What Matters

အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

By ISP Admin | July 4, 2021

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၅)

Download PDF Version

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (ဇူလိုင် ၁ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၈၈၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ဇူလိုင် ၁ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၈၁၇ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။

အရင်တလက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၂၉ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လေ့လာမယ်ဆိုရင် တလတာကာလအတွင်း သေဆုံးရသူ အရေအတွက်က ၅၂ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံးအသက် အုပ်စုထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက် အုပ်စုကလည်း သေဆုံးရမှု အများဆုံး ဖြစ်ပါတယ်။ တခါဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က ၁၀၄ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၆၃၆ ဦး၏ ၁၆ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးက ဒုတိယ နေရာမှာ ရှိနေပါတယ်။ ဒီတလအတွင်း သေဆုံးခဲ့ရသူ ၅၂ ဦးကျော်အနက် မန္တလေးတိုင်းအတွင်း ၁၂ ဦးအထိ အများဆုံးသေဆုံးခဲ့ပြီး၊စစ်ကိုင်းတိုင်း အတွင်း ၁၀ ဦးအထိ သေဆုံးခဲ့ကြရပါတယ်။

တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံး ပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ ဇွန် ၁၂ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၇၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီက ပြောဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။

➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၉) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/ISPMyanmarpage/posts/2578166109154272

∎ ဘာကြောင့်အလေးထားသင့်သလဲ

အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *