အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၃)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေ စိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။
● အကြိမ် ၅၀၀ ထက်မနည်း ဖြစ်ပွား
စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၄၉၉ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ KNU ရဲ့ထုတ်ပြန်ချက်ကို ကိုးကားထားတဲ့ KIC သတင်းဌာနဖော်ပြချက်အရ စစ်အာဏာ သိမ်းပြီးနောက် မေလအတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၉၃ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၂၈ ဦးသေဆုံးခဲ့ပြီး၊ ၁၈၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒ့ါအပြင် ချင်းပြည်နယ်၊ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာလည်းဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ကြပါတယ်။ ဧပြီလမှ စပြီး ဇွန် ၂၃ ရက်အထိ အဲဒီ ဒေသတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၂၂ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ကြပါတယ်။
● အရပ်သား ၁၁၆ ဦးကျော် သေဆုံး
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၁၁၆ ဦးကျော် ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူ ၁၁၀ ဦးကျော် ရှိခဲ့ပါတယ်။ ဒီထဲကမှ ၂၅ ဦး ကျော်ဟာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့တဲ့အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ ၃၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ၁၁ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
● စစ်ပြေးဒုက္ခသည် ၁၅၀,၀၀၀ ကျော်တိုးလာ
တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ယခုတလအတွင်း စစ်ပြေး ဒုက္ခသည် ၁၅၀,၈၄၆ တိုးလာပြီး၊ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ပြေး ဒုက္ခသည် အရေအတွက် ၂၂၈,၀၀၀ ဦးကျော် ရှိလာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ကစပြီး အခု၂၀၂၁ ခုနှစ် ဇွန် တတိယပတ် ကာလအထိ စစ်ပြေး ဒုက္ခသည် အရေအတွက်ကိုကြည့်ရင် ၇၂၅,၅၀၀ ဦးကျော် ရှိလာခဲ့ပါတယ်။ တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၁၀၀,၀၀၀ ကျော်ဟာ ကယား ပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအပြီး ဘေးလွတ်ရာကို တိမ်းရှောင်လာကြတာပဲ ဖြစ်ပါတယ်။ ဒါက ကယားပြည်နယ်အတွင်း ရှိနေသူတွေထဲက သုံးပုံတပုံကျော်ဟာ စစ်ပြေးဒုက္ခသည် ဖြစ်လာကြတာ ဖြစ်ပါတယ်။အလားတူ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်မှာ စစ်ပြေးဒုက္ခသည် ၁၅,၀၀၀ ကျော်၊ စစ်ကိုင်းတိုင်းမှာ ၁၅,၀၀၀ ကျော်၊မကွေးတိုင်းမှာ ၁၀,၀၀၀ ကျော်နဲ့ ဧရာဝတီတိုင်းမှာ ၂,၀၀၀ ကျော်အထိ အသီးသီးရှိလာခဲ့ပါတယ်။ ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်က ၇၀၀,၀၀၀ ကျော်အထိ ရှိလာသလို၊ အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း ၉၇၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ဘင်္ဂလား ဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခ သည်ပေါင်း ၈၈၀,၀၀၀ ကျော်၊ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၉၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။
➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၇) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူး ပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်း အားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။






