အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၄)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒ ထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒ ထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (ဧပြီ ၁ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၅၄၃ ဦးထက် မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ဧပြီ ၁ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၅၂၂ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းတွင် ပါဝင် ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။
အရင်တပတ်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၁၃ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ် လေ့လာမယ်ဆိုရင် တပတ်အတွင်း သေဆုံးရသူ အရေအတွက်က ၂၂၃ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံး အသက် အုပ်စုထဲမှာ အသက် ၁၈ နှစ်အောက် အရွယ် မရောက်သေးသူတွေရော၊ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် အသက် ၃၁ နှစ်နဲ့ ၄၀ အကြား အသက်အုပ်စုလည်း သေဆုံးရမှု ပိုများလာတာ တွေ့ရပါတယ်။ တခါ ဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က အရင်တပတ်ကထက် ပိုများလာပြီး၊ အရင်တပတ်က ၅၉ ဦးကျော် ရှိခဲ့ရာကနေ ဒီတပတ်မှာ ၈၀ ဦးကျော် (သေဆုံးရသူ အားလုံးရဲ့ ၁၅ ရာခိုင်နှုန်း) ဖြစ်လာပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးက ဒုတိယနေရာမှာ ရှိနေပါတယ်။
ဒီတပတ်အတွင်း သေဆုံးခဲ့ရသူ ၂၂၃ ဦးကျော်အနက် ၁၄၁ ဦးက မတ် ၂၇ ရက် တော်လှန်ရေးနေ့ တရက်တည်းမှာ သေဆုံးခဲ့ရသူတွေဖြစ်ပါတယ်။လတ်တလော အချိန်အထိ တရားဝင် အတည်ပြုနိုင်တဲ့ အချက်အလက်တွေအရ မတ် ၂၇ ရက်က သေဆုံးခဲ့ရတဲ့ အရေအတွက် ဟာ မတ် ၁၄ ရက်က စံချိန်တင် သေဆုံးခဲ့ရတဲ့ အရေအတွက်ထက် ကျော်လွန်ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် အဲဒီနှစ်ရက်ပေါင်း သေဆုံးခဲ့ရသူ အရေ အတွက်ဟာ ဖေဖော်ဝါရီ ၈ ရက်နောက်ပိုင်း စုစုပေါင်း သေဆုံးသူအားလုံးရဲ့ ၄၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ အဲဒီလို ပြည်သူတွေ ရာနဲ့ချီ သေဆုံးခဲ့ရမှုတွေဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း သဘာ၀ဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ မြို့ပြဒေသမှာ ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ပြည်သူအများဆုံး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်များအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီက ပြည်သူတွေကို အင်အားသုံး အကြမ်းဖက်ဖြိုခွင်းတဲ့အခါမှာ လက်ပစ်ဗုံး အသုံးပြုလာတာ၊ မီးရှို့သတ်ဖြတ်မှုအချို့ ပြုလုပ်လာတာကိုလည်း သတင်းမီဒီယာတွေနဲ့ လွတ်လပ်တဲ့ အဖွဲ့ အစည်းတွေက ဖော်ပြတဲ့ မှတ်တမ်းတွေအရ သိရှိပါတယ်။ မတ် ၂၇ ရက်က ရန်ကုန်မြို့၊ ကျောက်မြောင်းမှာ လက်ပစ်ဗုံးကြောင့် ပြည်သူတဦး သေဆုံးခဲ့ဖြစ်ရပ်အပြင် အလားတူ ဖြစ်ရပ်တွေကို လှိုင်မြို့နယ်နဲ့ တောင်ဒဂုံ မြို့နယ်တွေမှာလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ မတ် ၂၇ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ပြည်သူနှစ်ဦးကိုလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက မီးရှို့ သတ်ဖြတ်ခဲ့ကြတယ်ဆိုတဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း မတ် ၂၉ ရက်နေ့က မန္တလေးမြို့ အောင်မြေသာစံ မင်းတဲအီ ကင်းရပ်ကွက်ထဲ ရဲအရာရှိတဦး အရပ်ဝတ်နဲ့သွားနေစဉ် ပျောက်ဆုံးပြီး မီးရှို့ သတ်ဖြတ်ခံခဲ့ရကြောင်း ထုတ်ပြန်ခဲ့တာ ရှိပါတယ်။ ရဲအရာရှိတဦး မီးရှို့သတ်ဖြတ်ခံရတဲ့ သတင်းဟာ အာဏာသိမ်း စစ်ကောင်စီဘက်က ပြောဆိုမှုသာ ဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်း များရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။
➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၁၃) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ အရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူ အရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာ ကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။

◉ What Matters
လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar က ဖော်ပြနေတာပါ။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင် ဖြည့်စွက်သွား ဖို့ ရည်ရွယ်ပါတယ်။
ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိက ဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့ အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာ ကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက် လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။
လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲ ဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။
