အလေးထားရမည့် အကြောင်းအချက်များ (၃)
စစ်အေးကာလ အလွန်ကစပြီး ကမ္ဘာတဝန်းမှာ ဝင်ရောက် အရေးယူဖို့ ကုလသမဂ္ဂကို တောင်းဆို ခဲ့ကြတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းများစွာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဒီ အကျပ်အတည်းတွေအပေါ် အရေးယူ ကိုင်တွယ်မှုတွေက တခုနဲ့တခု ကွာခြားပါတယ်။ တချို့ အရေးကိစ္စတွေမှာ ထိထိရောက်ရောက် အရေးယူမှုတွေ ရှိသလို တချို့ ကိစ္စတွေမှာတော့ မည်ကာ မတ္တလောက် အရေးယူ ဆောင်ရွက်မှုသာ ရှိခဲ့ပါတယ်။ ဒါကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေအပေါ် ကုလသမဂ္ဂရဲ့ ဝင်ရောက်အရေးယူမှု မယူမှုတွေက ဘယ်လို အခြေအနေတွေမှာ မူတည်ပြီး ကွဲပြားသလဲ ဆိုတာက သုတေသီ တွေ အကြား လေ့လာနေဆဲ မေးခွန်းတခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ကန့်ကွက်ရေး လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ အရှိန် မြင့်လာတာ၊ ပြည်သူတွေ သေဆုံးရမှုများလာတာ၊ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရတာတွေ ဆက်တိုက်ဖြစ်လာတာနဲ့ အမျှ လူသားချင်းစာနာ ကာကွယ်ပေးမှု ခေါင်းစဉ်အောက်ကနေ ကုလသမဂ္ဂ ဝင်ရောက်လာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေ၊ ခန့်မှန်းပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။ ဒါအပြင် မတ် ၄ ရက်နေ့ မှာပဲ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ရဲ့ မြန်မာနိုင်ငံကိုယ်စားပြု ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ထားတဲ့ ဒေါက်တာ ဆာဆာက ကုလသမဂ္ဂအနေနဲ့ R2P (Responsibility to protect) ခေါင်းစဉ်အောက်ကနေ မြန်မာနိုင်ငံအရေးမှာ ပါဝင်လာဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ဆီ လိပ်မူပြီး တောင်းဆိုခဲ့ပါတယ်။
ဒါကြောင့် ဘယ်လို အခြေအနေမျိုးမှာ ကုလသမဂ္ဂရဲ့ ကြားဝင် အရေးယူမှုတွေ ဖြစ်တတ်သလဲဆိုတာ ဖော်ပြပါမယ်။
∎ ဆိုလိုရင်းအနှစ်ချုပ်
နော်ဝေ အခြေစိုက် Peace Research Institute Oslo (PRIO) က ၂၀၁၅ ခုနှစ်မှာ ပြုလုပ်ထားတဲ့ သုတေသန တခုမှာ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ခြင်းနဲ့ ဆက်စပ်ပြီး ကုလသမဂ္ဂရဲ့ တုံ့ပြန် ဆောင်ရွက်မှုကို တိုင်းတာရာမှာ အဓိက ကျတဲ့ အညွှန်းကိန်း ငါးရပ်ကို ဖော်ထုတ်ထားပါတယ်။ (၁) အသေအပျောက်နှုန်း မြင့်မားမှု၊ (၂) မီဒီယာတွေရဲ့ အလေးပေးဖော်ပြမှု၊ (၃) အကျပ်အတည်းဟာ ဒေသတွင်း နိုင်ငံတွေကို ဒုက္ခသည် အရေးကစလို့ စီးပွားရေး၊ နိုင်ငံရေးအဆုံး ကြီးမားတဲ့ ရိုက်ခတ် ကူးစက်မှု၊ (၄) အကျပ်အတည်း ကြုံနေရတဲ့ နိုင်ငံရဲ့ စစ်ရေးအင်အား တောင့်တင်းမှုနဲ့ (၅) ကုလသမဂ္ဂအနေနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ အကျပ်အတည်း မတိုင်ခင် အဲဒီနိုင်ငံနဲ့ ပတ်သက်လို့ ငွေရေး ကြေးရေးအရ၊ ဂုဏ်သိက္ခာအရ အားထုတ် ရင်းနှီးမှုတွေလုပ်ခဲ့ပြီး၊ အကျပ်အတည်းကြောင့် ပြန်အဖတ်ဆည်လို့ မရနိုင်တော့တဲ့အခြေအနေ ရောက် သွားမှုဆိုတဲ့ ညွှန်းကိန်းတွေပါပဲ။
ဒီအညွှန်းကိန်းတွေအပေါ် မူတည်ပြီး လူသားချင်း စာနာမှု အကျပ်အတည်း တွေကို အရေးယူ ကိုင်တွယ်ရာမှာ ကုလသမဂ္ဂအနေနဲ့ ပြင်းပြင်းထန်ထန်အရေးယူသလား၊ မယူဘူးလား ဆိုတာကို ဆက်စပ် လေ့လာထားပါတယ်။ ပြင်းပြင်း ထန်ထန် အရေးယူမှုလို့ ဆိုရာမှာ (၁) စစ်အရေးအရ အင်အားသုံး အရေးယူမှု (၂) စီးပွားရေး ပိတ်ဆို့မှုတွေ ဆောင်ရွက်မှု (၃) ပြည်သူလူထုကို ကာကွယ်ဖို့အတွက် (အင်အားသုံးဖို့ အခွင့်ရှိတဲ့) ငြိမ်းချမ်းရေး တပ်တွေ စေလွှတ်မှုတို့ ပါဝင်ပါတယ်။ သိပ် မပြင်းထန်တဲ့ အရေးယူ မှုတွေမှာတော့ (၁) (မိမိကိုယ်ကိုယ် ကာကွယ်ရန်မှတပါး အင်အားသုံးခွင့်မရှိတဲ့) ငြိမ်းချမ်းရေး တပ်တွေကို စေလွှတ်တာ (၂) လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေ စေလွှတ်တာ (၃) လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေ ပေးတာတွေပါဝင်ပါတယ်။ (မူရင်း သုတေသန စာတမ်းမှာ ရှင်းရှင်းလင်းလင်း ထည့်သွင်း ဖော်ပြထားခြင်း မရှိပေမဲ့ သံတမန် ရေးရာအရ ကြားဝင် စေ့စပ်မှုတွေ ဆောင်ရွက်တာဟာလည်း (စည်းနှောင်အား မရှိတဲ့ အတွက် ကြောင့်) အားနည်းတဲ့ အရေးယူမှုထဲမှာပဲ အကျုံးဝင်တယ်လို့ ကောက်ယူပါတယ်)
ဒီသုတေသနမှာ ၁၉၉၁ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြီးမားဆုံးသော လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း ၃၁ ခုကို နှိုင်းယှဉ် လေ့လာထားတာ ဖြစ်ပါတယ်။ ဒီလေ့လာချက်ကနေ အဓိက တွေ့ရှိချက် နှစ်ခု ရှိပါတယ်။ ပထမတချက်ကတော့ ဒီအကျပ်အတည်း ၃၁ ခုအနက် ၁၃ ခုမှာပဲ ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်တယ်လို့ဆိုပါတယ်။ အဲဒီ ၁၃ ခု လုံးမှာ လူသားချင်း စာနာမှု အကျပ်အတည်းကနေ အသေအပျောက်နှုန်း မြင့်မားတာ ဖြစ်ပါတယ်။ တခါ ကုလသမဂ္ဂအနေနဲ့ ဒီအကျပ်အတည်း မတိုင်ခင်မှာ (ငွေရေး ကြေးရေးအရ၊ ဂုဏ်သိက္ခာအရ) ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါအပြင် အကျပ်အတည်းရဲ့ သက်ရောက်မှုတွေက တခြားနိုင်ငံတွေအပေါ် သက်ရောက်မှု ကြီးမားတာကလည်း ပြင်းထန်တဲ့ အရေးယူမှုတွေဖြစ်စေဖို့ အထောက်အပံ့ ဖြစ်စေကြောင်း ထောက်ပြပါတယ်။ ဒုတိယ တချက် ကတော့ အကျပ်အတည်း ကြုံနေရတဲ့ နိုင်ငံဟာ စစ်ရေးအရ အားကောင်းတဲ့အခါမှာ (အထက်ပါ အချက်တွေနဲ့ ပြည့်စုံနေရင်တောင်) အားနည်းတဲ့ အရေးယူ ကိုင်တွယ်မှုတွေကိုသာ ပြုလုပ်လေ့ ရှိပါတယ်။

∎ ဘာကြောင့် အလေးထားသင့်လဲ
လူသားချင်းစာနာမှု ခေါင်းစဉ်အောက်မှာ ကုလသမဂ္ဂရဲ့ တသမတ်တည်း မရှိတဲ့ အရေးယူ ဆောင်ရွက်မှုတွေကို ပိုပြီး ထဲထဲဝင်ဝင် နားလည်နိုင်မယ့် လေ့လာချက်တခု ဖြစ်တာကြောင့် ဒီသုတေသနကို အလေးထား စဉ်းစားသင့်တာပါ။ ကုလသမဂ္ဂဟာ နိုင်ငံပေါင်းစုံ အပေါ်မှာ အခြေခံပြီး ဖွဲ့ထားတဲ့ အဖွဲ့တခု ဖြစ်တဲ့အပြင် အင်အား ကြီးမားတဲ့ နိုင်ငံကြီးတွေက (အဓိက ဆုံးဖြတ်ချက်တွေကို ချနိုင်တဲ့) ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတို အာဏာရှိတဲ့ အမြဲတမ်း အဖွဲ့ဝင်အဖြစ် နေရာ ယူထားပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂရဲ့ ဝင်ရောက် အရေးယူ ဖြေရှင်းမှုတွေဟာ လူ့အခွင့်အရေး စံနှုန်းတွေ အပေါ်မှာ မူတည်သလား၊ ဒါမှမဟုတ် လုံခြုံရေး ကောင်စီဝင် နိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး အကျိုးစီးပွားတွေနဲ့ ပထဝီနိုင်ငံရေး စဉ်းစားချက်တွေကပဲ အဓိက တွန်းအားပေး မောင်းနှင်သလား ဆိုတဲ့ အငြင်းပွားစရာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ အနေနဲ့ အရေးယူနိုင် မယူနိုင်ဆိုတာဟာ စာရွက်ပေါ်မှာ ရေးထားတဲ့ လုပ်ထုံးလုပ်နည်းတွေအပြင် နိုင်ငံရေးအရ ဆုံးဖြတ်ချက်တွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဒါကြောင့် ဒီလေ့လာချက်ရဲ့ တွေ့ရှိချက်တွေကတဆင့် နိုင်ငံရေးအရ အကောင်အဖော်ရေး ဖြစ်တန်ခြေတွေကို စဉ်းစားတဲ့အခါမှာ အချက်အလက် အထောက်အထားကို အခြေခံတဲ့ သုတေသနတွေက ပံ့ပိုးပေးနိုင်မယ်လို့ ယူဆပါတယ်။
∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား
လက်ရှိ ဖြစ်နေတဲ့ မြန်မာ့လှုပ်ရှားမှု အခြေအနေအတွက် အထောက်အကူ ဖြစ်စေနိုင်တဲ့ ဒီသုတေသနဟာ မြန်မာနိုင်ငံနဲ့လည်း ဆီလျော်မှုရှိပါတယ်။ ဒါ့အပြင် သုတေသနက လေ့လာထားတဲ့ လူသားချင်း စာနာမှု အကျပ်အတည်းတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကို အင်အားသုံး ဖြိုခွင်းပြီးနောက် ၁၉၉၁-၂၀၀၄ ခုနှစ်အတွင်း ပြည်တွင်းစစ်နဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အပေါ် နှိပ်ကွပ် အရေးယူမှုတွေကြောင့် ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းအပေါ် ကုလသမဂ္ဂရဲ့ အရေးယူ ဆောင်ရွက်မှုတွေကို လေ့လာထားတာပါ။ ဒီလေ့လာချက်မှာ အဲ့ဒီကာလက မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းရဲ့အသေအပျောက်နှုန်း မြင့်မားတာ၊ ဒေသတွင်း နိုင်ငံတွေအပေါ်မှာ ထိခိုက်မှုနှုန်းတွေ မြင့်မားတာကို ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ တဖက်မှာ ကုလသမဂ္ဂရဲ့ ကနဦးပါဝင်မှု အားနည်းခဲ့တာ၊ မြန်မာစစ်တပ်ရဲ့ အင်အားကြီးမားမှု ညွှန်းကိန်းမြင့်မားတာကို ထောက်ပြထားပါတယ်။ ရလဒ်အနေနဲ့ ကုလသမဂ္ဂရဲ့ အရေးယူဆောင်ရွက်မှု အားအနည်းဆုံးထဲမှာ ပါခဲ့ပါတယ်။
အခု အချိန်မှာလည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော ပြည်သူတွေကို အာဏာသိမ်း စစ်ကောင်စီက အင်အားသုံး အကြမ်းဖက် ဖြိုခွင်းမှုတွေ ပြုလုပ်နေတဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ ဘယ်လို အရေးယူကိုင်တွယ်မလဲ ဆိုတာကို ဒီ သုတေသနရဲ့ ရလဒ်တွေနဲ့ ချိန်ထိုးကြည့်ရင် အရေးယူမူတွေ ဆောင်ရွက်လာနိုင်စရာရှိပါတယ်၊ ဒါပေမဲ့ ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်လာဖို့ စောင့်ဆိုင်းရဦးမယ်လို့ သုံးသပ်နိုင်ပါတယ်။ သတိပြုစရာ တခုကတော့ သုတေသနတိုင်းမှာ ချွင်းချက်တွေ၊ ဟာကွက်တွေ ရှိတတ်တာကြောင့် တရားသေမှတ်ယူလို့ မရနိုင်ပါဘူး။ အထူးသဖြင့် ဒီသုတေသနဟာ ၁၉၉၁-၂၀၀၄ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကို လေ့လာ ထားတာကြောင့် အသစ်ဖြစ်ပေါ်နေတဲ့ အခင်းကျင်းသစ်တွေ၊ တွန်းအားအသစ်တွေကို ထည့်သွင်း စဉ်းစားနိုင်ခြင်း မရှိသေးပါဘူး။ ဥပမာ- နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်းများ လူ့အခွင့်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ တန်ဖိုးတွေ၊ စံချိန်စံညွှန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ လက်ခံ ကျင့်သုံးမှု အပြောင်းအလဲတွေ ဖြစ်လာသလား၊ ၂၀ ရာစုနှောင်းပိုင်း ကာလထက် စာရင် အခုကာလမှာ နည်းပညာ အပြောင်းအလဲတွေကြောင့် သတင်းစီးဆင်းမှု ပိုအားကောင်းလာပြီး၊ လူ့အခွင့်ရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်မှုတွေအပေါ် လူတွေရဲ့ သိမြင် ထိရှတုန့်ပြန်မှု မြင့်မားလာကြတာ စတဲ့ အချက်တွေဟာတွေဟာ ဒီသုတေသနရဲ့ရလဒ် တွေကို ပြောင်းလဲနိုင်တဲ့ ကိန်းရှင်တွေအဖြစ် ရှိနေပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အချက်အလက်နဲ့ သုတေသနကို အခြေခံတဲ့ သုံးသပ်ချက်တွေကို လေ့လာရပါမယ်။ ဒီလို မျက်စိဖွင့် နားစွင့်လေ့လာတာဟာ လှေနံဓားထစ် လက်ခံဖို့ မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေတွေနဲ့ ချိန်ထိုးလေ့လာပြီး မှန်ကန်တဲ့ မဟာဗျူဟာ နည်းဗျူဟာ ချဉ်းကပ်မှုတွေကို ပညာဉာဏ် ပါပါချမှတ် ဆောင်ရွက်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။
∎ Further Readings
Binder, Martin. (2015). “Paths to Intervention: What explains the UN’s selective response to humanitarian crisis?” Journal of Peace Research, November 2015, Vol.52, No 6.
