အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၃)
ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရချိန်ကစပြီး မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေကြ၊ ပေးဆပ်နေကြတဲ့ အချိန်မှာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် ၁၉ ကပ်ဘေးကြီးကလည်း ပျံ့နှံနှုန်း ပိုမို မြန်ဆန်၊ အသေအပျောက်နှုန်း ပိုများတဲ့ တတိယလှိုင်းအဖြစ်နဲ့ ထပ်မံ ခြိမ်းခြောက်လာပြန်ပါပြီ။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ ဧပြီ ၂၁ ရက်နေ့ တရက်ထဲမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၁၀,၀၀၀ ကျော် တွေ့ခဲ့ပါတယ်။ နောက်ထပ် အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာလည်း ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုုင်းကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပေမယ့် တတိယလှိုင်းမှာတော့ နေ့စဉ်နဲ့အမျှ ရောဂါပိုး ကူးစက်ခံရသူပေါင်း ထောင်နဲ့ချီပြီး ပေါ်ထွက်နေပါတယ်။ မြန်မာနိုင်ငံမှာလည်း လှိုင်းတကျော့ပြန် ရိုက်ခတ်နိုင်တဲ့ အရေးကို လျော့တွက်ဖို့ မသင့်လှပါဘူး။ ထိခိုက် နစ်နာနိုင်ခြေ မြင့်မားလွန်းတာကြောင့် တိုင်းပြည်ရဲ့ နိုင်ငံရေး အကျပ်အတည်း အပူပေါ်မှာ ဘူးလေးရာ ဖရုံဆင့် မဖြစ်စေဖို့ သတိကြီးကြီး ထားသင့်ပါတယ်။ ကိုဗစ်-၁၉ ကူး စက်ကပ်ဘေး ခုခံရေးကိစ္စတွေမှာ နိုင်ငံရေး စဉ်းစားချက် တခုတည်းနဲ့ ဘောင်ခတ်ပြီး စဉ်းစားတာမျိုးကို ရှောင်ရှားသင့်တဲ့အတွက် အလေးပေး ကြိုတင် ပြင်ဆင် ဆောင်ရွက်ရမယ့် အကြောင်းတရပ် ဖြစ်ပါတယ်။
∎ ဆိုလိုရင်းအနှစ်ချုပ်
ကိုဗစ်ကပ်ဘေး စဖြစ်ခဲ့တဲ့ ၂၀၁၉ နှစ်ကုန်ကစပြီး ကနေ့အချိန်အထိ ကူးစက်မှုလှိုင်းကြီး နှစ်ကြိမ် ဖြစ်ခဲ့ပြီး လူ သုံးသန်းကျော် သေခဲ့ရသလို သန်း ၁၅၀ နီးပါး ရောဂါကူးစက် ခံထားရပါတယ်။ အချိန် တနှစ်ခွဲကျော် ကြာလာ ပြီး ကာကွယ်ဆေး ပေါ်ထွက်လာပေမဲ့ ကိုဗစ်ကပ်ဘေးကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ကပ်ဘေးဟာ လူသားတွေရဲ့ ကျန်းမာရေးနဲ့ အသက်ရှင်သန်ရေးကိုသာ ခြိမ်းခြောက်နေရုံမကပဲ ကပ်ဘေးထိန်းချုပ်မှု လုပ်ငန်းတွေကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးတာတွေ၊ အလုပ်အကိုင်တွေ ရပ်နား ပိတ်သိမ်းရတာတွေ၊ စာသင်ကျောင်းတွေ ပိတ်ထားရတာတွေ၊ ဆေးရုံ ဆေးခန်းတွေမှာ သွားရောက် ပြသဖို့ အခက်အခဲ ရှိတာတွေ၊ ကာကွယ်ဆေး မထိုးနိုင်တာတွေကြောင့် တခြား ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်လာတာအပြင် လူမှုစီးပွား သက်ရောက်မှုတွေက လူတဦးချင်းစီရဲ့ ဘ၀တွေကိုပါ ဖျက်ဆီးခဲ့ပါတယ်။ ဒါကြောင့်လည်း ကပ်ဘေးကို ချဉ်းကပ်ရာမှာ ကျမ်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး ဘက်စုံထောင်စုံက ထည့်သွင်းစဉ်းစားဖို့ အရေးကြီးတယ်လို့ ပညာရှင်တွေက ဆိုကြတာပါ။
ဒါပေမဲ့ ကိုဗစ် ၁၉ ကပ်ဘေး စဖြစ်ချိန်ကစလို့ ဆောင်ရွက်တဲ့ ကာကွယ် တာဆီးရေး မူဝါဒတွေကနေ လက်ရှိ ကာကွယ်ဆေး ထုတ်လုပ် ဖြန့်ဖြူးရေးအထိ နိုင်ငံရေး စဉ်းစားချက်တွေက လွှမ်းမိုး ပုံဖော်နေတာကိုလည်း သုတေသန တွေ့ရှိချက်တွေက ဖော်ပြကြပါတယ်။ ကပ်ဘေးကို နိုင်ငံရေး ရူထောင့်က စဉ်းစားတဲ့အခါ (ကပ်ရောဂါဘေး ကာကွယ်ရေး မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်တဲ့အပြုအမူတွေကို) ဘယ်ပါတီ၊ အဖွဲ့အစည်းကို ထောက်ခံတယ်၊ မထောက်ခံဖူးဆိုတဲ့ သရုပ်သကန် သင်္ကေတတွေအဖြစ် ပုံဖော် လာကြပါတယ်။ ဥပမာ အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံကြီး တချို့မှာတောင် နှာခေါင်း စည်း တပ်ခြင်းဟာ ပြိုင်ဘက်ပါတီကို ထောက်ခံရာ ရောက်တယ်၊ ကာကွယ်ဆေး ထိုးခြင်းဟာ ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးအရ ပျော့ညံရာ ကျစေတယ် စတဲ့ အယူအဆတွေ ဖြစ်ခဲ့ကြပါတယ်။ တကယ်တော့ ကပ်ရောဂါကာကွယ်ရေး ဆောင်ရွက်မှု မှန်သမျှကို နိုင်ငံရေး ဘောင်ခတ်ကြည့်တာ တခုတည်း မလုပ်ဘဲ သိပ္ပံပညာရဲ့ လေ့လာ တွေ့ရှိ ချက်၊ ပြည်သူ့ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ လိုက်နာ ဆောင်ရွက်သင့်လှပါတယ်။ ဒီကပ်ဘေး ကာကွယ်ရေးကို လူသားဘ၀ လုံခြုံမှုဆိုင်ရာ ရူထောင့်ဖြစ်တဲ့ ကျန်းမာရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အမျိုးသား လုံခြုံရေး အားလုံးကို လွှမ်းခြုံတဲ့ ပြင်ဆင်စဉ်းစားမှုမျိုးနဲ့ ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။
∎ ဘာကြောင့် အလေးထားသင့်သလဲ
မြန်မာနိုင်ငံဟာ ကပ်ဘေး ပထမလှိုင်းမှာ ရိုက်ခတ်ခြင်း မခံရပေမယ့် ဒုတိယလှိုင်းမှာ မလွတ်ခဲ့ဘဲ ဧပြီ ၂၉ ရက်အထိ ပိုးတွေ့ လူနာပေါင်း ၁၄၂,၈၀၀ ဦးအထိ ရောက်ခဲ့ပြီး ၃,၂၀၉ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်ကနေ ၂၀၂၁ ခုနှစ် ဧပြီ ၂၉ ရက်အထိ လူပေါင်း ၂ ဒသမ ၅ သန်းကျော်ကို စစ်ဆေးခဲ့တဲ့ အထဲက ၅ ဒသမ ၅၅ ရာခိုင်နှုန်းမှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး၊ သေဆုံးမှုက ၂ ဒသမ ၂၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အခု တတိယလှိုင်းက မြန်မာနိုင်ငံနဲ့ အနီးဆုံးကို ပြန်လည် ရောက်လာပါပြီ။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ သားတွေဟာ ကိုဗစ်ကပ်ဘေး အပြင် နိုင်ငံရေး ကပ်ဘေးနဲ့ ရင်ဆိုင်နေရပြီး ဖိနှပ်ချေမှုန်းခံရ၊ အသက် အိုးအိမ် စည်းစိမ်တွေ ခြိမ်းခြောက်ခံနေရပါတယ်။ ဒီကြားထဲမှာပဲ အသက်သေရင် သေပါစေဆိုပြီး ကိုဗစ်-၁၉ ကပ်ဘေးကို လျစ်လျူ ရှုလိုက်တာ၊ နိုင်ငံရေး ရူထောင့် တခုတည်း ကနေပဲ ချဉ်းကပ် စဉ်းစားပြီး လိုက်နာရမယ့် စည်းကမ်းတွေကို မလိုက်နာတော့တာ၊ ကိုဗစ် ကာကွယ်ဆေး ထိုးရမယ့် ကိစ္စကိုပါ မထိုးကြဖို့ လှုံဆော်တာ တချို့ကို မြင်တွေ့လာရပါတယ်။ စွန့်လွှတ် စွန့်စားရတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေလည်း ဖြစ်နေတဲ့အချိန်၊ စစ်အာဏာရှင် ယန္တရားရဲ့ ဖိနှိပ်မှုကြောင့် ပြေးလွှား တိမ်းရှောင် နေရသူတွေ၊ ပြည့်ကျပ်လာနေတဲ့ စစ်ကြောရေး စခန်းနဲ့ အကျဉ်းထောင်တွေ၊ ဒါ့အပြင် စစ်ဘေးရှောင် ဒုက္ခသည်တွေကလည်း များလာနေတဲ့အချိန်၊ ချည့်နဲ့တဲ့ ကျန်းမာရေးစနစ်နဲ့ ဗျူရိုကရေစီ ယန္တရားတွေ ကြောင့်လည်း နိုင်ငံရဲ ခုခံအား နည်းပါးနေတဲ့အချိန်၊ ဒီလိုအချိန်မျိုးမှာ သဘာ၀ ရောဂါ ကပ်ဘေးသာ တကျော့ပြန် ထပ်မံ ဝင်ရောက်ခဲ့မယ်ဆိုရင် တိုင်းပြည်အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်မျိုး ဖြစ်လာနိုင်တဲ့အတွက် အလေးထားသင့်ပါတယ်။
∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုက ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းတွေအပေါ် များစွာသက်ရောက်မှု ရှိခဲ့ပြီး မူလက စီစဉ်ထားတဲ့ ကိုဗစ် တားဆီး ကာကွယ်ရေးနဲ့ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်တွေဟာ ကမောက်ကမ ဖြစ်ကုန်ပါတယ်။ ကိုဗစ် စစ်ဆေးနိုင်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာ မသိမ်းခင် သုံးလက လူ ပေါင်း ၁,၆၈၂,၉၁၂ဦးကို စစ်ဆေးနိုင်ခဲ့ပါတယ်။ ပိုးတွေ့ရှိမှု ၄ ဒသမ ၉၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်း ပြီးနောက်ပိုင်း သုံးလမှာတော့ လူပေါင်း ၈၇,၃၈၅ ဦးကိုသာ စစ်ဆေနိုင်ခဲ့ပြီး ပိုးတွေ့နှုန်း ၁ ဒသမ ၄၃ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ပိုးတွေ့နှုန်းကျသွားသယောင် ရှိပေမဲ့ ကာလတူ စစ်ဆေးနိုင်တဲ့ ပမာဏကို ကြည့်ရင် ရာခိုင်နှုန်း ၉၀ နီးပါး (၁၀ ဒသမ ၈၅ ရာခိုင်နှုန်းသာ စစ်ဆေးနိုင်) ကျဆင်းသွားတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ NLD အစိုးရရဲ့ စီစဉ်မှုနဲ့ ကိုဗစ်ကာကွယ်ဆေး တသန်းခွဲကို စတင်ထိုးနှံမှု အစီအစဉ် စခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ စစ်အာဏာသိမ်းခံခဲ့ရတာကြောင့် ပြည်သူတွေရဲ့ ကာကွယ်ဆေး အိပ်မက် ပျက်ပြယ် သွားပါတယ်။ ဒီနှစ် အစောပိုင်းမှာ မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီး ကာကွယ်ဆေး သုံးသန်းခွဲ လက်ခံရရှိထားပြီး လူပေါင်း ၁ ဒသမ ၅၄ သန်းကို ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံ ပေးနိုင်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ထိုးနှံမှုမှာတော့ ၀ ဒသမ ၃၄ သန်းသာ ရှိတာကြောင့် ကာကွယ်ဆေး ထိုးနှံမှုအပေါ် ပြည်သူတွေရဲ့ စိတ်ဝင်စားမှု သိသိသာသာ လျော့ကျနေတာကိုလည်း မြင်သာပါတယ်။
ဒီလို ဖြစ်လာရခြင်းဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ တိုင်းပြည် အာဏာ ရယူထားမှုကို ပြည်သူအများစုက လက်မခံဘဲ၊ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်လိုခြင်းက ပဓာန အခြေခံသဘော ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ် ကာကွယ်ရေးနဲ့ကုသရေး ရှေ့တန်း တိုက်စစ်မှုးတွေ ဖြစ်ခဲ့တဲ့ ကျန်းမားရေး ဝန်ထမ်းတွေနဲ့ စေတနာ့ ဝန်းထမ်းတွေဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ ရှေ့တန်း တိုက်စစ်မှူးတွေအဖြစ် အသွင် ပြောင်းသွားပါတယ်။ တခါ ကျန်းမာရေး နယ်ပယ်က ဝန်ထမ်း အနည်းဆုံး ၅၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်း ကျော်အထိ CDM (Civil Disobedience Movement) ပြုလုပ်ခဲ့ပါတယ်။ ဒါကို ဖြေရှင်းနိုင်ဖို့ စစ်ကောင်စီရဲ့ တုံ့ပြန် ဆောင်ရွက်မှုကလည်း ဖမ်းဆီး၊ အရေးယူ၊ တရားစွဲခြင်းတွေသာ ဖြစ်ခဲ့တဲ့အတွက်ကြောင့် စစ်အာဏာ မသိမ်းခင်ကာလ လည်ပတ်ခဲ့တဲ့ ကျန်းမာရေး ယန္တရားပုံစံ ပြန်ဖြစ်နိုင်ဖို့ မလွယ်နိုင်တော့ပါဘူး။ လက်ရှိအချိန်မှာ စစ်ကောင်စီဟာ CDM ပြုလုပ်ခဲ့ကြတဲ့ ဆရာဝန်တွေ အပါအဝင် ကျန်းမာရေးဝန်ထမ်း ၂၅၀ ကျော်ကို ပုဒ်မ ၅၀၀-က နဲ့ အမှုဖွင့်ပြီး ဖမ်းဆီးပေးဖို့ လူသိရှင်ကြား ကြေညာ ထားသလို၊ အခြားသော နည်းလမ်းတွေနဲ့ ဖမ်းဆီးခံထားရသူ များစွာလည်း ရှိနေပါတယ်။ ဒီလို လုပ်ဆောင်နေမှုတွေဟာ ရှိရင်းစွဲ ချည့်နဲ့နေတဲ့ ကျန်းမာရေး စနစ်အပေါ် ပိုမိုဆိုးရွားတဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။
ကိုဗစ်ကပ်ဘေး တတိယလှိုင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ တပြိုင်နက်တည်း ရင်ဆိုင်နေရတာက တတိယလှိုင်းကို ဘယ်လို ကာကွယ်ကြမလဲ ဆိုတာနဲ့ ကာကွယ်ဆေး ထိုးနှံမှုကိစ္စ ဖြစ်ပါတယ်။ တတိယလှိုင်းကို ဘယ်လို ကာကွယ်ကြမလဲဆိုတဲ့ ကိစ္စမှာ စစ်အာဏာ မသိမ်းခင် ပထမလှိုင်း၊ ဒုတိယလှိုင်းကို ရင်ဆိုင် ရချိန်ကထက် (ပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ပူးပေါင်းပါဝင်မှုအပါအဝင် နိုင်ငံတကာ အကူအညီ ကိစ္စရပ်တွေမှာပါ) အဆများစွာ ခက်ခဲသွားပါပြီ။ ကာကွယ်ဆေး ထိုးနှံမှု အပိုင်းမှာတော့ စစ်အာဏာရှင်စနစ်ကို အံတုခြင်း စဉ်းစားချက်အပြင် အခြား နည်းလမ်းတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရမယ့် အခြေအနေ ဖြစ်လာပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကို ရင်ဆိုင်ရာမှာ သက်ဆိုင်ရာ ဘက်အသီးသီး၊ အဖွဲ့အစည်း အသီးသီးက နိုင်ငံရေး ရူထောင့် တခုတည်းကိုပဲ အလေးပေး ပုံဖော်ဆောင်ရွက်ခြင်းဟာ အလွန် အန္တရာယ်များတဲ့ ကိစ္စဖြစ်ပါတယ်။ ဥပမာ- ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းစဉ်တွေဟာ အန္တရာယ် မဖြစ်စေဘူးဆိုတဲ့ နိုင်ငံတကာ ဆေးသိပ္ပံပညာ၊ အခြေခံ ထောက်ခံမှု ရရှိထားရင် ဆေးမထိုးသင့်ဘူး ဆိုပြီး လှုံ ဆော်တဲ့ လှုပ်ရှားမှုတွေကို မဆောင်ရွက်သင့်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု EAOs များ ထိန်းချုပ်ရာ ဒေသတွေမှာလည်း အခြေခံ ကျန်းမာရေး စံချိန်တွေနဲ့ ညီညွတ်ရင် ထိုးခွင့်ရသူတိုင်း ထိုးသင့်သလို ပြည်တွင်း ဒေသအသီးသီးမှာလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးကို လိုအပ်ချက်နဲ့ အညီ ထိုးသင့်ပါတယ်။ ဒီကိစ္စမှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အလွှာစုံက အဖွဲ့အစည်း အသီးသီးရဲ့ မူဝါဒနဲ့ ဆောင်ရွက်နိုင်စွမ်းကလည်း အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ကိုဗစ်-၁၉ ကပ်ဘေးကာကွယ်ရေးနဲ့ ပြည်သူအားလုံး ကာကွယ်ဆေး လက်လှမ်းမီ ရရှိစေရေးကို နိုင်ငံရေး ရူထောင့်သာမက ဘက်စုံထောင့်စုံ ပါဝင်တဲ့ လူသားလုံခြုံရေး ရူထောင့်ကပါ စဉ်းစားပြီး ပြင်ဆင် ရင်ဆိုင်ကြဖို့ လိုအပ်ပါတယ်။ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်နဲ့ မထိုက်တန်သလို ဒီကပ်ဆိုးကြီးကိုလည်း ခါးစည်းမခံသင့်ပါဘူး။


◉ What Matters
လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar က ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင်ဖြည့်စွက်သွားဖို့ ရည်ရွယ်ပါတယ်။
ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိကဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့ အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက်လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။
လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။
