အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၇)
ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၇ ရက်အထိ (၂၀၂၁)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက် လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန် အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။
တခါ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာပဲ တတိုင်းပြည်လုံးကို အရေးပေါ်အခြေအနေ ကြေညာပြီး အုံကြွခုခံစစ် စတင်ကြဖို့ တိုက်တွန်းခဲ့တာကြောင့် နိုင်ငံအနှံ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပိုများလာပြီး ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေလည်း အရင်ထက် ပိုမို ပေါ်ထွက်လာပါတယ်။
● ၈၇၈ ကြိမ် ထက်မနည်း ဖြစ်ပွား
စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၈၇၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာ ပထမပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအနက် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အတွင်းက KNU တပ်မဟာ နယ်မြေတွေအတွင်း တိုက်ပွဲတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ ဖြစ်ပွားနေပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးဒေသအတွင်း MNDAA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ် ပွားနေပါတယ်။
တဖန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး စက်တင်ဘာ ၇ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၁၁၁ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြပါတယ်။
● အရပ်သား ၁၇၁ ဦးကျော် သေဆုံး
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၁၇၁ ဦးကျော် ရှိခဲ့ပြီးထိခိုက် ဒဏ်ရာရသူ ၁၃၈ ဦးကျော် ရှိခဲ့ပါတယ်။ အဆိုပါ သေဆုံးခဲ့ရသူတွေထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၅၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးလည်း ပါဝင်နေပါတယ်။
● စစ်ပြေးဒုက္ခသည် ၂,၁၀၀ ကျော် နေရပ်ပြန်
တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ ယခုတပတ် အတွင်း စစ်ပြေးဒုက္ခသည် ၈၅၀ ဦးကျော် တိုးလာပြီး၊ တဖက်မှာလည်း ကချင်ပြည်နယ်အတွင်းက စစ်ရှောင် ပြည်သူ ၂,၁၀၀ ကျော်ခန့် နေရပ်ပြန်လာခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ရက် ကစပြီး အခု ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်အထိ စစ်ပြေး ဒုက္ခသည်အရေအတွက်ကို ကြည့်ရင် ၇၆၇,၆၅၆ ဦးကျော် ရှိလာခဲ့ပါတယ်။
ယခုတပတ်အတွင်း တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၅၀၀ ကျော်ဟာ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က KNU တပ်မဟာ(၄) နယ်မြေတွေအတွင်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလှုပ်ရှားဖို့ ဝင်ရောက်စီးနှင်းပြီး နောက် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်း ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ MNDAA တို့အကြားတိုက်ပွဲတွေကြောင့် မုံးကိုးမြို့အနီးက ဒေသခံပြည်သူ ၂၀၀ ကျော် ထပ်မံ ထွက်ပြေးတိမ်းရှောင်လာခဲ့ရပါတယ်။
ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်က ၇၆၀,၀၀၀ ကျော်အထိ ရှိလာသလို၊အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း၉၇၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း၈၈၀,၀၀၀ ကျော်၊ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၉၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။
➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၃) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။








