What Matters

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ

By ISP Admin | November 24, 2021

ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ (၂၀၂၁)

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၁)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အခုအချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသားဒေသများမှာလည်းတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ တခါ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာပဲ တတိုင်းပြည်လုံးကို အရေးပေါ် အခြေအနေ ကြေညာပြီးအုံကြွခုခံစစ် စတင်ကြဖို့ တိုက်တွန်းခဲ့တာကြောင့် နိုင်ငံအနှံ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပိုများ လာပြီး ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေလည်း အရင်ထက် ပိုမို ပေါ်ထွက်လာပါတယ်။

Download as PDF

● ၁,၆၉၇ ကြိမ် ထက်မနည်း ဖြစ်ပွား

စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁,၆၉၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ် အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ KIA ၊ MNDAA တို့အကြား တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ တဖန် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအစောပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားမှုရပ်နားနေတဲ့ ရခိုင်ပြည်နယ်မှာလည်း ယခုလအစောပိုင်းကမောင်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့အကြားမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။

တဆက်တည်းမှာပဲ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့အပြင် ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း တို့မှာပါအာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး နိုဝင်ဘာ ၂၀ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြားအပြန်အလှန်ပစ်ခတ်မှု အကြိမ် ၂၃၀ ထက်မနည်း ဖြစ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ခုခံတော်လှန်စစ်ကြေညာပြီးနောက်ပိုင်း စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၂၀ ရက် အတွင်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ၁၂၉ ကြိမ်ထက် မနည်း ရှိလာခဲ့ပါတယ်။

● အရပ်သား ၁,၅၃၃ ဦးကျော် သေဆုံး

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ အရေအတွက်ဟာ(နိုဝင်ဘာ ၂၀ ရက်အထိ) ၁,၅၃၃ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၁,၂၈၁ ဦးဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုနဲ့ဖမ်းဆီးခံရစဉ် ရခဲ့တဲ့ ဒဏ်ရာတွေ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ တိုက်ပွဲတွေနဲ့အပြန်အလှန် ပစ်ခတ်မှုတွေ ကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ အရေအတွက်က ၂၅၂ ဦး ထက်မနည်း ရှိခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) နဲ့ ISP-Myanmar က စုဆောင်းထားတဲ့မှတ်တမ်းတွေ ဖြစ်ပါတယ်။

အခြားတဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီတို့ကလည်း သေဆုံးမှု ကိန်းဂဏန်းတွေ ထုတ်ပြန်ထားပါတယ်။ NUG ရဲ့ စာရင်းအရ ငါးလကျော်ကြာ ကာလအတွင်း တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ် ၂,၅၃၀ ကြိမ်ရှိခဲ့ပြီး၊ အရပ်သားသေဆုံးမှုက ၉၀၈ ဦး ရှိပါတယ်။ စစ်ကောင်စီဘက်မှ သေဆုံးသူ ၂,၉၄၁ ဦး ရှိတယ်လို့လည်း NUG က ဆိုပါတယ်။ စစ်ကောင်စီကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာတော့ အောက်တိုဘာ ၂၁ ရက်အထိ သေဆုံးသူ ၁,၃၃၇ ဦးရှိတယ်လို့ ပြောပါတယ်။ ဒီအထဲမှာမှ၁,၁၉၀ ဦးကို အမျိုးအစားခွဲတဲ့အခါ ဒလန်လို့ စွပ်စွဲခံရပြီး သေဆုံးသူ ၄၀၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်၊ မိသားစုတွေနဲ့ ပါတီထောက်ခံသူ ၂၅၃ ဦး၊ အစိုးရဝန်ထမ်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄၀ ဦး၊ မြို့နယ်အဆင့်နဲ့ ရပ်ကွက်ကျေးရွာ တာဝန်ရှိသူ ၃၂၂ ဦးနဲ့ ဗုံးဖောက်ခွဲမှု တွေကြောင့် သေဆုံးသူ ၆၉ ဦးရှိတယ်လို့ ဆိုပါတယ်။ NUG နဲ့ စစ်ကောင်စီက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအတွက်လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။

● နေအိမ် ၈၇၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရ

၂၀၂၁ ခုနှစ် ဇွန်မှ နိုဝင်ဘာ ၂၀ ရက်အထိ ငါးလတာကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှု များအတွင်းအရပ်သားပြည်သူတွေရဲ့ နေအိမ်များ မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ အများစုက ချင်းပြည်နယ် နဲ့မကွေးတိုင်းမှ ဖြစ်ပြီး ချင်းပြည်နယ်မှာ ၄၄၇ လုံးထက်မနည်း၊ မကွေးတိုင်းမှာ ၃၂၈ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။မီးရှို့မှုတွေကို စစ်ကောင်စီဘက်မှ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဖော်ပြကြပေမဲ့ အိမ်ခြေ ၂၄၀ ကျော်အနက် ၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့တဲ့ ကင်းမရွာ ဖြစ်စဉ်နဲ့ အောက်တိုဘာ ၂၉ ရက် ထန်တလန်ဖြစ်စဉ်တို့ကို တော့ သူတို့ လုပ်တာမဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ထားပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်က ဖော်ပြခဲ့တဲ့ အချက်အလက်တွေနဲ့ နှင့်နှိုင်းယှဉ်တဲ့အခါ(အလေးထားရမည့် အကြောင်းအချက်များ အမှတ်-၅၆ ကို ရှုပါ) မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၄၂ လုံးထက်မနည်း တိုးလာခဲ့တာဖြစ်ပါတယ်။

● စစ်ပြေးဒုက္ခသည် ၅၃,၀၀၀ ကျော် တိုးလာ

တိုက်ပွဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နိုဝင်ဘာလအတွင်း စစ်ပြေးဒုက္ခသည် ၅၃,၀၇၀ ဦးကျော် ထပ် တိုးလာပါတယ်။နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနဲ့ ရေဦးမြို့နယ်များမှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ခန့်ကို စစ်ကောင်စီဘက်မှ ဝင်ရောက်စီးနင်းမှုများရှိခဲ့ပြီး အဆိုပါရွာများမှ ဒေသခံပြည်သူ ၃၅,၀၀၀ ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။ ကသာမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ ကာကွယ်‌ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက အနီးရှိ မိုးတားလေးရွာအတွင်းက လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ၁,၀၀၀ ခန့် မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ Myanmar Now သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တဖန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ဟိုင်းပုကျေးရွာအတွင်း SSPP/SSA အဖွဲ့ပါဝင်တဲ့ တပ်ပေါင်းစု ဝင်ရောက်လာပြီးနောက် ဟိုင်းပုကျေးရွာအပါအဝင် အနီးအနားရှိ ဒေသခံ ၁,၀၀၀ ကျော်မှာ ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။ ဒါ့အပြင်တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သစ်ကတိုးနဲ့ ဟာမြင်းကြီးကျေးရွာတို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာများမှ လူအချို့ကို ဝင်ရောက်ဖမ်းဆီးမှုများ ရှိတာကြောင့် အနီးအနားရှိ ကျေးရွာလေးရွာမှ ဒေသခံ ၅၀၀ ကျော်မှာထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

တဖန် ၂၀၁၉ နှစ်ဦးပိုင်းမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာအထိ ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ AA အဖွဲ့တို့ အကြား တိုက်ပွဲများကြောင့်စစ်ပြေးရှောင်နေရတဲ့ ဒုက္ခသည်တွေအနက် အချို့မှာ နေရပ်ပြန်မှုများ ရှိခဲ့ပါတယ်။ ယခုလအစောပိုင်းမှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က စစ်ဘေးရှောင် ၃၀၀ခန့်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်အချို့ နေရပ်ပြန်လာခဲ့ကြပါတယ်။ နေရပ်ပြန်စစ်ဘေးရှောင်များအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုများ ရှိပေမဲ့ မြေမြှုပ်မိုင်း အန္တရာယ်နဲ့ ပတ်သက်ပြီး စိုးရိမ်နေရကြောင်း သိရပါတယ်။

➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၆) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://ispmyanmar.com/burmese/2021/11/03/wm-56/

∎ ဘာကြောင့်အလေးထားသင့်သလဲ

အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။



One Response

Leave a Reply

Your email address will not be published. Required fields are marked *