What Matters

အာဆီယံအဖွဲ့၏ မြန်မာ့အရေးအပေါ်တွင် တုံ့ပြန်ဆောင်ရွက်မှုများ

By ISP Admin | April 23, 2021

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၂)

Download PDF Version

မြန်မာ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေမှာ အာဆီယံဟာ အပြုသဘော ချဉ်းကပ်မှုကိုပဲ အစဉ်တစိုက် ကျင့်သုံးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစပြီး အာဆီယံက အဖွဲ့အစည်းအနေနဲ့ရော၊ အဖွဲ့ဝင် တနိုင်ငံချင်းအနေပါ မြန်မာ့အရေးကို ကြားဝင် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှု တွေ ရှိခဲ့ပါတယ်။ အခု လာမယ့် ဧပြီ ၂၄ ရက်မှာတော့ ခေါင်းဆောင်တွေ လူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးကြမယ့် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပပြီး မြန်မာ့အရေးကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဖွဲ့ဝင် နိုင်ငံတခုရဲ့ ပြဿနာအတွက် ထိပ်သီး အစည်းအဝေး ခေါ်ယူပြီး အဖြေရှာဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ အရေးမှာ အာဆီယံရဲ့အခန်းကဏ္ဍကို လက်တွေ့ကျကျ ဆင်ခြင်နိုင်ဖို့ အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကိစ္စရပ်တွေမှာ အာဆီယံက ဘယ်လို အခန်းကဏ္ဍကနေ ပါခဲ့တယ်၊ ဘယ်လောက် ထိထိရောက်ရောက် ဆောင်ရွက် နိုင်ခဲ့သလဲ ဆိုတာဟာ အလေးထား လေ့လာသင့်တဲ့ အကြောင်းအရာ တရပ်ဖြစ်ပါတယ်။

∎ ဆိုလိုရင်းအနှစ်ချုပ် 

အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ဘူး ဆိုတဲ့ မူဝါဒကို လက်ကိုင်ထားလေ့ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အတွင်းက ဒီမိုကရေစီရေး ကြိုးပမ်းသူတွေအပေါ် ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်တွေမှာ အာဆီယံက မျက်ကွယ်ပြုသလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီးမှာ  အပြုသဘာ ထိတွေ့ဆက်ဆံမှု မူဝါဒနဲ့ မြန်မာ့အရေးကို ပိုမို ပါဝင် ဆောင်ရွက်လာပါတယ်။ ဒီလို ဆောင်ရွက်လာတာကလည်း အာဆီယံမှာ မြန်မာ့အရေး ထိထိရောက်ရောက် ကိုင်တွယ်ဖို့ နိုင်ငံတကာ ဖိအားတွေ မြင့်တက်လာတာ၊ ပြီးတော့ အာဆီယံရဲ့ ဒေသတွင်း ပြဿနာတွေကို ဖြေရှင်းဆောင် ရွက်နိုင်မှုအပေါ် ယုံကြည်မှု ကျဆင်း လာနိုင်တာတွေကြောင့် ဖြစ်တယ်လို့ လန်ဒန် စီးပွားရေးပညာကျောင်းက သုတေသီ Jurgen Haacke  က ဆိုပါတယ်။ တဆက်တည်းမှာပဲ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဟာ နိုင်ငံတခုချင်းစီအလိုက် တန်ဖိုးထားမှု၊ စံနှုန်းတွေ၊ နိုင်ငံရေးစနစ်တွေ ကွဲပြားခြားနားမှုကြီးမားတာ၊ မြန်မာနိုင်ငံရဲ့ ပထဝီ နိုင်ငံရေး အရေးပါမှုနဲ့ မြန်မာနိုင်ငံအတွင်း အမျိုးသား ရင်ကြားစေ့ရေးကို လိုလားပေမယ့် ဘယ်လို ပုံစံနဲ့ ဆောင်ရွက် ကြမလဲ ဆိုတဲ့ ကိစ္စတွေမှာ ထဲထဲဝင်ဝင် ပါဝင်လိုတဲ့ လိုလားချက် မရှိတာတွေကြောင့် အာဆီယံဟာ မြန်မာ စစ်တပ်နဲ့ နိုင်ငံတေ ာ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖအစိုးရ) ရဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေအပေါ် များစွာ သက်ရောက် လွှမ်းမိုးနိုင်မှု မရှိခဲ့ဘူးလို့ သူက သုံးသပ်ပါတယ် (Haacke 2010)။  ဒါအပြင် အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ မြန်မာ့ အရေးနဲ့ ပတ်သက်ရင် အယူအဆပိုင်းဆိုင်ရာ အခိုင်မာဆုံးရှိတဲ့ နိုင်ငံဖြစ်ပြီး  ဦးစီးဦးဆောင် ပြုလေ့ရှိပေမယ့် ဒီမူဝါဒတွေကို လက်တွေမှာ အကောင်အထည်ဖော်နိုင်ဖို့ အလှမ်းဝေးနေသေးတယ်လို့ သူက ဆိုပါတယ် (Haccke 2008).

ဒါပေမဲ့ ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ် အပြီးမှာ မြန်မာစစ်တပ်က နိုင်ငံတကာကယ်ဆယ်ရေး လုပ်သားတွေကို ဝင်ရောက်ခွင့် မပေးခဲ့ရတာကြောင့် နိုင်ငံတကာ ဖိအား ပြင်းထန်ချိန်မှာ အာဆီယံအနေနဲ့ အောင်မြင်စွာ ကြားဝင်ညှိနှိုင်း ပေးနိုင်ခဲ့ပါတယ်။ အဲဒီအခင်းအကျင်းမှာ အာဆီယံ လူသားချင်းဆိုင်ရာ လုပ်ငန်းအဖွဲ့နဲ့  မြန်မာနိုင်ငံ၊ အာဆီယံနဲ့ ကုလသမဂ္ဂအကြား သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှု  ယန္တရားတရပ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး လူသားချင်း စာနာမှု လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ရေး နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သား ၄၀၀၀ ကျော်ကို ဗီဇာထုတ်ပေးဖို့ လိုက်လျော ခဲ့ရပါတယ် (Labbe and Fan 2013)။  ဆိုင်ကလုန်း နာဂစ်အရေးမှာ အာဆီယံက ကြားဝင် ဦးဆောင်မှု အခန်းကဏ္ဍ ပေးနိုင်ခဲ့တယ် ဆိုပေမယ့် ဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး ဆိုင်ရာ လူသားချင်း စာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှု အပေါ်မှာ အခြေခံထားပြီး နိုင်ငံရေးအရ ပတ်သက်မှု အားနည်းတာကြောင့် ဒီအောင်မြင်မှုကို နိုင်ငံရေးနယ်ပယ်မှာ ပုံတူကူးနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။

∎ ဘာကြောင့် အလေးထားသင့်သလဲ

မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ဖြစ်စေခဲ့တဲ့ အခင်းအကျင်းမှာ ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေး၊ ၂၀၀၇ ခုနှစ် ရွေဝါရောင် တော်လှန်ရေး၊ ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ်ဒဏ် ခံခဲ့ရမှုစတဲ့ ကိစ္စရပ်တွေက အရေးပါခဲ့ပါတယ်။ အဲဒီကိစ္စရပ်တွေအပြင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အခင်းအကျင်းတွေမှာ အာဆီယံက ဘယ်လို တုန့်ပြန်မှုတွေ ရှိခဲ့လဲ၊ ဘယ်လိုအခန်းကဏ္ဍကနေ ပါခဲ့သလဲ၊ ဘယ်လောက် ထိရောက်ခဲ့သလဲ၊ ဘယ်လို အကန့်အသတ်တွေ ရှိခဲ့သလဲဆိုတာကို ဒီသုတေသနတွေက လေ့လာထားတာ ကြောင့် အခုဖြစ်လာတဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး အလေးထားသင့်တဲ့ အကြောင်းတခု ဖြစ်ပါတယ်။ 

∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား 

လက်ရှိ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းမှုကြောင့် ဖြစ်လာတဲ့ အထွေထွေအကျပ်အတည်းနဲ့ နိုင်ငံရေးဆိုင်ရာ အရေးဆိုမှုတွေအပေါ် ဖိနှိပ်ခြင်းနဲ့  လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်တွေ များလာတဲ့ ကိစ္စရပ်တွေကို နိုင်ငံတကာက အရေးယူ ကိုင်တွယ် ဖြေရှင်းရာမှာ အာဆီယံက အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ ဒါကြောင့်လည်း မြန်မာ့အရေး ကိစ္စရပ်တွေမှာ အာဆီယံက ဘယ်လို လုပ်ဆောင်ခဲ့သလဲ ဆိုတာတွေက ပစ္စက္ခ အခြေအနေတွေနဲ့ တိုက်ရိုက် ဆီလျော်မှု ရှိနေပါတယ်။

အခုချိန်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကို အာဆီယံအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ကုလသမဂ္ဂ၊ တရုတ်နဲ့ အခြား အင်အားကြီး နိုင်ငံတွေကလည်း  မြန်မာ့အရေး အဖြေရှာမှုမှာ  ဒေသတွင်း အဖွဲ့အစည်း ဖြစ်တဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို အလေးပေး ဖော်ပြနေကြပါတယ်။ ဒါ့အပြင် နှစ်လကျော်အတွင်း လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ရပြီး ၃,၀၀၀ ကျော် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြေပြင် အခြေအနေမှာ တင်းမာမှုတွေကတဆင့် ပြည်တွင်းစစ် ပိုပြီး အရှိန် ရလာခဲ့ရင် မြန်မာ့အရေးက အိမ်နီးချင်းနဲ့ ဒေသတွင်း နိုင်ငံတွေအပေါ် သက်ရောက်မှု ကြီးမားနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်အဖွဲ့ဝင် နိုင်ငံတခုရဲ့ အရေးကို အာဆီယံက ထိထိရောက်ရောက် ဖြေရှင်းပေးဖို့ နိုင်ငံတကာဖိအားတွေ မြင့်တက်လာသလို၊ မြန်မာ့အရေးမှာ သက်ရောက် လွှမ်းမိုးနိုင်ခြင်း မရှိခဲ့ရင် အဖွဲ့ရဲ့ ဂုဏ်သိက္ခာနဲ့ ယုံကြည်ကိုးစားခံရမှုကို ထိပါးစေနိုင်တာကြောင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ အနေအထား ဖြစ်လာပါတယ်။

အခြားတဖက်မှာလည်း မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ အင်အားကြီး နိုင်ငံတွေအကြား သဘောထား ကွဲလွဲမှုတွေ ရှိနေတာကြာင့် ကုလသမဂ္ ဂလုံခြုံရေးကောင်စီအနေနဲ့ တညီတညွတ်တည်း သဘောတူ ဖြေရှင်းနိုင်ဖို့ ခက်ခဲပါတယ်။ မြန်မာစစ်တပ်ကို အမေရိကန်နဲ့ ဥရောပနဲ့ အနောက် နိုင်ငံတွေက ပြင်းထန်တဲ့ဝေဖန်မှုတွေ၊ စီးပွားရေးရာ သံတမန်ရေးရာ ပိတ်ဆို့ပြီး ဖိအားပေး ဆောင်ရွက်နေသလို တရုတ်၊ ရုရှား စတဲ့ အင်အားကြီး နိုင်ငံ တချို့ကလည်း နိုင်ငံရေးအဖြေရှာမှုထက် တည်ငြိမ်းရေးကို ဦးစားပေးပြီး စစ်တပ်ကို မြန်မြန် အဖြေရှာခိုင်း နေတဲ့  ပုံစံမျိုးကို တွေ့ရပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂရော၊ မြန်မာနိုင်ငံရေးမှာအရေးပါတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံကပါ အာဆီယံရဲ့ အခန်းကဏ္ဍကို ထောက်ခံ အားပေးထားပါတယ်။  

လာမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ တချိန်က ဒေသတွင်း အကျပ်အတည်းချဉ်းကပ်မှုမှာ အောင်မြင်ခဲ့ဖူးတဲ့ မိုဒယ်တပုံစံ (ဆိုင်ကလုန်း နာဂစ် ပြည်လည်ထူးထောင်ရေး သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံ) ကတဆင့် လက်ရှိ အခြေအနေကို ချဉ်းကပ် စဉ်းစား လာနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာဟာ ဆိုင်ကလုန်း နာဂစ် ဖြစ်တုန်းကလို လူ့သားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးထက် များစွာ ပိုမိုရူပ်ထွေးတဲ့ နိုင်ငံရေးကိစ္စ ဖြစ်ပါတယ်။ ဒါ့အပြင်  အာဆီယံ အဖွဲ့ဝင်တွေ ကြားမှာလဲ လက်ရှိ မြန်မာ နိုင်ငံအရေးကို တက်တက်ကြွကြွ ဦးစီးဦးဆောင်ပြု ဆောင်ရွက်နေတဲ့ အင်ဒိုနီးရှား၊ စင်္ကာပူ၊ စတဲ့ နိုင်ငံတွေ ရှိသလို စစ်ကောင်စီရဲ့တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ထိုင်း၊ လာအို၊ ဗီယက်နမ် တို့လို နိုင်ငံတွေလည်း ပါရှိနေတာကြောင့် ထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှု ပေါ်ပေါက်ဖို့ရာ အကန့်အသတ် များစွာ ရှိနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့အရေး ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ အာဆီယံက ဘယ်လောက် လုပ်ပေးနိုင်မလဲ ဆိုတာကို ဧပြီ ၂၄ ရက် ထိပ်သီးဆွေးနွေးပွဲက ထွက်ပေါ်လာမယ့် ရလဒ်ကို ကြည့်ရပါမယ်။

တဖက်မှာလည်း မြန်မာ့အရေး အာဆီယံရဲ့အခန်းကဏ္ဍ စဉ်းစားတဲ့အခါ သက်ဆိုင်ရာ နိုင်ငံနဲ့အဖွဲ့တွေရဲ့ အခြေခံ အထိုင် စဉ်းစာချက်တွေ၊ အခြေခံ မူဝါဒတွေကို ပေးထားချက်အဖြစ် နားလည်ပြီး စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး ဦးတည်ချက်အတွက် နိုင်ငံတကာ ဖိအား၊ တွန်းအား၊ ဆွဲအား အားလုံးကို အကျိုးရှိရှိ အသုံးချနိုင်မယ်ဆိုရင် လိုရာပန်းတိုင် ရောက်နိုင်ပါတယ်။

∎ Further Readings

Labbe, Jeremie and Fan, Lilianne et.al. (2013). “The Cylone Nargis in Myanmar and the ASEAN Response: The Cooperation from Crisis?”, International Peace institute. Haacke, Jurgen. (2010). “The Myanmar Imgrolio and ASEAN: Heading Towards the 2010 elections.” International Affairs. Vol 86. No (1). Pp 153.174.

◉ What Matters 

လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar က ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင်ဖြည့်စွက်သွားဖို့ ရည်ရွယ်ပါတယ်။

ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိကဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့ အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက်လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။

လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။



Leave a Reply

Your email address will not be published. Required fields are marked *