ကို ၃၆၅ ရက် နဲ့ စားရင် ပျမ်းမျှအားဖြင့် တရက်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၅၆ သန်း ဆုံးရှုံးနိုင်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒါတွေဟာ အင်တာနက်အပေါ် ပိုပြီး မှီခိုလာရတဲ့ ပညာရေးလုပ်ငန်းတွေနဲ့ အင်တာနက်ကြော်ငြာကြောင့် ရောင်းအား တက်လာတဲ့ (အင်တာနက်နဲ့ တိုက်ရိုက် မသက်ဆိုင်သော) အခြားလုပ်ငန်းတွေကို ထည့် မတွက်ရသေး ပါဘူး။ ဒါ့အပြင် တယ်လီကွန်း ကုမ္ပဏီတွေရဲ့ ဆုံးရှုံးမှုတွေလည်း မပါသေးပါဘူး။ သာဓက တခုကတော့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် ပထမသုံးလတာ ကာလအတွင်း ဆုံးရှုံးငွေ အမေရိကန်ဒေါ်လာ ၇၈၃ သန်း ရှိခဲ့ပါတယ်။ Netblocks ဝက်ဘ်ဆိုက်ရဲ့ တွက် ချက်မှုအရဆိုရင် မြန်မာနိုင်ငံမှာ အင်တာနက် တရက်လုံး ပြတ် တောက်မှု ဖြစ်ခဲ့မယ်ဆိုရင် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၁၉ သန်း ဆုံးရှုံးမှု ဖြစ်မယ်လို့ ခန့်မှန်းပါတယ်။ ဒီထဲကမှ ဆိုရှယ်မီဒီယာ တခုဖြစ်တဲ့ Facebook ကို ပိတ်ခဲ့မယ်ဆိုရင် တရက်ကို အမေရိကန်ဒေါ်လာ တသန်းကျော် ဆုံးရှုံးနိုင်ခြေ ရှိပြီး၊ Facebook အပြင် Youtube ကိုပါ ပိတ်ခဲ့မယ် ဆိုပါက တရက်ကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းကျော် ဆုံးရှုံးနစ်နာမယ်လို့ ခန့်မှန်းထားပါတယ်။
အချုပ်အားဖြင့် ဆိုရရင် အင်တာနက် ဖြတ်တောက်ခံရတဲ့ ရက်များလာလေ နိုင်ငံရဲ့ လက်ရှိ စီးပွားရေး အခြေအနေကို ထိခိုက်ဆုံးရှုံးမှုများလေ ဖြစ်စေပြီး နိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို ဦးဆောင်ပေးနိုင်မဲ့ (ဆယ်စုနှစ် တခုကျော်ကြာ အခက်အခဲ ပေါင်းစုံကြားက တည်ဆောက်ယူခဲ့ရတဲ့) အင်တာနက်နဲ့ အိုင်တီ စီးပွားရေး ဈေးကွက်ကို အညွန့်ချိုးလိုက်သလို ဖြစ်စေပါတယ်။ စီးပွားရေးရှုထောင့်က ကြည့်မယ်ဆိုရင် နိုင်ငံရဲ့ လက်ရှိ ချည့်နဲ့နေတဲ့ စီးပွားရေးနဲ့ ရေရှည်အကျိုးအတွက် အင်တာနက် ဖြတ်တောက်ခြင်း မူဝါဒဟာ နိုင်ငံအတွက်ရော၊ အများပြည်သူအတွက်ပါ ဆုံးရှုံးမှုကြီးပြီး အကျိုးဖြစ်ထွန်းမှု မရှိစေပါဘူး။


◉ What Matters
လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar က ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင်ဖြည့်စွက်သွားဖို့ ရည်ရွယ်ပါတယ်။
ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိကဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့ အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက်လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။
လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။
