အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁)
◉ မိတ်ဆက်
လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသနရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍသစ် တခုကို ISP-Myanmar က တင်ဆက်သွားပါမယ်။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန်တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေကို လူတိုင်း လက်လှမ်းမီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ဒီမိတ်ဆက်ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက်နှိုးဆွဖို့ စဉ်းစားဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒီလိုတင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိက ဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့ အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်က ဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာ ဖြစ်လို့ တင်ဆက်ချက်တိုင်းမှာ ဆက်လက်လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသနတွေ့ရှိ ချက်တွေကို ဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှုဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့ နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ်လေ့လာချက်တွေအရ တင်ပြမှာဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက်အဖွဲ့စည်း များက သုတေသနပြုထားတာတွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာတွေကို ဖော်ပြဖို့ အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း မတရားမှုကို လက်မခံလိုတဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော် ကန့်ကွက်မှုတွေတနိုင်ငံလုံး ပေါ်ပေါက်လာပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေကို စစ်အာဏာသိမ်းကောင်စီက အစောပိုင်းမှာ ခွင့်ပြုထားခဲ့သယောင် ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အကြမ်းဖက် အင်အားသုံး ဖြိုခွင်းတာတွေ ပြုလုပ်လာခဲ့ပါတယ်။ ဒီလို အင်အားသုံးအကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် မတ် ၄ ရက် အချိန်အထိ အနည်းဆုံး လူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ရသလို၊ လူ့အခွင့်ရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်မှုများစွာ ဖြစ်ခဲ့တာကိုလည်း သတင်းဌာနတွေနဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ကြတဲ့ရုပ်သံ မှတ်တမ်းတွေက သက်သေပြနေပါတယ်။ ဒါကြောင့် ပထမဆုံး အကြောင်းအချက်အဖြစ် “ဖိနှိပ်ဖြိုခွဲမှု၏ ကိုယ့်ရှူး ကိုယ်ပတ်တတ်သော သဘောတရား” ကို ဖော်ပြပါမယ်။
● ဖိနှိပ်ဖြိုခွဲမှု၏ ကိုယ့်ရှူး ကိုယ်ပတ်တတ်သော သဘောတရား
∎ ဆိုလိုရင်းအနှစ်ချုပ်
ဖိနှိပ်ဖြိုခွဲမှု ပြင်းထန်လာရင် လူထုအုံကြွမှုတွေ အရှိန်လျော့သွားလား၊ ဒါမှမဟုတ် လူထု လှုပ်ရှားမှုကို ပိုပြီး ရဲစိတ်၊ အောင်စိတ် အားကောင်းလာစေပြီး ဖိနှိပ်သူ အာဏာရှင်တွေရဲ့ အာဏာကိုင်စွဲ အုပ်ချုပ်ခွင့် နိဂုံးချုပ် သွားမလားဆိုတာ သုတေသီတွေအတွက် မေးခွန်းတရပ် ဖြစ်နေခဲ့တာ ကြာပါပြီ။ သမားရိုးကျ အမြင်မှာတော့ ဖိနှိပ် ဖြိုခွဲရင် ငြိမ်ဝပ်ကျသွားမယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့ သုတေသီ Brian Martin ကတော့ ဖိနှိပ် ဖြိုခွဲမှုတွေမှာ ကိုယ်ရှုးကိုယ်ပတ်တတ်တဲ့ သဘာ၀ (Backfire) ရှိတယ်လို့ ထောက်ပြပါတယ်။ ဖိနှိပ် ဖြိုခွဲ မှုကြောင့် ကိုယ့်ရှုး ကိုယ်ပတ်တာ ဖြစ်အောင် (ဒါမှမဟုတ်) မဖြစ်အောင်လုပ်တဲ့ လုပ်ငန်းစဉ်တွေကို လေ့လာသလို၊ ကိုယ့်ရှူးကိုယ်ပတ်တဲ့ ရလဒ်အကြောင်းလည်း လေ့လာပါတယ်။ ထင်ရှားတဲ့ သုတေသီ Erica Chenoweth က ဖိနှိပ်ဖြိုခွဲမှုကြောင့် ဖိနှိပ်သူတွေမှာ ကိုယ်ရှုးကိုယ်ပတ်ဖြစ်ရတဲ့ အကြောင်းကို ၁၉၄၆ ခုနှစ်ကနေ၂၀၀၆ခုနှစ် အတွင်းပေါ်ပေါက်ခဲ့တဲ့ အကြမ်းမဖက် လူထုလှုပ်ရှားမှု ပေါင်း ၁၀၀၊ အချိန်နဲ့ ပိုင်းဖြတ် လေ့လာတာမို့ လေ့လာချက်ဖြစ်ရပ်ပေါင်း ၃၄၂ ခုကို အရေအတွက် အခြေပြုသုတေသနနည်းနဲ့ လေ့လာခဲ့ပါတယ်။ ဒီလိုလေ့လာရာမှာ ဖိနှိပ် ဖြိုခွဲမှုကြောင့် ဖိနှိပ်သူတွေအတွက် ကိုယ့်ရှုးကိုယ်ပတ် ဖြစ်စေတဲ့ အကြောင်းတွေ အနက် သုံးချက်ဟာ အထောက်အထားတွေအရ အဆုံးအဖြတ် အပေးဆုံး ဖြစ်တယ်လို့တွေ့ရှိပါတယ်။ ဒါတွေကတော့ (၁) လူထုလှုပ်ရှားမှုရဲ့ အင်အားကြီးမားတဲ့ အရွယ်အစားပမာဏ (ဥပမာ ဆန္ဒပြသူ လူတသန်း အထက် ရှိတာ) နဲ့ တိုက်ပွဲပုံစံမျိုးစုံနဲ့ ခွဲလှုပ်ရှားနိုင်မှု၊ (၂) လုံခြုံရေးတပ်ဖွဲ့တွေပဲ ဖြစ်ဖြစ် ဖိနှိပ်သူ ခေါင်းဆောင်မှု ထဲမှာပဲ ဖြစ်ဖြစ် အရပ်သား အုပ်ချုပ်ရေးယန္တရားမှာပဲ ဖြစ်ဖြစ် လူထုလှုပ်ရှားမှုဘက်ကို ဘက်ပြောင်းလာမှုနဲ့ (၃) ဖိနှိပ်တဲ့ အစိုးရကို နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးနဲ့ စစ်ရေးတွေအရ ကျောထောက် နောက်ခံပေးထားတဲ့ အင်အားကြီးနိုင်ငံက ထောက်ခံတာ ရပ်ဆိုင်းပစ်မှု တွေပဲဖြစ်ပါတယ်။ ဒီအကြောင်းသုံးချက်ပေါင်းဆုံရင် လူထုလှုပ်ရှားမှု တွေရဲ့ အောင်မြင်နိုင်ခြေဟာ ၈၅ ရာခိုင်နှုန်း ရှိတယ်လို့ တွေ့ရပါတယ်။ အင်အားကြီးနိုင်ငံက ဖိနှိပ်တဲ့အစိုးရကို ဆက်ထောက်ခံနေစေကာ မူ၊ အုပ်စိုးသူတွေထဲက ဘက်ပြောင်းလာတာ မရှိစေကာမူ လူထုလှုပ်ရှားမှုက အင်အားကြီးနေတယ် ဆိုရင် အောင်မြင်နိုင်ခြေက ၂၀ရာခိုင်နှုန်းအထက် ရှိနေသေးတယ်လို့ ဆိုပါတယ် (ပုံကားချပ်ကို ကြည့်ပါရန်)။

∎ ဘာကြောင့်အလေးထားသင့်လဲ
အထက်ဖော်ပြပါ အကြောင်းချက် သုံးရပ်ပေါင်းစုံဖို့ ဘာတွေလုပ်ရင် ရတယ်ဆိုတာကို ဖြစ်ရပ်ပေါင်း များစွာကနေ စစ်ဆေးတွေ့ရှိထားတာဖြစ်လို့ ဒီကိုယ်ရှူးကိုယ်ပတ် သဘောတရားကို အလေးထားလေ့လာ သင့်တာပါ။ ဥပမာ နိုင်ငံတကာ ဖိအား၊ ပြစ်ဒဏ်ခတ်မှု ဆန်ရှင်တို့၊ အုပ်စိုးသူရဲ့ ဖိနှိပ်ကြမ်းကြုတ်မှုတို့ကြောင့် အုပ်စိုးသူတွေဘက်ကနေ လူထုဘက်ကို ဘက်ပြောင်းတာမျိုးဖြစ်တာ မတွေ့ရဘူး။ ဖိနှိပ် ဖြိုခွဲနေတဲ့အချိန်မှာ လူထု လှုပ်ရှားမှုက အားမလျော့သွားတာ၊ နည်းနာ ပိုကြွယ်လာ နေတာနဲ့ ဒီဖြစ်ရပ်တွေကို ပြည်တွင်းသတင်းတွေမှာ (ဥပမာ လူမှုသတင်း ကွန်ယက်တွေမှာ) လူတိုင်း မြင်နေသိနေရတာ၊ ဖုံးထားလို့မရဘူးဆိုတာ သိလာနေပြီ ဆိုရင် အုပ်စိုးသူတွေ ဘက်ပြောင်းတာ၊ လူထုဘက် ပူးပေါင်းလာတာ ဖြစ်တယ်ဆိုတဲ့ တွေ့ရှိချက်မျိုးဟာ အလေးထားသင့်ပါတယ်။ အလားတူပဲ ကြီးမားလှတဲ့ လူထုလှုပ်ရှားမှု အကြောင်းကို နိုင်ငံတကာ မီဒီယာတွေမှာ ဆက်တိုက် ဖော်ပြလာနေပြီဆိုရင် ဖိနှိပ်တဲ့အစိုးရကို အင်အားကြီး နိုင်ငံကြီးရဲ့ ကျောထောက် နောက်ခံပေးမှု ရပ်ဆိုင်းသွားတတ်ပါတယ်။ တခါ ကျောထောက်နောက်ခံ ပေးနေတဲ့နိုင်ငံကြီးဟာ လူထုလှုပ်ရှားမှုမှာ ခေါင်းဆောင် ခိုင်ခိုင်မာမာ မရှိဘူးဖြစ်နေတယ်လို့ ရှုမြင်တယ်ဆိုရင် ဘက်ပြောင်းထောက်ခံဖို့ တွန့်ဆုတ် နေတတ်တယ်လို့ ဆိုပါတယ်။ လှုပ်ရှားမှုဟာ အလိုအလျောက်သဘော ဗဟိုဟန်ချက် လုံး၀မရှိတဲ့ သဘောဆောင်နေရင် အခြေနေသစ်မှာ သူဘယ်အင်အားစုနဲ့ ညှိပြီး တွဲလုပ်ရမှာလည်းဆိုတာကို မရေရာတဲ့ အတွက် လူထု လှုပ်ရှားမှုဘက် ဘက်ပြောင်းထောက်ခံဖို့ ခက်သွားတတ်တယ်လို့ တွေ့ရှိချက်က ထောက်ပြပါတယ်။
∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား
ဒီသုတေသနဟာ လက်ရှိ မြန်မာ့အခြေနေနဲ့ အလွန် ဆီလျော်လှပါတယ်။ မြန်မာ့ ၂၀၂၁ လူထု အုံကြွမှုမှာ လူထုပါဝင်မှု အင်အားဟာ သန်းနဲ့ချီ ရှိသလို တိုက်ပွဲပုံစံမှာလည်း စုံလင်ပါတယ်။ ဥပမာ သံပုံးတီးတာ ကနေ လမ်းပေါ်ထွက်ဆန္ဒပြတာ အဆုံးပါပဲ။ ဒါပေမဲ့ နည်းနာတွေကို ဒီထက်ပို ဖြန့်ခွဲနိုင်မယ် ဆိုရင် ပိုထိ ရောက်ဖွယ် ရှိပါတယ်။ နိုင်ငံတကာ မီဒီယာနဲ့ အထူးသဖြင့် ပြည်တွင်း Facebook လူမှုကွန်ယက် ကနေ အချိန်နဲ့တပြေးတည်း ဖော်ထုတ်တင်ပြနေတာတွေကလည်း စစ်အာဏာသိမ်း အစိုးရကို ကျောထောက် နောက်ခံပြုနေတဲ့ တရုတ်လို အစိုးရမျိုးက စလို့ ပြည်တွင်းမှာ လူထုလှုပ်ရှားမှုဘက် ပူးပေါင်း ဖို့ တွန့်ဆုတ်နေသူအတွက် ကြီးစွာသော ဖိအား ဖြစ်စေပါတယ်။ မြန်မာ့လူထုလှုပ်ရှားမှုမှာ ဗဟိုချက်ကျတဲ့ နိုင်ငံရေး ဦးဆောင်မှု ရှိမရှိကို တရုတ်၊ အာဆီယံစတဲ့နိုင်ငံတွေက ဘယ်လို အကဲဖြတ်မလဲ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ အဲ့ဒီ နိုင်ငံတွေအကြား ချိတ်ဆက်မှုတွေက ဘယ်လိုဖြစ်နေသလဲ၊ ဘယ်လို ဖြစ်လာမလဲ ဆိုတာကလည်း အရေးပါပါတယ်။မြန်မာ့ လှုပ်ရှားမှုမှာ လုပ်နေတာတခုကတော့ Social punishment လို့ပြောနေကြတဲ့ စစ်အာဏာသိမ်း အစိုးရနဲ့ ပတ်သက်သူတွေ၊ CDM မှာ မပါဝင်သူတွေစသူတွေကို လူမှုရေးအရ ပြစ်ဒဏ် ခတ်သပိတ်မှောက် တာပါ။ ဒီလို ဆောင်ရွက်ချက်မျိုးတွေဟာ ယခင်ဖြစ်ရပ်တွေမှာ ရှိခဲ့သလား၊ ရှိခဲ့ရင်ရော ထိရောက်သလား၊ ဘေးထွက်ဆိုးကျိုးရော ရှိသလား စတဲ့ စစ်ဆေးချက်မျိုးကိုတော့ ဒီသုတေသနမှာ ကိန်းရှင်တခုအဖြစ် ထည့်သွင်း ဆွေးနွေးထားတာ မတွေ့ရပါဘူး။ ဒီအချက်ဟာလည်း နောင် သုတေသနတွေအတွက် အရေးပါတဲ့ ကိန်းရှင်တခု ဖြစ်နိုင်ပါတယ်။ Erica Chenoweth ရဲ့ သုတေသနရဲ့ အဓိက အကျဆုံး တွေ့ရှိချက်ကတော့ ဖိနှိပ်ဖြိုခွဲမှုကြောင့် ဖိနှိပ် အုပ်စိုးသူတွေကို ပြန်ပြီး ကိုယ်ရှုး ကိုယ်ပတ် ဖြစ်စေဖို့ အရေးအကြီးဆုံး လိုအပ်ချက်ဟာ လူထုလှုပ်ရှားမှုမှာ ပြည်သူ တွေက အရေအတွက်များများ အင်နဲ့အားနဲ့ ပါဝင်ရမယ်၊ နည်းနာကြွယ်ပြီး တိုက်ပွဲပုံစံ အမျိုးမျိုးနဲ့ ဖြန့်ခွဲ ကစားနိုင်ရမယ် ဆိုတာပဲ ဖြစ်ပါတယ်။
∎ Further Readings
Chenoweth, Erica. 2018. “Backfire in Action: Insights from Nonviolent Campaigns from 1946-2006,” in Lee Smithey and Lester Kurtz, eds. The Paradox of Repression and Nonviolent Social Movements. Syracuse University Press.
Martin, Brian. 2007. Justice Ignited: The Dynamics of Backfire. Lanham, MD: Rowman and Littlefield.
