အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၇)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
စစ်အာဏာသိမ်းမှု ဖြစ်ပြီး နောက်ပိုင်း တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားမှု ၆၉ ကြိမ်ထက် မနည်းရှိခဲ့ပါတယ်။ အများစုက ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာ ဖြစ်ခဲ့တာပါ။ အထူးသဖြင့် မတ် ၂၇ ရက်က အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်စခန်းတခု ဖြစ်တဲ့ သီးမူထာ စခန်းကို KNU တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေက တိုက်ခိုက် သိမ်းယူပြီးနောက် မတ်လ ၂၇၊ ၂၈၊ ၂၉၊ ၃၀ ရက်တွေမှာ စစ်ကောင်စီ တပ်တွေက KNU နယ်မြေများ အတွင်း လေကြောင်းက တဆင့် ဗုံးကြဲ တိုက်ခိုက်ခြင်းအထိပါ ပြုလုပ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း KNU တပ်မဟာနယ်မြေတွေမှာ နှစ်ဖက်ပစ်ခတ်မှု အကြိမ်ပေါင်း ၂၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နှစ်လကျော် အချိန်အတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၅၁ ဦးကျော် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၇၁ ဦးကျော် ရှိခဲ့ပါတယ်။ ဒီထဲကမှ ၂၀ ကျော်ဟာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ တခါ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် တိုးလာပြီး စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ဘေးဒုက္ခသည် အရေအတွက် ၃၂,၀၃၀ ဦးကျော် တိုးလာပါတယ်။ ၂၀၂၀ ပြည့်နှစ်ကစပြီး အခု ၂၀၂၁ ခုနှစ် ဧပြီ ပထမပတ်အထိ စစ်ပြေးဒုက္ခသည် အရေအတွက်က ၃၉၉,၅၃၀ ဦးကျော် ရှိလာခဲ့ပါတယ်။
တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေထဲမှာ ၃၀,၀၀၀ ကျော်က ကရင်ပြည်နယ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်ကို တိမ်းရှောင်ခဲ့ရသူ ၃,၀၀၀ ကျော်လောက်ပဲရှိပြီး အများစုက KNU တပ်မဟာနယ်မြေတွေအတွင်းက တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူး ပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေတွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။





◉ What Matters
လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar က ဖော်ပြနေတာပါ။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင် ဖြည့်စွက်သွားဖို့ ရည်ရွယ်ပါတယ်။
ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိက ဖြေဆိုဖို့ အားထုတ် ပါတယ်။ (၁) တင်ပြချင်တဲ့ အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာ ကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက် လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။
လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲ ဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။
