What Matters

လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များနှင့် လမ်းကြောင်းနှစ်သွယ်

By ISP Admin | June 18, 2021

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၂)

Download PDF Version

မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက် တိုင်းရင်းသား ဒေသတွေအတွင်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့တွေအကြား လက်နက်ကိုင်ပဋိပက္ခတွေ ပိုမို ကြီးထွားလာပါတယ်။ ဒါ့အပြင် ဒေသအချို့မှာလည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အာဏာသိမ်း စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာပြီး စစ်ဘေးရှောင်ပြည်သူတွေလည်း များပြားလာပါတယ်။ တခါ ရှိရင်းစွဲ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စိန်ခေါ်ချက်တွေအပြင် ကိုဗစ်-၁၉တတိယလှိုင်း ကူးစက်နှုန်းလည်း မြင့်မား လာပါတယ်။ တချိန်တည်းမှာပဲ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲအခြေအနေတွေကို အကြောင်းပြုပြီး နိုင်ငံအတွင်းရှိ လူဦးရေ သုံးသန်းခွဲလောက်ဟာ လာမယ့်လတွေအတွင်း အငတ်ဘေး ဆိုက်နိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ခန့်မှန်းထားပါတယ်။ ဒီအခါမှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေက အရေးကြီးလာပါတယ်။

∎ ဆိုလိုရင်း အနှစ်ချုပ်

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်ကြတဲ့ နိုင်ငံတကာ အဖွဲ့ တွေ ကို ယေဘုယျအားဖြင့် အုပ်စုအမျိုးအစားနှစ်ခု ခွဲခြားနိုင်ပါတယ်။ ပထမတခုက နိုင်ငံတကာ ကြက်ခြေနီအသင်းကို တည်ထောင်ခဲ့သူ Henry Dunant ရဲ့ အယူအဆကို လက်ခံကျင့်သုံးတဲ့အုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုမှာပါတဲ့ အဖွဲ့တွေက လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး လုပ်ငန်းတွေကို လုပ်တဲ့အခါ နိုင်ငံရေးနဲ့ ရော ယှက်မစဉ်းစားဘဲ ပဋိပက္ခအတွင်း အကူအညီလိုအပ်နေသူတွေအရေးကိုပဲ ဦးစားပေး ဆောင်ရွက်လေ့ရှိပါတယ်။ သူတို့ရဲ့ လုပ်ငန်းစဉ်တွေက ဘက်လိုက်မှု၊ ခွဲခြားမှု ကင်းရှင်းပြီး ကြားနေသဘောနဲ့ အမှီ အခိုကင်းကင်း လုပ်ကြ ပါတယ် (Barnett,2005)။ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) လို အဖွဲ့အစည်းတွေဟာ ဒီအယူအဆအတိုင်း လုပ်လေ့ရှိပါတယ်။

ဒုတိယ အမျိုးအစားက လူတွေကြုံနေရတဲ့ ဘေးဒုက္ခအကျပ်အတည်းတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ ဆိုရင် အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကပ်ဘေးဒဏ်ခံနေရတဲ့ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အုတ် မြစ်တွေကိုပါ ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ ယူဆချက်ကို အခြေပြုကျင့်သုံးပါတယ် (Barnett,2005)။ ဒါက အမေရိကန်သမ္မတဟောင်း Woodrow Wilson ရဲ့ လမ်းစဉ် ဖြစ်ပါတယ်။ ဒီယူဆချက်ကို လက်ခံကျင့်သုံး တဲ့ အဖွဲ့တွေဟာ အရေးပေါ် အကူအညီပေးရေးလုပ်ငန်းတွေအပြင် ဒေသဖွံ့ဖြိုးရေးနဲ့ လူသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ ယှဉ်တွဲလုပ်ကြပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၊ နိုင်ငံ တကာ ကယ်ဆယ်ရေးကော်မတီ (IRC)၊ CARE၊ Oxfam နဲ့ World Vision တို့လို အဖွဲ့အစည်းတွေက ဒီယူဆ ချက်အတိုင်း လုပ်လေ့ရှိပါတယ်။

ကမ္ဘာအရပ်ရပ်က လူသားလုံခြုံရေးကဏ္ဍအပေါ် စိန်ခေါ်မှုဖြစ်စေတဲ့ ဘေးဒုက္ခအကျပ်အတည်းတွေကို ကူညီ ဆောင်ရွက်တဲ့အခါဒီလမ်းနှစ်သွယ်အနက် ဘယ်နည်းလမ်းက ပိုအလုပ်ဖြစ်သလဲဆိုတာ သုတေသီတွေအကြား အကျယ်တဝင့် လေ့လာဆွေးနွေးကြပါတယ်။ ပဋိပက္ခကြောင့် ဆက်နွှယ်ဖြစ်ပေါ်လာတဲ့ ကပ်ဘေးတွေကို ကိုင် တွယ်ဖြေရှင်းရာမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်အပြင် နိုင်ငံရေးကိုပါ ယှဉ်တွဲ စဉ်းစား လေ့ရှိတဲ့ အချက်က အာရုံစိုက်စရာ ဖြစ်ပါတယ်။

∎ ဘာကြောင့် အလေးထားသင့်သလဲ

အာဏာရှင်နိုင်ငံတွေမှာ ပဋိပက္ခအကျပ်အတည်းအမျိုးမျိုးကြောင့် ပေါ်ပေါက်လာတဲ့ ကပ်ဘေးဒုက္ခတွေကို နိုင်ငံ တကာအသိုက်အဝန်းက အကူအညီပေးနိုင်ဖို့ ကြိုးပမ်းကြတဲ့အခါ အုပ်စိုးသူတွေဘက်က တုံ့ပြန်ပုံတွေကို သတိ ပြု အလေးထားသင့်ပါတယ်။ အထူးသဖြင့် လူ့အဖွဲ့အစည်းအတွင်း အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေ ဖော်ဆောင်နိုင်ဖို့ အပူတပြင်းလိုအပ်လာတဲ့အခါ အာဏာရှင်တွေအဖို့ နိုင်ငံရေးစနစ်နဲ့ ထဲထဲဝင်ဝင် ပတ်သက်မှုမရှိတဲ့ ကျန်းမာရေးကဏ္ဍလို ကိစ္စရပ်တွေအတွက်ပဲ ပူးပေါင်းဆောင်ရွက်လေ့ရှိကြတာက သတိ ပြုစရာ တခုဖြစ်ပါတယ်။ လူသားလုံခြုံရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်တဲ့ကျန်းမာရေးဝန်ဆောင်မှု၊ အစားအသောက်နဲ့ဆေးဝါးတွေ လက်လှမ်းမီရရှိနိုင်ဖို့ကလည်း အရေးတကြီးလိုအပ်ပါတယ်။ ဒါပေမဲ့ ဒီအကူ အညီတွေကို ဘယ်သူကပေးတာလဲ (ဝါ) ဘယ်သူကတဆင့် ပေးတာလဲဆိုတာမျိုးကလည်း အရေးကြီးပါတယ်။ ဥပမာကျူးကျော်နယ်ချဲ့တဲ့နိုင်ငံရဲ့စစ်တပ်က ဒေသခံပြည်သူတွေကို ဆေးပေးဝေမယ်ဆိုရင် ဒေသခံတွေ က နှစ်သက်ကြည်ဖြူလက်ခံယူချင်ပါ့မလား။ တခါအကူအညီပေးတဲ့ အရင်းခံ စိတ်စေတနာကလည်း အရေးပါ ပြန်ပါတယ်။ ဥပမာ အာဏာရှင်တွေက ထောက်ပံကြေးပေးတာဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ဆိုရင် အာဏာရှင် ဆန့်ကျင်တဲ့ ပြည်သူတွေက ဒီအကူအညီယူပြီး အာဏာရှင်တွေလူရာဝင်စေမယ့် အရေးကိုတော့ မလုပ်ချင်ဘူး ဆိုတဲ့ ခံယူချက်မျိုး ရှိနေမှာပါပဲ။ ဘယ်သူပေးပေး၊ ဘာကြောင့်ပေးပေး ယူမယ်ဆိုသူတွေရှိနိုင်သလို မယူဘူး ဆိုတာမျိုးလည်း ရှိတဲ့အခါ လူသားချင်းစာနာမှုအကူအညီပေးတာဟာ အားလုံးကို ညီတူညီမျှအကျိုးပြုတယ်လို့ မှတ်ယူဖို့ ခက်လာပါတယ်။ ဒါကြောင့် နိုင်ငံရေးပဋိပက္ခတွေနဲ့ ဆက်နွှယ်လာတဲ့ အကူအညီဆိုတိုင်း သန့်စင်တဲ့ပရဟိတသက်သက်လို့ မြင်ဖို့ခက်ပါတယ်။ အရင်းခံအကြောင်းတရားဖြစ်တဲ့ နိုင်ငံရေးပဋိပက္ခတွေကိုပါ တစိတ် တပိုင်း ဆက်နွှယ်ဖြေရှင်းနိုင်မယ့် အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းစဉ်တွေ ဖော် ဆောင် နိုင်ဖို့ အရေးကြီးတယ်ဆိုတဲ့ ရှုမြင်ပုံဟာ အလေးထားသင့်တဲ့ အကြောင်းအချက်တရပ်ပဲ ဖြစ်ပါတယ်။

∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား

စစ်ကောင်စီရဲ့ အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပိုများပြားလာပြီး စစ်ဘေးရှောင် ပြည်သူအရေအတွက် ၂၀၀,၀၀၀ ကျော် ရှိလာပါတယ်။ နဂိုရှိပြီးသား စစ်ဘေး ရှောင်အရေအတွက် အပါအဝင်ဆိုရင် မြန်မာနိုင်ငံရဲ့လူဦးရေ ခြောက်သိန်းနီးပါးဟာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရပါ တယ်။ ဒါ့အပြင် ရခိုင်ဒေသတွင်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ရိုဟင်ဂျာ တသိန်းကျော်အပါအဝင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရှိနေသူတွေပါ ပေါင်းရင် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း တသန်းကျော်လည်း ရှိနေပါတယ်။ အခုချိန်မှာ တိုးမြင့်လာတဲ့ စစ်ဘေးရှောင်ဒေသတွေနဲ့ စခန်းတွေမှာ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ နည်းပါးနေရုံသာမက သောက်သုံးရေကြောင့် ဝမ်းပျက်ဝမ်းလျော ရောဂါတွေ လည်း ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက် ကျန်းမာရေးကဏ္ဍ ပြိုဆင်းလာမှုနဲ့အတူ ပြီးခဲ့တဲ့ ဇွန်လက စပြီး ကိုဗစ်ပိုး တွေ့နှုန်းက ပြန်မြင့်လာပါတယ်။ ဇွန် ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ တရက်အတွင်း ကိုဗစ်ပိုး စစ်ဆေးမှု ၂၉၀၂ ခု အနက် ၃၇၃ ယောက်မှာ ပိုးတွေ့ရှိပြီးကူးစက်နှုန်း ၁၃ ရာခိုင်နှုန်းအထိ ရောက်လာပါတယ်။ ဒါဟာ စစ် အာဏာ သိမ်းပြီးနောက် တရက်အတွင်း ပိုးတွေ့ရှိမှုနှုန်း အများဆုံး ဖြစ်ပါတယ်။ တခါ အခြားကူးစက် ရောဂါတွေရဲ့ ကာကွယ်ကုသရေး လုပ်ငန်းတွေမှာလည်း ယို့ယွင်းမှုတွေ ရှိလာပါတယ်။အထူးသဖြင့် တီဗီရောဂါ တိုက်ဖျက်ရေးနဲ့ အိပ်ချ်အိုင်ဘီ၊ အေအိုင်ဒီအက်စ် လူနာတွေအတွက် အေအာရ်တီ ဆေးပေးဝေနိုင်မှုတွေမှာ ကြီး မားတဲ့ စိန်ခေါ်မှုတွေ ရှိလာပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာက အကူအညီပေးရေး အဖွဲ့အစည်းတွေကို အုပ်ချုပ်ရေးယန္တရား အပေါ် အနှောင့်အယှက် ပြုသူတွေအဖြစ်စစ်အစိုးရအဆက်ဆက်က ရှုမြင်ခဲ့ကြပါတယ်။ အခုလည်း ဒီအမြင် ဟာ ပြောင်းလဲသွားပုံ မရှိပါဘူး။ စစ်ကောင်စီအနေနဲ့ စစ်ဘေးရှောင်စခန်းတွေဆီ ကူညီရေး ပစ္စည်းတွေ ပို့ဆောင် ပေး နေတဲ့ လူငယ်တွေ ၊ ဒုက္ခသည် တွေကို အကူအညီပေးနေတဲ့ ဆရာဝန်တွေကို ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေကိုလည်း လုပ်နေ ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေး ဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှု ၁၇၉ ခုအထိ ရှိခဲ့ပြီး ၁၃ ဦး အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၉ ရက်ကလည်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ကျန်းမာရေးနဲ့ ဆေးဝါး စောင့်ရှောက်မှုတွေ လုပ်နေတဲ့ နယ်စည်း မထားဆရာဝန်များအဖွဲ့ (MSF) ကို လုပ်ငန်းတွေရပ်ဆိုင်းဖို့ စစ်အာဏာပိုင်တွေက အမိန့်ပေးခဲ့ပါတယ်။ ဒါကို ကြည့်ရင်လည်းနိုင်ငံရေးနဲ့ နှီးနွှယ်ပြီး လုပ်ဆောင်လေ့မရှိဘဲ ဟန်နရီဒူးနန့်ရဲ့ အယူအဆ အပေါ်ကိုသာ အခြေခံ ဆောင်ရွက်ကြတဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေကိုပင်လျှင် စစ်ကောင်စီဘက်က တားမြစ် ပိတ်ပင်မှုတွေ လုပ်တာကို ထင်ရှားပါတယ်။ ဒီမတိုင်ခင် ဇွန် ၃ ရက်မှာတော့ ICRC အဖွဲ့ အကြီးအကဲ Peter Maurer နဲ့ အာဏာသိမ်း စစ်ကောင်စီတို့တွေ့ဆုံခဲ့ပြီး အကျဉ်းထောင်တွေကို ပြန်လည်သွားရောက်ခွင့်ပြုဖို့၊ ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေဆီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုမိုရရှိစေနိုင်ဖို့ ICRC က တောင်းဆိုခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးအရ ဖိအားလည်းပေး၊ လူသားချင်းစာနာမှု အကူအညီပေးတဲ့ လမ်း‌ကြောင်း ပုံစံ က လည်း စဉ်းစားစရာပါ။ မြန်မာနိုင်ငံအတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ ဒီသဘော တရားအတိုင်း ချဉ်းကပ်ထားတယ်လို့ယူဆနိုင်ပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် အမှတ်လေးမှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေပေးရေးဆိုတာပါဝင်တယ်။ ဒီအချက်ကို တခုတည်းကွက် ဖြေရှင်းတာမျိုး မဟုတ်ဘဲ ကျန်နိုင်ငံရေးအဖြေရှာရေးအချက်တွေဖြစ်တဲ့အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ အာဆီယံအထူးကိုယ်စားလှယ်ခန့်ဖို့၊ အင်အားစုအသီးသီး အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ ဆိုတာတွေနဲ့ ချိတ်ဆက်ထားမှသာ ဖြစ်ပါလိမ့်မယ်။ အာဆီယံရဲ့ လမ်းစဉ်ဟာ အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံ ရေးအရတစုံတရာဖိအားပေးနိုင်သလို မြန်မာနိုင်ငံကို အကူအညီပေးနိုင်မယ့် ဖြေရှင်းချက်အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ဥရောပသမဂ္ဂလို အဖွဲ့အစည်းတွေရဲ့ ရှုမြင်ထားပုံကလည်း ဒီချိတ်ဆက် အကောင် အထည်ဖော်ရေး အယူအဆ အရေးပါတယ်ဆိုတာကို ထင်ရှားစေပါတယ်။ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီပေးရေး အစီအစဉ်တွေကအာဏာသိမ်းစစ်ကောင်စီအတွက် နိုင်ငံရေး ထွက်ပေါက်သဖွယ် အသုံးချနိုင်မယ့် အခင်းအကျင်း မဖြစ် သွားစေဖို့ ဂရုပြုသင့်တာအမှန်ပါပဲ။ လူသားချင်း စာနာမှုကိစ္စရပ်တွေကို နိုင်ငံရေးနဲ့ခွာပြီး ချဉ်းကပ်တာ (သို့မဟုတ်) ယှဉ်တွဲပြီး စဉ်းစားလေ့ ရှိတဲ့ပုံစံတွေကအကျိုးရလဒ် ကွဲပြားလေ့ရှိတာကြောင့် လက်ရှိ မြန်မာ့အရေးအတွက် အလေးထားသင့်တဲ့ အကြောင်းအချက် ဖြစ်ပါတယ်။

∎ Further Readings 

Barnett, M. (2005). Humanitarian transformed. Perspectives on Politics, 3(4), 723–740.

Allen, T., & Schomerus, M. (2012). Complex emergencies and humanitarian responses. University of London.

International Crisis Group. (2002). Myanmar: The politics of humanitarian aid.

◉ What Matters 

လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေအကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar ကဖော်ပြနေတာ ဖြစ်ပါတယ်။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်းအလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင်ဖြည့်စွက်သွားဖို့ရည်ရွယ်ပါတယ်။

ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိကဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလားဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက်လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။

လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေးတင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာသုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။



Leave a Reply

Your email address will not be published. Required fields are marked *