What Matters

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ

By ISP Admin | September 6, 2021

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၄)

မကြာသေးခင် နှစ်တွေကမှ အာရှမှာ ဖွံ့ဖြိုးမှု အမြန်ဆုံးလို့ သတ်မှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ စစ်အာဏာသိမ်းမှုရဲ့ ရလဒ်ကြောင့် စီးပွားရေးပြိုလဲမှု အန္တရာယ်ကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် နှစ်ရာခိုင်နှုန်း အထိကျဆင်းခဲ့တဲ့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တဲ့ ထုတ်ကုန်လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကြောင့် ဒီနှစ်အတွင်းမှာပဲ ခြောက်ရာခိုင်နှုန်းအထိ ပြန်တက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က အစောပိုင်းမှာ ခန့်မှန်းခဲ့ပါတယ်။ဒါပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် ဒီခန့်မှန်းချက်ဟာ အဟောသိကံ ဖြစ်သွားပါတယ်။

Download as PDF

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လပိုင်းအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်တာ၊ ရှိပြီးသား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေထွက်ခွာတာ၊ မရေမရာမှုတွေကြောင့် ကတိကဝတ်ပြုထားတဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားတာ စတာတွေကြောင့်စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ခဲ့ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) ကလည်း အခုဘဏ္ဍာနှစ်မှာပဲ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်လို့လည်းOxford Economics က ခန့်မှန်းထားပါတယ်။

လတ်တလော အခြေအနေမှာလည်း မြန်မာနိုင်ငံကနေ နိုင်ငံခြားကုမ္ပဏီကြီးတွေ ထွက်ခွာဖို့ ပြင်နေသလို တယ်လီနောလို ဆက်သွယ်ရေး ကုမ္ပဏီကလည်း အရှုံးခံရောင်းချပြီး ထွက်သွားပါတယ်။ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ စက်မှုအိမ်ရာစီမံကိန်းတွေ၊ အခြားစက်မှုဇုန် စီမံကိန်းတွေကိုလည်း ရပ်နားထားရပါတယ်။ ဒါ့အပြင် စီးပွားရေးပြိုလဲတာ၊နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ စွန့်ခွာတာတွေကြောင့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းတွေမှာလုပ်ကိုင်တဲ့ပြည်သူတွေ အလုပ်အကိုင် ဆုံးရှုံးခဲ့ပြီး အခုနှစ်မှာ လူပေါင်း ၃ ဒသမ ၄ သန်းကျော်လောက် စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့ရမယ်လို့လည်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးခဲ့ပါတယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP) ကတော့ အာဏာသိမ်းမှုဟာ အရင်က တိုးတက်မှုတွေကို ပြောင်းပြန်လှန်လိုက်ပြီး ၄၈ ဒသမ ၂ ရာခိုင်နှုန်းသော မြန်မာပြည်သူတွေ အနေနဲ့ ဆင်းရဲမွဲတေမှုဒဏ်ကို လာမဲ့နှစ်မှာ ခံစားရမယ်လို့ တွက်ချက်ထားပါတယ်။

∎ ဘာကြောင့်အရေးကြီးတာလဲ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင် တခုဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတ ခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မရှိတဲ့၊ ဒေသခံပြည်သူလူထုရဲ့ ဘဝတိုးတက်မှုတွေကိုထောက်ပံ့မှုမပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လည်း တိုင်းပြည်ဟာ ပိုမိုချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ်ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်း မြင်သာမှုရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက် ကာလတူ ရင်းနှီး မြှုပ်နှံမှုတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ် တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေ၊ Oxford Economics နဲ့Economist Intelligence Unit က ထုတ်ပြန်တဲ့ စာတမ်းတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *