အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၈)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဧပြီ ၁၀ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၃၈၀၀ ကျော် အထိ ရှိလာပါတယ်။ ဒီအထဲမှာ ၃၀၁၂ ဦးက ဖမ်းဆီး ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ NLD အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင်၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေလည်း ပါဝင်ပြီး၊ NLD ပါတီဝင်တွေကိုလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်သားတွေ၊ အရပ်သား ပြည်သူတွေ၊ CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီး ထိန်းသိမ်း ခံထားရသူတွေထဲက တချို့ကို ပြန်လွှတ်ခဲ့ပေမဲ့ အများစုကို ဆက်ပြီး ဖမ်းထားဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားသူ စာရင်းကို အာဏာသိမ်း စစ်ကောင်စီက နေ့စဉ်ရက် ဆက်ဆိုသလို ဖော်ပြ နေပါတယ်။ တခါ ဖမ်းဆီးခံထားရသူများ၊ ၀ရမ်းထုတ်ခံထားရသူ စာရင်းရဲ့ ကိန်းဂဏန်းတွေကို လေ့လာ ကြည့်ရင်လည်း ပုဒ်မ ၅၀၅(က) ကို အများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မ အမျိုးမျိုးနဲ့ ဖမ်းဆီး ထောင်ချခံနေရတဲ့ ပြည်သူအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူ တွေအပေါ် (တရားရေးမဏ္ဍိုင်အသုံးချပြီး) ဘယ်လို ဖိနှိပ်မှုတွေ လုပ်သလဲ ဆိုတာကို သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုကို အင်အားသုံး အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းတာတွေအပြင်၊ လူထုလှုပ်ရှားမှုမှာ ပါဝင်သူတွေကို ကြီးလေးတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီး ထောင်ချ အရေးယူမှု လုပ်တာတွေကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာအချက်အလက်တွေပဲ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူ အရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာ ကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။





◉ What Matters
လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar က ဖော်ပြနေတာပါ။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင် ဖြည့်စွက်သွား ဖို့ ရည်ရွယ်ပါတယ်။
ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိက ဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့ အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာ ကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက် လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။
လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲ ဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။
