What Matters

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် (OMICRON) နှင့် မြန်မာနိုင်ငံအတွက် သတိပြုစရာ

ပြည်ပပြန်တွေထဲက ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကူးစက်ခံရသူ လေးဦးကို မြန်မာနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ကူးစက်ခံရသူတွေကို စောင့်ကြည့်ကာလအပြီးမှာ ကျန်းမာရေး ကောင်းမွန်တာကြောင့် ပြန်ဆင်းခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၂၈ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အိုမီခရွန်ကို ပြည်တွင်း ကူးစက်မှုအဖြစ် မတွေ့ရသေးပေမဲ့ နိုင်ငံပေါင်း ၁၂၂ နိုင်ငံထက်မနည်းမှာ ကူးစက်နေသလို ပြည်တွင်းမှာ လျင်မြန်စွာ ကူးစက်ပြန့်နှံ့နိုင်တာကြောင့် စိုးရိမ်စရာဖြစ်ပါတယ်။
By ISP Admin | December 31, 2021

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၇၅)

ပြည်ပပြန်တွေထဲက ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကူးစက်ခံရသူ လေးဦးကို မြန်မာနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ကူးစက်ခံရသူတွေကို စောင့်ကြည့်ကာလအပြီးမှာ ကျန်းမာရေး ကောင်းမွန်တာကြောင့် ပြန်ဆင်းခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၂၈ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အိုမီခရွန်ကို ပြည်တွင်း ကူးစက်မှုအဖြစ် မတွေ့ရသေးပေမဲ့ နိုင်ငံပေါင်း ၁၂၂ နိုင်ငံထက်မနည်းမှာ ကူးစက်နေသလို ပြည်တွင်းမှာ လျင်မြန်စွာ ကူးစက်ပြန့်နှံ့နိုင်တာကြောင့် စိုးရိမ်စရာဖြစ်ပါတယ်။

Download as PDF

ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယ စတဲ့ ဒေသတွင်းနိုင်ငံတွေမှာလည်း အိုမီခရွန်ကူးစက်မှုဟာ ပြီးခဲ့တဲ့ တလအတွင်း ၁၅ ဆကျော်ကနေ ၂၀၃ ဆကျော်အထိ အလျင်အမြန် မြင့်တက်နေပါတယ်။ ပတ်ဝန်းကျင်နိုင်ငံတွေမှာ အိုမီခရွန်အန္တရာယ် ကြီးမားလာတာနဲ့အမျှ မြန်မာနိုင်ငံအနေနဲ့လည်း သတိမလျော့သင့်ပါဘူး။အထူးသဖြင့် စစ်အာဏာသိမ်းခံရတဲ့နောက်ပိုင်း ကိုဗစ်တတိယလှိုင်းဒဏ်ကို အပြင်းအထန် ရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံအဖို့ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်နဲ့အတူ ဖြစ်လာမယ့် လှိုင်းကိုပါ ရင်ဆိုင်ရဦးမယ်ဆိုရင်ကြီးမားတဲ့ အခက်တွေ့မှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ (အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၆၃ ကို ရှုပါ)

တခါ ကိုဗစ် ကာကွယ်ဆေးကို အားဖြည့် (Booster) ထိုးနှံထားမယ်ဆိုရင် အိုမီခရွန်ကို ပိုမိုကာကွယ်နိုင်မယ်ဆိုတဲ့ အဆိုပြုချက်တွေရှိနေတာကြောင့် ကာကွယ်ဆေးထိုးနှံနိုင်မှု အခြေအနေက အဓိကအချက်တခု ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးသူဟာ နိုင်ငံ လူဦးရေရဲ့ ၂၇ ရာခိုင်နှုန်းပဲ ရှိပြီး အာဆီယံမှာ အနိမ့်ဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်းမှာ အိုမီခရွန် ကူးစက်မှု မြင့်မားလာမယ်ဆိုရင် ကိုဗစ်တတိယလှိုင်းမှာ ရင်ဆိုင်ခဲ့တဲ့ အခြေအနေတွေထက် ပိုပြီးပြင်းထန်နိုင်တဲ့ အနေအထားကို ရင်ဆိုင်ရနိုင်ခြေ ရှိပါတယ်။

➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၆၃) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://ispmyanmar.com/burmese/2021/12/01/wm-63/

∎ အိုမီခရွန် (Omicron) ဟာ ကူးစက်မှု သုံးဆမြန်တယ်

တောင်အာဖရိကနိုင်ငံရဲ့ ကနဦးလေ့လာတွေ့ရှိချက်တွေအရ ဘီတာ၊ ဒယ်လ်တာ မျိုးကွဲတွေထက်စာရင် ကူးစက်မှု သုံးဆ ပိုများတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၂၉ ရက် မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) က ကမ္ဘာတလွှားမှာ အိုမီခရွန်မျိုးကွဲကြောင့် ကိုဗစ်ကူးစက်မှုအန္တရာယ် အထူးမြင့်မားနေတယ်လို့ သတိပေးခဲ့ပါတယ်။ အိုမီခရွန်မျိုးကွဲကို စောင့်ကြည့်လေ့လာနေတဲ့ Omicron Tracker ရဲ့ ဒီဇင်ဘာ ၃၀ ရက်မှာ ဖော်ပြချက်အရ နိုင်ငံ/ ဒေသပေါင်း ၁၂၂ ခုမှာ ပြန့်နှံ့နေပြီး ကူးစက်ခံရသူပေါင်း ၃၃၀,၀၀၀ ကျော်နဲ့ သေဆုံးရသူ ၅၉ ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်အတွင်း ကမ္ဘာတလွှားမှာ ကူးစက်မှု ၁၁ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။

∎ အိုမီခရွန် (Omicron) ဟာ ပြင်းထန်ရောဂါ ဖြစ်စေနိုင်သလား

WHO က ပညာရှင်တွေရဲ့ ကနဦးတွေ့ရှိချက်တွေအရ အခြားမျိုးကွဲတွေနဲ့ယှဥ်ရင် ထူးပြီးဆိုးရွားတဲ့ ရောဂါလက္ခဏာတွေကို မတွေ့ရဘူးလို့ ဆိုပါတယ်။ အိုမီခရွန်မျိုးကွဲဟာ ဒယ်လ်တာမျိုးကွဲနဲ့ ယှဉ်ရင် ဆေးရုံတင် ကုသရမှု နည်းတယ်လို့ တွေ့ရှိထားပါတယ်။ ဒါပေမယ့် ရောဂါကူးစက်မှု အဆတိုးမြင့်မားမယ် ဆိုရင်တော့ ကူးစက်ခံရသူပိုများလာပြီး ပြင်းထန်တဲ့ ရောဂါရှင်တွေလည်း ပိုမိုများပြားလာနိုင်တယ်လို့ ဥရောပ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာ (ECDC) ကသတိပေးထားပါတယ်။

အိုမီခရွန်မျိုးကွဲရဲ့ ရောဂါလက္ခဏာတွေက ဒယ်လ်တာမျိုးကွဲတွေနဲ့ ဆင်တယ်လို့ New York Times သတင်းစာ ဆောင်းပါးကဖော်ပြပါတယ်။ ကာကွယ်ဆေးထိုးထားတဲ့ တုံ့ပြန်မှုအပေါ် မူတည်ပြီးကွာခြားမှုရှိနိုင်ပါတယ်။ သိသာတဲ့အချက်ကတော့ အနံ့ပျောက်တာ၊ အရသာပျောက်တာ နည်းတယ်။ “ဆိုးရွားတဲ့တုပ်ကွေး” နဲ့ လက္ခဏာပိုတူတယ်။ ခေါင်းကိုက်တယ်၊ ကိုယ်လက်ကိုက်ခဲတယ်၊ အဖျားတက်တယ်၊ အချို့မှာ အသက်ရှူရ ခက်ခဲတယ်၊ ချောင်းဆိုးတယ်၊ တုပ်ကွေးလို လက္ခဏာတွေ ပြတယ်လို့ ဖော်ပြထားပါတယ်။

∎ ကာကွယ်ဆေးတွေ အလုပ်ဖြစ်ဦးမှာလား

ECDC ရဲ့ တွေ့ရှိချက်အရ ဆိုရင် ကာကွယ်ဆေးတွေရဲ့ ထိရောက်မှု သိသိသာသာ နည်းပါးတယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးတတိယအလုံး ထိုးပြီးမှသာ သိသိသာသာ ကာကွယ်နိုင်မယ်လို့ Pfizer နဲ့ BioNtech တို့ ကြေညာထားပါတယ်။ Reuters သတင်းဌာနကတော့ Sinopharm ကာကွယ်ဆေးကို Booster အဖြစ်ထပ်ထိုးရင်လည်း ခုခံနိုင်မှု အားနည်းတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် Sinovac ကို Booster အဖြစ်ထိုးရင်လည်း သိပ်မထိရောက်ဘူးလို့ ဆိုပါတယ်။ Covishield နဲ့ Covaxin ဆေးတွေက ကာကွယ်နိုင်ကောင်းပါရဲ့ ဆိုကြပေမယ့် သေသေချာချာ အတည်ပြုနိုင်ဖို့ အထောက်အထားတွေ လိုအပ်ပါဦးမယ်။ အကောင်းဆုံးကတော့ကိုယ့်ကိုကိုယ် ကာကွယ်၊ လက်ဆေး၊ နှာခေါင်းစည်း သေချာ ဝတ်ဆင်ကြဖို့ပါပဲ။

∎ ဘာကြောင့်အလေးထားသင့်လဲ

မြန်မာနိုင်ငံမှာ ၁၈ နှစ်အထက်လူဦးရေရဲ့ ၄၄ ရာခိုင်နှုန်းသာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံ ထားပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားကလည်း အပြည့်အ၀ ပြန်လည်လည်ပတ်နိုင်စွမ်း မရှိသေးပါဘူး။ ဒါကြောင့် အိုမီခရွန်ဟာ ပြည်သူတွေကြားမှာ ထင်မှတ်မထားတဲ့နှုန်းနဲ့ ပြန့်နှံ့မှုတွေမရှိစေဖို့ ကိုဗစ်ကူးစက်မှုအခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး တဦးချင်းကစလို့ ထိရောက်တဲ့ ကာကွယ်တားဆီးမှု လုပ်နိုင်ရေးက လက်ရှိမြန်မာနိုင်ငံအတွက် အလေးအထားသင့်တဲ့အကြောင်းအချက်တခု ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းအချက်အလက်တွေ၊ ထုတ်ပြန်ကြေညာချက်တွေ နဲ့ ဒေသအလိုက်ကူးစက်ပြန့်နှံ့မှုတွေကို ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) က ဝက်ဘ်ဆိုက်နဲ့ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနတွေရဲ့ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်လေ့လာနိုင်ပါ တယ်။ ကပ်ရောဂါကူးစက်မှုနဲ့ ကာကွယ်ဆေးထိုးနှံမှု ဆိုင်ရာ အချက်အလက်တွေကို ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ Coronavirus Resource Center ဝက်ဘ်ဆိုက်၊ Our World in Data ဝက်ဘ်ဆိုက်တွေအပြင် ရိုက်တာသတင်းဌာနကဖော်ပြထားတဲ့ Covid-19 Tracker မှာလည်း ကြည့်နိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *