What Matters

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ

By ISP Admin | May 25, 2021

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၇)

Download PDF Version

ဖေဖော်ဝါရီ ၁ ရက်မှ မေ ၁၇ ရက်အထိ (၂၀၂၁)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အခြေ စိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ အခုဆိုရင် ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိလာပါပြီ။

● ၉၉ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ခဲ့

စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု ၉၉ ကြိမ်ထက် မနည်း ရှိခဲ့ ပါတယ်။ အများစုက ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာ ဖြစ်ခဲ့တာပါ။ ဖေဖော်ဝါရီ ၁ရက်မှ ဧပြီ ၁၇ ရက်အထိ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု ၇၅ ကြိမ်ထက်မနည်း ရှိခဲ့ရာကနေ အခုတလမှာ ၂၄ ကြိမ်ထက်မနည်း ထပ်ဖြစ်ခဲ့ပြီး စုစုပေါင်း ၉၉ကြိမ်ထက်မနည်း ရှိလာပါတယ်။ စစ်အာဏာသိမ်း ပြီးနောက် KNU တပ်မဟာ (၅) နယ်မြေအတွင်း နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ပေါင်း ၄၀၇ ကြိမ်၊ လေကြောင်း တိုက် ခိုက်မှု ၂၇ ကြိမ်အပြင် လက်နက်ကြီး ၄၇ လုံး ပစ်ချခဲ့တယ်လို့လည်း သိရပါတယ်။

● အရပ်သား ၆၂ ဦးကျော်သေဆုံးခဲ့ရ

တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် သုံးလကျော် အချိန်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၆၂ဦးကျော် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၈၀ ဦးကျော် ရှိခဲ့ပါတယ်။ ဒီထဲကမှ ၂၅ ဦးကျော်ဟာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက်အထိ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ရတဲ့အရပ်သားပြည်သူ ၅၄ ဦးကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၂ ဦးကျော် ရှိခဲ့တာဖြစ်ပြီး၊ ယခုလအတွင်းမှာတော့ အရပ်သားသေဆုံးမှုရှစ်ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ရှစ်ဦး ထက်မနည်း အသီးသီး ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူ အရေအတွက်ကလည်း တလအတွင်း သုံးဦးထက်မနည်း တိုးလာခဲ့ပါတယ်။

● စစ်ပြေးဒုက္ခသည် ၇၇,၀၀၀ ကျော်တိုးလာ

တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် တိုးလာပြီး စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ဘေးဒုက္ခသည် အရေအတွက် ၇၇,၁၅၄ ဦးကျော် ရှိလာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁၇ ရက် အထိ စစ်ဘေးရှောင် ဒုက္ခသည်အရေအတွက် ၃၄,၆၀၁ ဦးကျော်ရှိခဲ့ရာက အခုတလမှာ ၇၇,၁၅၄ ဦးကျော်အထိ ရှိလာတာကြောင့် တလအတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၄၂,၅၅၃ ဦးကျော် တိုးလာပါတယ်။ ၂၀၂၀ ပြည့်နှစ် ကစပြီး အခု ၂၀၂၁ ခုနှစ် မေ ဒုတိယပတ်ကာလအထိ စစ်ပြေးဒုက္ခသည် အရေအတွက်ကိုကြည့်ရင် ၄၄၄,၆၅၄ ဦးကျော် ရှိလာခဲ့ပါတယ်။ တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၅,၈၀၀ ကျော်ဟာ ကချင်ပြည်နယ် မိုးမောက်နဲ့ ဖားကန့်မြို့ရှိ ဒေသတွေမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ KIA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာခဲ့ရတာပါ။ တခါ ဧပြီ ၂၄ ရက်မှ မေလဆန်းကာလအထိ ချင်းပြည်နယ် မင်းတပ်နဲ့ ဟားခါးမြို့၊စစ်ကိုင်းတိုင်း ကနီမြို့တွေက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတို့အကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဒီလို ဖြစ်ပွားမှုတွေအတွင်းမှာပဲ စစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပြီး ရဟတ်ယာဉ်များနဲ့ပါ အင်အားသုံးတိုက်ခိုက်ခဲ့တာကြောင့် မင်းတပ်မြို့နေ လူဦးရေရဲ့ သုံးပုံနှစ်ပုံ (၇,၀၀၀ ကျော်ခန့်) ဟာ တောတောင်တွေအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အလားတူပဲ စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းက ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်ခန့်ဟာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင် ထွက်ပြေးခဲ့ကြရပါတယ်။

➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၁) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/ISPMyanmarpage/posts/2552095425094674

∎ ဘာကြောင့်အလေးထားသင့်သလဲ

အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူး ပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *