အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၃)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ စီးပွားရေး ပြိုလဲမှု အန္တရာယ်ကိုရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကိုဗစ် ကပ်ဘေးကြောင့် နာလံမထူနိုင် ဖြစ်ခဲ့ရာကနေ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း လပိုင်းအတွင်းမှာပဲ စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်တာ၊ ရှိပြီးသား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ မရေမရာမှု တွေကြောင့်ကတိကဝတ် ပြုထားတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားတာ စတာတွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ခဲ့ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှု တွေကြောင့် မြန်မာနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်ကုန် (ဂျီဒီပီ) ကလည်း အခု ဘဏ္ဍာနှစ်မှာပဲ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ် လို့လည်း Oxford Economics က ခန့်မှန်းထားပါတယ်။
အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ကိုဗစ် ကပ်ရောဂါကြောင့် ဖြစ်ပွားခဲ့တဲ့ စီးပွားရေး ဆုတ်ယုတ်မှုတွေရဲ့ပေါင်းစပ်မှုကြောင့် အခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကဏ္ဍအားလုံးမှာ ဖွံ့ဖြိုးမှု နှေးကွေးသွားမယ် လို့ စက်တင်ဘာ ဒုတိယပတ်မှာအာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)က ထုတ်ပြန်ခဲ့တဲ့ “ ဖွံ့ဖြိုးမှုညွှန်းကိန်းများ ကြိုတင်ခန့်မှန်းမှု” အစီရင်ခံစာမှာ ခန့်မှန်းပါတယ်။မြန်မာနိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းဟာ ကျန်တဲ့ အာဆီယံ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဆိုးဆိုးရွားရွားပဲ အနုတ်လက္ခဏာ ပြနေပါတယ်။ ဒါ့အပြင် အမေရိကန် ဒေါ်လာဈေး သိသိသာသာ မြင့်တက်ပြီး ငွေကြေး ဖောင်းပွမှုနှုန်းက ဆက်လက်မြင့်တက်နေမယ်လို့ADB အစီရင်ခံစာက သုံးသပ်ပါတယ်။ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ပထမနှစ်ဝက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၅၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နိုင်ငံရဲ့ အခြေအနေ မတည်ငြိမ်မှု တွေကြောင့် ၂၀၂၂ ခုနှစ်အတွက် အလားအလာကိုတောင် ADB က ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပါဘူး။
∎ ဘာကြောင့်အရေးကြီးတာလဲ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတ ခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မရှိတဲ့၊ ဒေသခံ ပြည်သူလူထုရဲ့ ဘဝ တိုးတက်မှုတွေကိုထောက်ပံ့မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကြောင့်လည်း တိုင်းပြည်ဟာ ပိုမို ချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရ ပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ် ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်း မြင်သာမှုရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက် ကာလတူ ရင်းနှီး မြှုပ်နှံမှုတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ် တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေ၊ Oxford Economics နဲ့Economist Intelligence Unit က ထုတ်ပြန်တဲ့ စာတမ်းတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။












