What Matters

သေဒဏ်ချမှတ်ခံထားရသူများ

By ISP Admin | December 2, 2021

အလေးထားရမည့် အကြောင်းအချက်များ (အမှတ် – ၆၄)

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဒီဇင်ဘာ ၁ ရက်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု တွေမှာ နည်းလမ်းပေါင်းစုံနဲ့ပါဝင်ခဲ့တဲ့အတွက် ထောင်ဒဏ်ချမှတ် ခံရသူ ၃၄၃ ဦးရှိခဲ့ပြီး၊ သေဒဏ်ချ မှတ်ခံရသူ ၈၆ ဦးအထိ ရှိလာပါတယ်။ သေဒဏ် ချမှတ်ခံထားရသူတွေထဲမှာ ၄၇ ဦးက လက်ရှိ ဖမ်းဆီးချုပ်နှောင် ခံထားရသူတွေဖြစ်ပြီး၊ ၃၉ ဦးကိုတော့မျက်ကွယ်သေဒဏ်ချမှတ်ထားပါတယ်။ သေဒဏ်ချမှတ်မှု အားလုံးကို စစ်ခုံရုံးတွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သေဒဏ်ချမှတ် ခံထားရသူတွေထဲက ၃၅ ဦးဟာ မြောက်ဥက္ကလာပ မြို့နယ်မှာ ဖြစ်ပြီး၊ ၂၄ ဦးဟာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က ဖြစ်ပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ၁၅ ဦး၊ လှိုင်သာယာ မြို့နယ်မှာ ခုနစ်ဦးနဲ့ ရွှေပြည်သာ မြို့နယ်မှာ ငါးဦးရှိပါတယ်။ ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေး အမိန့်ကြေညာထားတဲ့ မြို့နယ် ခြောက်ခုရှိတဲ့အထဲက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ကလွဲပြီး ကျန်မြို့နယ်တွေမှာ ရှိတဲ့ စစ်ခုံရုံးတွေမှာ သေဒဏ်စီရင်ခြင်းကို လုပ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ခုံရုံးတွေမှာစွဲချက်တင်ပြီး သေဒဏ်စီရင်တဲ့အခါ အသုံးပြုခဲ့တဲ့ ပုဒ်မတွေက ရာဇသတ်ကြီး ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၃၄၊ ပုဒ်မ ၁၁၄၊ ပုဒ်မ ၃၀၂၊ပုဒ်မ ၃၉၆၊ ပုဒ်မ ၃၉၇ စတာတွေ ဖြစ်ပါတယ်။

Download as PDF

သေဒဏ်ချမှတ်ခံထားရသူ ၈၆ ဦးထဲမှာ အမျိုးသား ၇၉ ဦး နဲ့ အမျိုးသမီး ၇ ဦး ပါဝင်ပြီး၊ အသက်မ ပြည့်သေးတဲ့ အမျိုးသားနှစ်ဦးလည်း ပါဝင်နေပြီး သူတို့ နှစ်ဦးကို သန်လျင် လူငယ်ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။



One Response

Leave a Reply

Your email address will not be published. Required fields are marked *