What Matters

နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ၆,၀၀၀ ကျော်တိုးလာ

By ISP Admin | December 19, 2021

∎ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ (၂၀၂၁)

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၈)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အခု အချိန်အထိလည်း ပုံသဏ္ဌာန် မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ(EAOs) အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်းEAOs တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ EAOs အချို့ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ (PDF/LDF/CDF/KNDF စသည်ဖြင့်) နဲ့ စစ်ကောင်စီတို့ အကြားအပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြင့် လာပါတယ်။ တိုက်ပွဲနဲ့ ပဋိပက္ခ အရှိန်မြင့်လာခြင်းနဲ့အတူ နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ရသူတွေလည်း ပိုများလာသလို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း အရေးပေါ်လိုအပ်နေပါတယ်။

Download as PDF

● နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ၆,၀၀၀ ကျော်တိုးလာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁၆ ရက်အထိ နေရာအနှံ့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၃၉၀,၉၂၇ ဦးကျော် ရှိလာပါတယ်။ စစ်အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည် ၄၉၇,၂၀၀ ဦးကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၈၈၈,၁၂၇ ဦးကျော် ရှိလာပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၉၇၂,၀၀ ဦးကျော် ရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း EAOs တွေ၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသတွေမှာ စစ်ဘေးဒုက္ခသည်အရေအတွက် ပိုတိုးနေပါတယ်။ ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည် အများဆုံး ရှိနေပြီး စုစုပေါင်း၁၁၀,၂၀၀ ဦးကျော် ရှိပါတယ်။ စစ်ကိုင်းတိုင်းမှာ ၉၇,၂၅၀ ဦး ကျော်ရှိပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။ ဒီဇင်ဘာပထမပတ်နဲ့ဒုတိယပတ်အတွင်းမှာတော့ နေရပ်စွန့်ခွာ စစ်ဘေးဒုက္ခသည် ၆,၂၀၀ ကျော်အထိ ထပ်မံ တိုးလာခဲ့ပါတယ်။

● ဒီဇင်ဘာလ အခြေအနေ

၂၀၂၁ ခုနှစ် ဒီဇင်ဘာပထမပတ်အတွင်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇင်ကလဲကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲလာမှုကြောင့် အနီးအနားရှိ ကျေးရွာလေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့အကြား လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ရှိနေပြီး စစ်ရေးတင်းမာမှုတွေကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့က ဒေသခံ ၁,၀၀၀ ကျော်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်က ဒေသခံ ၂၀၀ ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက်မှာတော့ ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့အတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်လာရာမှ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်မှစကာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၄,၀၀၀ ကျော်ထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အဲ့ဒီ ၄,၀၀၀ ကျော်အနက်၂,၅၀၀ ကျော်ဟာ မြန်မာ-ထိုင်းနယ်စပ် ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရ ပြီး ကျန် ၁,၀၀၀ ကျော်ကတော့ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းဘက်ခြမ်းကို မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့ရတယ်လို့ သိရပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ် သုတေသနပြုဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *