အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၀)
ကမ္ဘာ့နိုင်ငံ အနှံ့မှာ ဖြစ်ပွားနေတဲ့ ကျန်းမာရေး ကုသစောင့်ရှောက်မှု လုပ်ငန်းတွေအပေါ် တိုက်ခိုက်၊ ဖိနှိပ်၊ နှောင့်ယှက်မှုတွေပြုလုပ်ခြင်းအပေါ် စာရင်းပြုစုတဲ့ Insecurity Insight က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနစ်ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ကျန်းမာရေး ကဏ္ဍအပေါ် တိုက်ခိုက်နှောက်ယှက်မှု ဖြစ်ရပ်ပေါင်း ၂၅၂ ခု ရှိခဲ့ပါတယ်။ ဆေးရုံတွေကို ဝင်ရောက် တိုက်ခိုက်တာ၊ စီးနင်းတာတွေ ဖြစ်ခဲ့သလို ဆေးပညာရှင်တွေကို တိုက်ခိုက် ဖမ်းဆီး ဖိနှိပ်ခဲ့တာကြောင့် ၂၅ ဦး အသက် ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း(AAPP)ရဲ့ စာရင်းအရ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း ၅၉၅ ဦးကိုလည်း စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့တရားစွဲဆို ဝရမ်း ထုတ်ထားပါတယ်။ ဒါ့အပြင် ဆရာဝန် ၄၈ ဦး ဖမ်းဆီး ချုပ်နှောင် ခံထားရပါတယ်။ ဒီစာရင်းတွေမှာ မပါဝင်သေးတဲ့ ဖြစ်ရပ်တွေလည်း ရှိနိုင်ပါတယ်။ ဒီအခြေ အနေတွေအရ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆေးကုသ စောင့်ရှောက်ခံယူခွင့်ပျက်ပြားနေတယ်လို့ ဆိုနိုင်ပါတယ်။
∎ ဆိုလိုရင်း အနှစ်ချုပ်
တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ဖြစ်ပွားတဲ့အခါ ဒဏ်ရာရသူ၊ နာမကျန်း ဖြစ်သူတွေကို ကျန်းမာရေး ပညာရှင်တွေက အနှောင့်အယှက် မရှိဘဲ အလျင်မီ ထိရောက်တဲ့ ဆေးကုသ စောင့်ရှောက်မှု ပေးနိုင်ရေးဟာ ဘက်မလိုက်သော ဆေးကုသခွင့် (Medical Neutrality) ဆိုတဲ့ အခြေခံမူတရပ် ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအနှံ့မှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းနဲ့ နယ်စည်းမထား ဆရာဝန်များ အဖွဲ့တို့ကလည်း ဒီအခြေခံမူကို လက်ခံ ကျင့်သုံးပါတယ်။ ဒါ့အပြင် နိုင်ငံပေါင်း ၁၉၆ နိုင်ငံက သဘောတူ လက်မှတ်ထိုးထားတဲ့ ဂျီနီဗာ ကွန်ဗင်းရှင်း (Geneva Convention) ရဲ့ လူသား ဆန်သော အခြေခံမူတရပ်လည်း ဖြစ်ပါတယ်။ ဒါကို ISP-Myanmar က ရေးသားထားတဲ့ “လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များနှင့် လမ်းကြောင်းနှစ်သွယ်” (အလေးထားရမည့် အကြောင်းအချက်များ အမှတ်- ၃၂) မှာလည်း ထောက်ပြထားပါတယ်။
➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၂) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။
[link] https://ispmyanmar.com/burmese/2021/06/18/wm-32/
ဒီလို လူသားဆန်တဲ့ နိုင်ငံတကာ စံနှုန်းတွေကို ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ လိုက်နာမှု အားနည်း နေပါသေးတယ်။ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ အကြား ထိခိုက် ဒဏ်ရာရသူတွေကို ဆေးကုသ စောင့်ရှောက်မှု ပေးတဲ့ ကျန်းမာရေး ပညာရှင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်တပ်တွေ၊ လက်နက်ကိုင်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ခံနေတယ်လို့ Rohini J. Haar နဲ့ အခြားသုတေသီတွေက ဆိုပါတယ် (Haar et al., 2021)။ ၁၉၈၃ ခုနစ်ကနေ ၂၀၁၉ အတွင်း ထုတ်ဝေခဲ့တဲ့ သုတေသန စာစောင်ပေါင်း၁၄၀၀ ကျော်ထဲကမှ ၄၅စောင်ကို ရွေးချယ်ပြီး Haar နဲ့ သုတေသီတွေက ပြန်လည် သုံးသပ်တင်ပြရာမှာ-
● ဆေးရုံ၊ ဆေးပေးခန်းတွေကို ပစ်ခတ်တိုက်ခိုက်တာ၊
● လူနာတွေကို ပစ်ခတ် တိုက်ခိုက်တာ (အသက်အန္တရာယ်ပြုတာ၊ ခြိမ်းခြောက်တာ)၊
● ကျန်းမာရေး ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ ခြိမ်းခြောက်တာ၊
● ဆေးကုသမှု မလုပ်နိုင်အောင် နှောက်ယှက်တာ၊
● ဆေးပစ္စည်း သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို တိုက်ခိုက်တာ၊ နှောက်ယှက်တာ၊ နှောင့်နှေး ကြန့် ကြာအောင် လုပ်တာ၊
● ဆေးရုံ၊ ဆေးခန်းတွေကို ဆေးကုသမှု မဟုတ်တဲ့ အခြားကိစ္စတွေ လုပ်ဆောင်တာ စတဲ့ ဆေးကုသမှုကို နှောက်ယှက်ဖျက်ဆီးတဲ့အပြုအမူတွေကို ပဋိပက္ခ ကြုံတွေ့နေရတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ကြုံတွေ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ဘက်မလိုက်တဲ့ဆေးကုသခွင့် ပျက်ပြားတာပဲ ဖြစ်ပါတယ်။
∎ ဘာကြောင့် အလေးထားသင့်သလဲ
ပဋိပက္ခ ဖြစ်ပွားတဲ့ ဒေသတွေမှာ ဆေးကုသမှု ပေးနေတဲ့အပေါ် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှု ကြီးမားပါတယ်။ ဆေးကုသမှု ပေးနေတဲ့ ကျန်းမာရေး လုပ်သားတွေ အသက်ဆုံးရှုံးရတဲ့ အထိ ကြုံကြရသလို၊ လူနာတွေ တိုက်ခိုက် ခံရတဲ့အခါမှာလည်း ရုပ်ပိုင်း နဲ့ စိတ်ဒဏ်ရာတွေ ဖြစ်စေပါ တယ်။ ဒီအခြေအနေမှာ ဆက်လက် ဆေးကုပေးဖို့ မလုံခြုံတာကြောင့်ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေကနေ ဆေးပညာရှင်တွေ စွန့်ခွာ ကြရပါတယ်။ ဒါ့အပြင် ကပ်ဘေးနဲ့ အခြား အသက် ကယ်ဆယ်ရေးတွေ အဓိက လုပ်ဆောင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကိုပါ နှောင့်နှေး ကြန့်ကြာတာ၊ ထိခိုက် ပျက်စီးမှု ဖြစ်စေပါတယ်။ ဥပမာ ကြက်ခြေနီ အမှတ်အသား၊ ဆေးဘက်ဆိုင်ရာ အမှတ်အသား တွေဟာ နိုင်ငံတကာ ဥပဒေအရ အကာအကွယ်ပေးခံရမယ့် အမှတ်အသားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံ ပေါင်း ၁၀ နိုင်ငံမှာ ဒီအမှတ်အသားတွေကို ပစ်မှတ်သဖွယ် ထားပြီးကျန်းမာရေး ဝန်ထမ်းတွေ၊ ဆေးရုံ ဆေးခန်း တွေ၊ ဆေးပစ္စည်းတွေကို ပိုမိုဦးတည် တိုက်ခိုက်ကြပါတယ်။ ဒါဟာ လူသားချင်းစာနာအကူအညီပေးရေး လုပ်ငန်းတွေကိုပါ နှောင့်နှေး ရပ်တန့်သွားစေအောင် တမင်ရည်ရွယ်တာလည်း ဖြစ်တတ်ပါတယ်။ ဒီလိုနှောင့်နှေး ရပ်တန့်သွားတာနဲ့အမျှ ဒီအကူအညီတွေပေါ်မှာ မှီတည်နေတဲ့ လူ့ ဘဝတွေ၊ အသက်တွေများစွာ သေကြေ ပျက်စီးဖို့ဖြစ်လာရပါတယ်။ ဒီအခါမှာ လူသားလုံခြုံရေးအတွက် ကျန်းမာရေး ကုသ စောင့် ရှောက်မှုတွေကို အနှောင့်အယှက် ကင်းကင်းနဲ့လုပ်ဆောင်နိုင်ဖို့ဆိုတဲ့ အချက်ဟာ အလေးထားသင့်တဲ့ အချက်ဖြစ်လာပါတယ်။
∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား
တိုက်ပွဲတွေ၊ ပဋိပက္ခတွေအကြား ထိခိုက် ဒဏ်ရာရသူတွေ သက်သာ ချောင်ချိရေး၊ ပြည်သူတွေကို ကာကွယ်ရေး ပြုလုပ်ပေးပါမယ်လို့ ဂျီနီဗာ ကွန်ဗင်းရှင်းမှာ မြန်မာနိုင်ငံက လက်မှတ်ထိုး သဘောတူ ထားပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ကုသစောင့်ရှောက်မှုလုပ်ငန်းတွေအပေါ် ဖိနှိပ် တိုက်ခိုက် မှုရှိနေတဲ့ နိုင်ငံများ စာရင်းမှာလည်း ပါဝင်နေပါတယ် (Haar et al. 2021)။ သုတေသန အဖွဲ့များစွာ ရဲ့အချက်အလက်အရ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆေးကုသ စောင့်ရှောက်ခံယူခွင့် ပျက်ပြားနေတယ်လို့ ဆိုနိုင်ပါတယ်။
ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်မှု ဒဏ်တွေအပြင် ကိုဗစ်တတိယလှိုင်းရဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေကြောင့်နောက်ဆက်တွဲ ကျန်းမာရေး အကျပ်အတည်း ပြဿနာကို မြန်မာပြည်သူတွေ အလူးအလဲ ခံနေရပါတယ်။ သာမန် အချိန်မှာ ကပ်ဘေးနဲ့ သဘာဝဘေး အန္တရာယ်တွေကို အစိုးရက ဦးဆောင် ဖြေရှင်းတဲ့အခါ ထိရောက် မြန်ဆန်ဖို့ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ပူးပေါင်းပါဝင်မှုက အလွန် အရေးကြီး ပါတယ်။ အခုအချိန်မှာ စစ်ကောင်စီရဲ့ ကိုဗစ်ကာကွယ်ရေး လုပ်ငန်းတွေအပေါ်မှာပြည်သူလူထုရဲ့ ယုံကြည်မှုက အနိမ့်ဆုံး အခြေအနေမှာ ရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်း တွေပြန်လည် အသက်ဝင်ဖို့ ခက်ခဲနေပြီး အခြေအနေတွေဟာ လူသားချင်းစာနာမှု အကျပ်အတည်း ဆိုက်တဲ့အထိ ယိုယွင်း ပျက်စီးနေပါပြီ။
ကပ်ဘေးရင်ဆိုင်ဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းက ပေးလာနိုင်တဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေနဲ့ အသက်ကယ်ဆယ်ရေး လုပ်ငန်းတွေ အလုပ်ဖြစ်ဖို့ စစ်ကောင်စီနဲ့ အခြားသော လက် နက်ကိုင် အဖွဲ့အားလုံးအနေဖြင့် ကျန်းမာရေး ကုသစောင့်ရှောက်မှုအပေါ် ဖိနှိပ်မှု၊ တိုက်ခိုက်မှုတွေ မလုပ်ဖို့ ကတိပြုဖို့၊ လက်တွေ့လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ ဒီအပိုင်းကိုတော့ ISP-Myanmar က ရေးသားထား တဲ့ “ကိုဗစ်-၁၉ တတိယလှိုင်း အကျပ်အတည်းကို လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ အကူ အညီဖြင့် ဖြေရှင်းရေး မူဝါဒအကြံပြုချက်” မှာ အကျယ်တဝင့် ဖတ်နိုင်ပါတယ်။
➥ ISP-Myanmar ရဲ့ မူဝါဒ အကြံပြုချက်ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။
[link] https://ispmyanmar.com/burmese/2021/07/20/pe1/
ဒါ့အပြင် နိုင်ငံတကာရဲ့ အကူအညီတွေ အပေါ်မှာ အလွဲသုံးစား မလုပ်ဖို့၊ ပွင့်လင်း မြင်သာမှုရှိဖို့၊ နိုင်ငံရေးအရ အမြတ်ထုတ်မှုတွေမလုပ်ဖို့ လိုအပ်ပါမယ်။ အထူးသဖြင့် လူသားချင်း စာနာမှု အကူအညီတွေ လွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့နဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဖိနှိပ် ခြိမ်းခြောက်ခံရခြင်းမှ ကင်းဝေးပြီး လွတ်လပ်စွာ ဆေးကုသခွင့်ရဖို့ အရေး ကြီးလှပါတယ်။
▂
ISP-Myanmar က ဖော်ပြခဲ့ပြီးဖြစ်သည့် What Matters အကြောင်းအရာများ အားလုံးကို အောက်ဖော်ပြပါ link တွင် တစုတစည်းတည်း ဖတ်ရှု၊ download ရယူနိုင်ပါသည်။
https://ispmyanmar.com/burmese/category/what-matters/



