What Matters

အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

By ISP Admin | September 15, 2021

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၈)

ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ (၂၀၂၁)

◉ ၁,၀၈၉ ဦးထက်မနည်း သေဆုံး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (စက်တင်ဘာ ၁၂ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၁,၀၈၉ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှုများစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) ရဲ့ စက်တင်ဘာ ၁၂ ရက်အထိ မှတ်တမ်းပြုစုမှုအရ သေဆုံးသူ ၁,၀၂၀ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။

Download as PDF

◉ သေဆုံးသူ ၄၅ ဦးတိုးလာ

စက်တင်ဘာ ၅ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၅) နဲ့ နှိုင်းယှဉ်ကြည့်ရင် အသစ်ထပ်တိုးလာတဲ့ သေဆုံးသူအရေအတွက်က တပတ်ကျော်ကာလအတွင်း ၄၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ မကွေးတိုင်းအတွင်းသေဆုံးခဲ့ကြရသူတွေက အများဆုံး ဖြစ်ပါတယ်။ စက်တင်ဘာ ၉ ရက်မှာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီးနောက် ဒေသခံအချို့ နဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့ကြပါတယ်။ စစ်ကောင်စီဘက်ကလက်နက်ကြီးအသုံးပြုမှု၊ အင်အားသုံး ဖြိုခွင်းမှု တွေကြောင့် ဒေသခံပြည်သူ ၁၇ ဦး သေဆုံးခဲ့ကြရပါတယ်။

➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၅) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

[link]

https://ispmyanmar.com/burmese/2021/09/06/wm-45/

◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ

သေဆုံးခဲ့ရသူ ၁,၀၈၉ ဦးကို အသက် အုပ်စုအလိုက် ကြည့်ရင် အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန် ဖြစ်ပြီး၊ မန္တလေးက ဒုတိယနေရာမှာ ရှိနေပါတယ်။ ယခုတပတ် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာအတွင်း သေဆုံးခဲ့သူ ၁၇ ဦးအနက် အသက် ၁၈ နှစ်အောက် လူငယ် ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။

◉ ဦးခေါင်းပစ်ခတ်ရသူ ၁၁၇ ဦးကျော်ရှိ

တခါ ဦးခေါင်းကို သေဆုံးခဲ့ရသူတွေထဲမှာ ပစ်ခတ်ခံရသူ အရေအတွက်က ၁၁၇ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၈၁၄ ဦး၏ ၁၄ ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အဆိုပါသေဆုံး ရသူများ အနက် အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြားလူငယ်တွေက ၅၃ ရာခိုင်နှုန်း အထိ အများဆုံးသေဆုံးခဲ့ကြရပါတယ်။ ဦးခေါင်းပစ်ခတ်ခံရသူ အများဆုံးဒေသက မန္တလေးတိုင်းဖြစ်ပြီး ၂၇ ဦးအထိ ရှိပါတယ်။

◉ သေဆုံးသူ အရေအတွက် ထုတ်ပြန်ချက်များ

AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားသလိုတဖက်မှာလည်း စစ်ကောင်စီဘက်က သေဆုံးသူ အရေအတွက် ထုတ်ပြန်လာတာတွေ ရှိနေပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၀ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။စက်တင်ဘာ ၉ ရက်က စစ်ကောင်စီ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံအခြေစိုက် သံသမန်များအား ရှင်းလင်းပွဲမှာ သေဆုံးသူအရေအတွက်ကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီမှ ဩဂုတ်လကုန်အထိ အစိုးရဝန်ထမ်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်၊မြို့နယ်အဆင့်နဲ့ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူ၊ ပြည်ခိုင်ဖြိုးပါတီဝင်၊ မိသားစု နဲ့ ထောက်ခံသူ၊ ဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံရသူအပြင် ဗုံးဖောက်ခွဲမှုတွေကြောင့်ပါ သေဆုံးရသူက စုစုပေါင်း ၉၃၃ ဦး ရှိနေကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သူတို့ရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့အဖွဲ့ အစည်းတွေရဲ့ သီးခြားအတည်ပြုချက်တော့ မရှိပါဘူး။

မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စက်တင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်မှာတော့ ဇွန်နဲ့ ဩဂုတ်လတွေအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်များအတွင်း ပြည်သူ ၄၃၁ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်မှ ၁,၇၁၀ ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်တဲ့ အဖွဲ့အစည်း များရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။

∎ ဘာကြောင့်အလေးထားသင့်သလဲ

အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *