အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒ ထုတ်ဖော်မှုတွေ တနိုင်ငံလုံးမှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေအပေါ် စစ်အာဏာသိမ်းကောင်စီက အင်အားသုံး အကြမ်းဖက် ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ရာ လက်ရှိအချိန်အထိ လူဦးရေ ၅၀ ကျော်အထိ သေဆုံးခဲ့ရပါတယ်။ ထို့အတူ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ရှိခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၄၉ ဦး၏ အချက်အလက်များကို ရရှိထားပြီး၊ ဒီစာရင်းတွင် ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများကြောင့် သေဆုံးခဲ့ရသူ အရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ် ခံရသူတွေနဲ့ ပစ်ခတ် ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆန္ဒထုတ်ဖော်မှုတွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိဆိုတာကို လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာအချက်လက်များပဲ ဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က မှတ်တမ်းပြုစုခဲ့တဲ့ စာရင်းတွေကို လေ့လာတဲ့အခါ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် သေဆုံးခဲ့ရသူ အများစုဟာ အသက် ၁၄ နှစ်နဲ့ ၂၀ နှစ်အကြား ဆယ်ကျော်သက် အများစု ဖြစ်တာကို တွေ့ရပါတယ်။ တခါ ဦးခေါင်းကို ပစ်ခတ် ခံခဲ့ရလို့ သေဆုံးရသူ အနည်းဆုံး ၁၀ ဦးထက်မနည်း ရှိခဲ့ပြီး၊ ဦးခေါင်း ရိုက်နှက်ခံရတဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့ရသူတွေလည်း ရှိနေပါတယ်။ ကျား-မ အရေအတွက် နှိုင်းယှဉ် ကြည့်ရင် အတည်ပြုနိုင်တဲ့ အချက်အလက်တွေအရ အမျိုးသား ၄၂ ဦး သေဆုံးခဲ့ရပြီး၊ အမျိုးသမီး ခြောက်ဦး သေဆုံးခဲ့တာ တွေ့နိုင်ပါတယ်။ ဒေသအလိုက် သေဆုံးခဲ့ရသူအများစုက ရန်ကုန်နဲ့ မန္တလေးဖြစ်ပြီး၊ စစ်ကိုင်းတိုင်းအတွင်း သေဆုံးခဲ့ရမှုလည်း များခဲ့ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူ အရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာ ကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်သေးခြင်း မရှိသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။





◉ မိတ်ဆက်
လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍသစ်တခုကို ISP-Myanmar က တင်ဆက်သွားပါမယ်။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင်ဖြည့်စွက်သွားဖို့ ရည်ရွယ်ပါတယ်။
ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိကဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့ အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက်လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။
လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။
