ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ (၂၀၂၁)
အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၂)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (နိုဝင်ဘာ ၂၅ ရက်အထိ စာရင်းအရ) အရပ်သား အရေအတွက် ၁,၂၉၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ လွတ်လပ်သော အဖွဲ့အစည်းတရပ် ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) က နိုဝင်ဘာ ၂၅ ရက်အထိ ပြုစုထားတဲ့ မှတ်တမ်းတွေအရ သေဆုံးသူ၁,၂၂၄ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။
တချိန်တည်းမှာပဲ စစ်ကောင်စီဘက်ကလည်း သေဆုံးသူ အရေအတွက် ထုတ်ပြန် လာတာတွေ ရှိပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ သေဆုံးသူ ၁,၅၆၄ ဦး ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲ့ဒီ၁,၅၆၄ ဦးထဲမှာ ဒလန်လို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခံရသူ ၄၀၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ မိသားစု ၂၅၃ ဦး၊ အခြားအကြောင်း တွေကြောင့် သေဆုံးသူ ၂၂၈ ဦး၊ မြို့နယ် အဆင့်နဲ့ ရပ်/ကျေးတာဝန်ရှိသူ ၁၉၈ ဦး၊ ဆန္ဒပြစဉ် ဖြိုခွင်းခံရမှုကြောင့် သေဆုံးရသူ ၁၉၂ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦး၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၅ ဦး၊ ဗုံးဖောက်ခွဲမှုတွေကြောင့် သေဆုံးသူ ၆၉ ဦး၊ အစိုးရဝန်ထမ်း ၃၈ ဦးနဲ့သံဃာတော် ၁၂ ပါးတို့ ပါဝင်ကြောင်း စစ်ကောင်စီက ဆိုထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သူတို့ရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီးလွတ်လပ်တဲ့အဖွဲ့ အစည်းတွေရဲ့ သီးခြားအတည်ပြုချက်တော့ မရှိပါဘူး။
တခါ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်တွေအရ ဇွန်ကနေ နိုဝင်ဘာ ၆ ရက် အထိ ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပဋိပက္ခ ဖြစ်စဉ်များအတွင်း ပြည်သူ ၉၀၈ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်က ၂,၉၄၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်သော အဖွဲ့အစည်းများရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။
◉ သေဆုံးသူ ဆက်တိုးနေဆဲ
AAPP ရဲ့ မှတ်တမ်းတွေကို အခြေခံပြီး နိုဝင်ဘာ ၁၅ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၉) နဲ့ နှိုင်းယှဉ်ကြည့်ရင်သေဆုံးသူ အရေအတွက်က ၁,၂၅၈ ဦးကနေ အခု ၁,၂၉၃ ဦးထက်မနည်း ဖြစ်လာတာကြောင့် နှစ်ပတ်ကျော်ကာလအတွင်း သေဆုံးသူ ၃၅ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။
◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ
AAPP မှတ်တမ်းကို အခြေပြုထားတဲ့ သေဆုံးသူ အရေအတွက် ၁,၂၉၃ ဦးကို အသက် အုပ်စုအလိုက် ကြည့်တဲ့အခါ အသက် ၁၈နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင်၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသကစစ်ကိုင်းတိုင်း ဖြစ်ပြီး၊ ရန်ကုန်က ဒုတိယနေရာမှာ ရှိနေပါတယ်။
➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၉) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။
[link]
◉ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူများ
ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးနောက် သေဆုံးခဲ့ရသူ ၁၆၁ ဦးထက်မနည်း ရှိပါတယ်။ အဲ့ဒီအထဲမှာ ဖမ်းဆီးခံရစဉ် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးခဲ့ရသူ ၇၈ ဦး၊ စစ်ကြောရေးမှာ သေဆုံးခဲ့ရသူ ၆၃ ဦး၊ရဲစခန်း၊ အကျဉ်းထောင် စတဲ့နေရာတွေမှာ သေဆုံးခဲ့ရသူ ၂၀ ဦး ပါဝင်ပါတယ်။ စစ်ကြောရေး၊ ရဲစခန်း၊ အကျဉ်းထောင်လို နေရာမျိုးတွေမှာ သေဆုံးခဲ့ရသူ ၈၃ ဦးအနက် မန္တလေးတိုင်းက အများဆုံးဖြစ်ပြီး ၁၉ ဦးအထိ ရှိပါတယ်။ မန္တလေးတိုင်းက ဒုတိယအများဆုံးဖြစ်ပြီး ၁၈ ဦး၊ ရန်ကုန်တိုင်းက ၁၆ ဦးအထိ ရှိနေပါတယ်။ အသက်အရွယ်အားဖြင့် လူငယ်၊ လူရွယ်အများအပြားသေဆုံးခဲ့ရပြီး ၅၀ ဦးအထိ ရှိခဲ့ပါတယ်။ ကျား၊မ အရေအတွက်အားဖြင့် အမျိုးသား ၇၈ ဦးထက်မနည်း သေဆုံးပြီး အမျိုးသမီး ၅ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။
◉ ဦးခေါင်းပစ်ခတ်ခံရသူ ၁၂၃ ဦးကျော်ရှိ
AAPP မှတ်တမ်းတွေကို အခြေခံထားတဲ့ သေဆုံးရသူ အရေအတွက်အထဲမှာ ဦးခေါင်းကို ပစ်ခတ်ခံရတာကြောင့် သေဆုံးရသူအရေအတွက်က ၁၂၃ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၁,၀၁၄ ဦး၏ ၁၂ ရာခိုင်နှုန်း) အထိ ရှိပါတယ်။ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးခဲ့ရသူတွေ ထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေက ၅၂ ရာခိုင်နှုန်းအထိ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဦးခေါင်း ပစ်ခတ်ခံရသူ အများဆုံး ဒေသက စစ်ကိုင်းတိုင်း ဖြစ်ပြီး ၃၀ ဦးအထိ ရှိပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ အရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကိုကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။














