အလေးထားရမည့် အကြောင်းအချက်များ (၆)
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု စတင်တဲ့နေ့ ကစပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်နဲ့ လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေရဲ့ ရပ်တည်မှုဟာ ဥပဒေကြောင်း အရကို ဖိနှိပ် ခြိမ်းခြောက်ခံရမှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှုကို တရားဝင်မှု (Legitimacy) ဖြစ်စေအောင် ဖိနှိပ်မှုတွေကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက်ဆိုသလို ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းတဲ့ နေ့ကစပြီး ပုဂ္ဂလိက သတင်း ရုပ်သံလိုင်းနှစ်ခုရဲ့ ထုတ်လွှင့်မှုတွေကို ဖြတ်တောက်ပစ်တာ၊ နောက်ပိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော်မှုတွေကို သတင်းယူနေကြတဲ့ သတင်း သမားတွေနဲ့ တရားမဲ့ ပြုကျင့်နေမှုတွေအပေါ် ဖော်ထုတ်နေတဲ့ သတင်းသမားတွေကို ဖမ်းဆီးတာ အပြင်၊ နောက်ဆုံး ပုဂ္ဂလိက ရုပ်သံလိုင်း နှစ်ခု၊ သတင်းဌာနတခုနဲ့ ဒီဂျစ်တယ်သတင်းဌာန နှစ်ခုကို လုပ်ငန်း ပိတ်ပင်တာတွေ လုပ်လာခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပြည်သူလူထုရဲ့ အင်တာနက် အသုံးပြုပိုင် ခွင့်ကိုလည်း အချိန်ပိုင်း ဖြတ်တောက်ပြီး ကန့်သတ် ထိန်းချုပ်တာတွေ လုပ်ခဲ့ပါတယ်။ ဒီအချက်တွေကို အခြေပြုပြီး “မီဒီယာကို ကန့်သတ်ဖိနှိပ်တိုင်း မှန်းချက်ပေါက် အောင်မြင်တာ မဟုတ်ဘူး” ဆိုတဲ့ အယူအဆကို အလေးထားရမယ့် အကြောင်းအချက်တခုဖြစ် ဖော်ပြပါတယ်။
∎ ဆိုလိုရင်းအနှစ်ချုပ်
စစ်အာဏာ သိမ်းချိန်မှာ မီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်တာတွေ၊ ထိန်းချုပ်တာတွေ လုပ်ကြတဲ့အခါ နိုင်ငံတခုနဲ့ တခု၊ အာဏာရှင်တဦးနဲ့ တဦး လုပ်ဆောင်ကြပုံချင်း မတူကြပါဘူး။ အခြားတဖက်မှာလည်း မီဒီယာ တွေအပေါ် အာဏာရှင်တွေရဲ့ ကန့်သတ်မှု လုပ်ငန်းစဉ်တွေဟာ အမြဲတစေ အောင်မြင်မှုရလိမ့်မယ်လို့ မပြောနိုင်တဲ့ အကြောင်းအရာတွေ ရှိပါတယ်။ ဒါကြောင့် သုတေသီ Adam Bourgault က သတင်း မီဒီယာတွေအပေါ် အာဏာရှင်တွေက ကန့်သတ်၊ ချုပ်ခြယ်မှုတွေ လုပ်တဲ့အခါ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို လွှမ်းမိုးနေတဲ့ အချက်လေးချက် ရှိတယ်လို့ ထောက်ပြထားပါတယ်။ အဲ့ဒီအချက်တွေက (၁) အာဏာသိမ်း အစိုးရရဲ့ အာဏာ ဗဟိုချက်ကို ချုပ်ကိုင်ထားနိုင်မှု စွမ်းရည်နဲ့ အဲ့ဒီအာဏာကို ဖြန့်ကျက်ဖို့အတွက် ဖိနှိပ်ရေး ယန္တရား ပြည့်စုံလုံ လောက်မှု၊ (၂) လူ့အဖွဲ့အစည်းက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အယူ အဆနဲ့ပတ်သက်ပြီး ထားရှိ ခံယူတဲ့ ယဉ်ကျေးမှုနဲ့ ထုံးတမ်းဆိုင်ရာ စံနှုန်းတွေ၊ (၃) သတင်းအချက်အလက်နဲ့ နည်းပညာတွေအပေါ်နိုင်ငံသားတွေရဲ့ လက်လှမ်းမှီမှုနဲ့ (၄) အာဏာသိမ်း ခံရတဲ့ နိုင်ငံမှာရှိတဲ့ သတင်းထောက်တွေ၊ မီဒီယာတွေရဲ့ ပရော်ဖက်ရှင်နယ် ပီသမှု စတဲ့ အချက် လေးချက်ပဲ ဖြစ်ပါတယ်။
∎ ဘာကြောင့် အလေးထားသင့်သလဲ
စစ်အာဏာရှင်တွေဟာ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်နဲ့ လွတ်လပ်တဲ့ သတင်း မီဒီ ယာတွေရဲ့ အခန်းကဏ္ဍကို ကန့်သတ်ဖို့ ဆောင်ရွက်ရာမှာ နိုင်ငံပိုင် ရုပ်သံဌာနတွေ၊ သတင်းစာတွေကို စစ်အာဏာသိမ်း အစိုးရရဲ့ ယန္တရားအဖြစ် ပထမဆုံး သိမ်းသွင်းပြီး ပြည်သူလူထုတွေရဲ့ အသံကို ထင်ဟပ်စေနိုင်တဲ့ ပုဂ္ဂလိက သတင်းစာတွေ၊ ရုပ်သံဌာနတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေကို ဦးတည်ပြီး ဖိနှိပ်မှုတွေ လုပ်ကြပါတယ်။ ဒီလိုလုပ်ရာမှာလည်း တရားဝင်မှု (Legitimacy) နဲ့ တရားဥပဒေအရ (Rule by Laws) ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ လုပ်နိုင်အောင် ဥပဒေအရ အထောက်အပံ့ ဖြစ်စေတဲ့ ဖိနှိပ်ရေးယန္တရားတွေ၊ လုပ်ထုံးလုပ်နည်း တွေကို အာဏာရှင်တွေက တည်ဆောက်လေ့ ရှိကြပါတယ်။
ဥပဒေကြောင်း အရရော၊ လုပ်ပိုင်ခွင့် မူဘောင်အတွင်းကပါ ဖိနှိပ်ရေး ယန္တရားတွေတည်ဆောက်ပြီး လွတ်လပ်တဲ့ သတင်း မီဒီယာတွေကို ဖိနှိပ်ကန့်သတ်မှုတွေ အောင်မြင်နိုင်မှု ရှိ၊ မရှိဆိုတာကို ချိန်ဆနိုင်တဲ့ ပထမဦးဆုံး အချက်ကတော့ အာဏာသိမ်း စစ်တပ်ရဲ့ အာဏာ ဗဟိုချက်ကို ချုပ်ကိုင်ထားနိုင်မှု စွမ်းရည် ဖြစ်ပြီး အဲ့ဒီ အာဏာကို ဖြန့်ကျက်ဖို့ အတွက် ယန္တရားပြည့်စုံ လုံလောက်မှု ရှိမှပဲ ရပါမယ်။ အာဏာသိမ်းသူရဲ့ အာဏာ ယန္တရား အသက်ဝင်ဖို့ အတွက် လှုပ်ရှားနေရတဲ့ အုပ်ချုပ်ရေး ယန္တရားအတွင်းက ဗျူရိုကရက်တစ် လုပ်ငန်းစဉ်တွေ ပုံမှန် လည်ပတ်ပြီး အလုပ် မလုပ်နိုင်ရင် အာဏာသိမ်းသူတွေအနေနဲ့ မီဒီယာတွေအပေါ် ဖိနှိပ်မှုက အောင်မြင်ဖို့ ခက်ပါလိမ့်မယ်။
ဒုတိယအချက်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပေါ် ထားရှိတဲ့ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့ ထုံးတမ်းဆိုင်ရာ စံနှုန်းတွေ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းဝင်တွေက သူတို့ရဲ့ ပြောဆိုမှု၊ ရေးသားမှုတွေကို ကိုယ်တိုင် ထိန်းချုပ်(Self-Censorship) ပြီး ခပ်မဆိတ် နေတာ၊ မဝံ့မရဲသာ တင်ပြနေတာမျိုး မဟုတ်ဘဲ အကြောက်တရား ကင်းကင်းနဲ့ မတရားတာကို အန်တု ရင်ဆိုင်ရဲတဲ့ ယဉ်ကျေးမှု ထုံးတမ်းဆိုင်ရာ စံနှုန်းတွေ ရှိမယ်ဆိုရင် မီဒီယာတွေကို ကန့်သတ်ဖို့ ခက်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူတိုင်းက မီဒီယာ ဖြစ်သွား နိုင်လို့ပါပဲ။
တတိယအချက်ကတော့ အခုလို ၂၁ ရာစုမှာ စစ်အာဏာသိမ်းတဲ့ နိုင်ငံတွေအတွက် အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ ပြည်သူတွေက သတင်း၊ အချက်အလက်တွေကို လက်လှမ်းမီနေပြီး နည်းပညာတွေနဲ့ ရင်းနှီး ကျွမ်းဝင်မှု များနေခြင်းဟာ သတင်း၊ မီဒီယာတွေအပေါ် ကန့်သတ်မှုလုပ်ဖို့ အာဏာသိမ်းသူအတွက် ပိုခက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အာဏာသိမ်းသူတွေဟာ အင်တာနက် အသုံးပြုမှုနဲ့ လူမှုကွန်ရက် အပါအဝင် လူ့အဖွဲ့အစည်းအကြား ဆက်သွယ်နိုင်တဲ့ တခြားသော အရာတွေကို နည်းလမ်း အမျိုးမျိုးနဲ့ ထိန်းချုပ်ကြတာ ဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ အာဏာသိမ်းခံရတဲ့ နိုင်ငံထဲမှာ ပရော်ဖက်ရှင်နယ် ဖြစ်တဲ့ သတင်းစာ ဆရာတွေ၊ မီဒီယာတွေ အားကောင်းရင် အာဏာသိမ်းသူတွေရဲ့ လုပ်ရပ်တွေ အောင်မြင်နိုင်ဖို့ ခက်ခဲမှာပါ။ ဒီအတွက်ကြောင့် အာဏာရှင်တွေဟာ ပရော်ဖက်ရှင်နယ် ပီသတဲ့ သတင်းစာဆရာတွေ၊ မီဒီယာတွေကို ဦးတည်ပြီး ဖမ်းဆီးတာ၊ ထောင်ချတာ၊ ရပ်တည်ပိုင်ခွင့် ဆုံးရှုံးအောင် ပြုလုပ်ကြတာ စတဲ့ အကြမ်းဖက်မှု နည်းလမ်းတွေနဲ့ ကိုင်တွယ်ဖို့ ကြိုးစား လေ့ရှိပါတယ်။
∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား
လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေနဲ့ သတင်းစာဆရာတွေ အပေါ် အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ၁၉၆၂ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ရင်ဆိုင်ခဲ့ရပြီး အခုချိန်မှာလည်း ရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက် ဖော်ပြပါ အချက်လေးခုဟာ မြန်မာနိုင်ငံနဲ့ ဆီလျော်မှုရှိပါတယ်။ ဒါပေမဲ့ ဖော်ပြထားတဲ့ အချက်လေးချက်ကပဲ တရားသေ သဘောနဲ့ လွှမ်းမိုးနေတယ် ဆိုတာမျိုးတော့ လှေနံဓါးထစ် ပြောဖို့ ခက်ပါတယ်။
စစ်ကောင်စီက အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာပဲ နိုင်ငံပိုင်သတင်းဌာနကို ထိန်းချုပ်ခဲ့ပြီး သတင်းဦးစားပေး ဖော်ပြနေတဲ့ အခြားပုဂ္ဂလိက ရုပ်သံလိုင်းနှစ်ခုရဲ့ ထုတ်လွှင့်မှုတွေကို အကြောင်းတစုံတရာ မပြောဘဲ ဖြတ်တောက်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Facebook ကို ပိတ်ပင်တာ၊ အင်တာနက် အသုံးပြုခွင့်ကို အချိန်ပိုင်းဖြတ်တောက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ အာဏာသိမ်းပြီး ရက်ပေါင်း ၃၇ ရက် အကြာမှာ အာဏာသိမ်းခဲ့စဉ်က အကြောင်းတစုံတရာ မပေးဘဲ ဖြတ်တောက်ခဲ့တဲ့ ပုဂ္ဂလိက ရုပ်သံလိုင်း နှစ်ခု အပြင် ပုဂ္ဂလိက သတင်းဌာန တခုနဲ့ ဒီဂျစ်တယ် သတင်းဌာန နှစ်ခုကို လုပ်ငန်းပိတ်ပင်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုဖိနှိပ်မှုတွေကို အင်အားရှိတိုင်း လုပ်ခဲ့ပေမဲ့ သူတို့လိုချင်တဲ့ ရလဒ် မထွက်ဘူးဆိုတာ မြင်နိုင်ပါတယ်။ Facebook လူမှုကွန်ရက် အသုံးပြုခွင့်ကို ပိတ်ပင် လိုက်ပေမဲ့ ပြည်သူအများစုဟာ ခေတ်သစ် နည်းပညာကို အသုံးပြုပြီး ချိတ်ဆက်ကြတာကြောင့် အဲဒီ ပိတ်ပင်မှုက မအောင်မြင်ခဲ့ပါဘူး။ ဒါ့အပြင် လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်း မီဒီယာတွေတင် မကဘဲ ပြည်သူ တဦးချင်းစီကပါ သူတို့ ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ ကိစ္စရပ်တွေကို ဆိုရှယ်မီဒီယာမှာ နည်းလမ်းပေါင်းစုံသုံးပြီး အချိန်နဲ့တပြေးညီ ဖော်ပြခဲ့တာကြောင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်း အမှောင်ချမှုတွေဟာ ယခင် စစ်အစိုးရခေတ်တွေကလို ထိရောက်ခဲ့ကြခြင်း မရှိတော့ပါဘူး။ တချိန်တည်းမှာလည်း လူတဦးချင်းစီရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့်ကို ထိန်းချုပ်ဖို့ ပြစ်ဒဏ် ကြီးမားတဲ့ ဥပဒေ ပုဒ်မတွေနဲ့ ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာတွေ လုပ်ခဲ့ပေမဲ့ သတင်း စီးဆင်းမှုတွေက ပြတ်တောက်သွားခြင်း မရှိသလို သတင်းအချက်အလက် ဖြန့်ဝေတာ၊ အချင်းချင်း ဆက်သွယ် ပြောဆိုကြတာတွေကို အပြည့်အ၀ ထိန်းချုပ်နိုင်မှု မရှိခဲ့ပါဘူး။ ဒါဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တစိတ်တပိုင်း လွတ်လပ်ခွင့်ရခဲ့ချိန်က နည်းပညာကို အသုံးပြုပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုကို လက်ခံ ကျင့်သုံးလာတဲ့ အလေ့အကျင့်ကြောင့် ရလာတဲ့အကျိုးကျေးဇူး ဖြစ်ပါတယ်။
၂၀ ရာစု စစ်အာဏာသိမ်းမှုတွေမှာ အာဏာရှင်တွေ သမားရိုးကျ အသုံးပြုနေကျ နည်းနာတွေ ဖြစ်တဲ့ ရုပ်သံဌာနတွေကို ပိတ်ပင်တာ၊ သတင်းဌာနနဲ့ သတင်းသမားတွေကို အင်အားသုံး ဖမ်းဆီးတာတွေဟာ ၂၁ ရာစု မြန်မာ့နိုင်ငံရဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် မှန်းချက်ပေါက် အောင်မြင်စေမှာ မဟုတ်ဘူးလို့ ယူဆရပါတယ်။ ဖိနှိပ်မှုတွေ ကြားထဲမှာပဲ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် စံနှုန်းတွေ၊ လူထုရဲ့ သတင်း၊ အချက်အလက်နဲ့ နည်းပညာတွေအပေါ် လက်လှမ်းမီမှုနဲ့ ပရော် ဖက်ရှင်နယ် ပီသတဲ့ သတင်းထောက်တွေ၊ မီဒီယာတွေရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုတွေကြောင့် သတင်း မီဒီယာဟာ ဆက်လက် ရှင်သန်နိုင်ပြီး လူထုလှုပ်ရှားမှုကို ဆက်လက် ကောင်းကျိုးပြုနိုင်ပါလိမ့်မယ်။



∎ Further Readings
Bourgault, A. 2015. Freedom of the press under authoritarian regimes. Susquehanna University Political Review, 6 (1), 3.
◉ What Matters
လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar က တင်ဆက် နေတာ ဖြစ်ပါတယ်။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင်ဖြည့်စွက်သွားဖို့ ရည်ရွယ်ပါတယ်။
ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိကဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့ အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက်လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။
လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။
