What Matters

ဥပဒေကြောင်းအရ တိုက်ပွဲသည်လည်း အရေးကြီးပါသည်

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီဟာ ဥပဒေတွေကို စိတ်ကြိုက် ပြင်ဆင်ပြီး ယခင် စစ်အစိုးရများနည်းတူ နိုင်ငံရေးအရ အရေးဆိုမှုတွေအပေါ် နှိပ်ကွပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒီအထဲမှာ နိုင်ငံသား အခွင့်အရေးကို ကာကွယ်ပေးတဲ့ ဥပဒေကို ဆိုင်းငံ့လိုက်တာ၊ ရပ်ကျေးဥပဒေ အပါအဝင် ရာဇသတ်ကြီး ဥပဒေပုဒ်မတွေကို ဖွင့်ဆိုချက်အရရော၊ ပြစ်မှု ပြစ်ဒဏ်ကိုပါ တိုးပြီး စိတ်ကြိုက် ပြင်ဆင်လိုက်တဲ့ ကိစ္စရပ်တွေလည်း ပါခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်မှုတွေ လုပ်ပြီးတဲ့နောက် ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းဖက် အင်အားသုံး ပစ်ခတ် ဖြိုခွင်းတာတွေ လုပ်ခဲ့သလို၊ အာဏာသိမ်းတဲ့ နေ့ကစပြီး လက်ရှိအချိန်အထိလည်း ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ ဖမ်းဆီးမှုတွေနဲ့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်တဲ့ လူ့အခွင့်အရေးနဲ့ လူဂုဏ်သိက္ခာ ချိုးဖောက်ခံရခြင်း များစွ ာဖြစ်ခဲ့တာကိုလည်း ပြည်သူတွေက ရယူထားတဲ့ မှတ်တမ်း၊ ဗီဒီယိုတွေမှာ အထင်အရှား တွေ့ခဲ့ရပါတယ်။ ဖမ်းထားတဲ့ သူတွေထဲက တချို့ကို ပြန်လွှတ်ပေးခဲ့တယ် ဆိုပေမယ့် လက်ရှိအချိန်အထိ ဖမ်းဆီး အမှုဖွင့်ခံရသူက ၃၀၀၀ နီးပါး ရှိလာပါပြီ။ ဒီအထဲမှာ အကြောင်းပြချက် တစုံတရာ မရှိဘဲ အဖမ်းခံရသူတွေ ရှိသလို၊ ဖမ်းပြီးတဲ့နောက် ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ မသိရသူတွေလည်း ရှိနေပါတယ်။ ဒီအခါ မတရား ဖမ်းဆီးခံရသူတွေ၊ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရသူတွေအတွက် ဥပဒေကြောင်းအရ တိုက်ပွဲဝင်မှုက အရေးကြီးကိစ္စရပ်တခု ဖြစ်လာပါတယ်။
By ISP Admin | March 27, 2021

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၂)

Download PDF Version

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီဟာ ဥပဒေတွေကို စိတ်ကြိုက် ပြင်ဆင်ပြီး ယခင် စစ်အစိုးရများနည်းတူ နိုင်ငံရေးအရ အရေးဆိုမှုတွေအပေါ် နှိပ်ကွပ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒီအထဲမှာ နိုင်ငံသား အခွင့်အရေးကို ကာကွယ်ပေးတဲ့ ဥပဒေကို ဆိုင်းငံ့လိုက်တာ၊ ရပ်ကျေးဥပဒေ အပါအဝင် ရာဇသတ်ကြီး ဥပဒေပုဒ်မတွေကို ဖွင့်ဆိုချက်အရရော၊ ပြစ်မှု ပြစ်ဒဏ်ကိုပါ တိုးပြီး စိတ်ကြိုက် ပြင်ဆင်လိုက်တဲ့ ကိစ္စရပ်တွေလည်း ပါခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်မှုတွေ လုပ်ပြီးတဲ့နောက် ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းဖက် အင်အားသုံး ပစ်ခတ် ဖြိုခွင်းတာတွေ လုပ်ခဲ့သလို၊ အာဏာသိမ်းတဲ့ နေ့ကစပြီး လက်ရှိအချိန်အထိလည်း ဖမ်းဆီးမှုတွေ လုပ်ခဲ့ပါတယ်။ ဖမ်းဆီးမှုတွေနဲ့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်တဲ့ လူ့အခွင့်အရေးနဲ့ လူဂုဏ်သိက္ခာ ချိုးဖောက်ခံရခြင်း များစွ ာဖြစ်ခဲ့တာကိုလည်း ပြည်သူတွေက ရယူထားတဲ့ မှတ်တမ်း၊ ဗီဒီယိုတွေမှာ အထင်အရှား တွေ့ခဲ့ရပါတယ်။ ဖမ်းထားတဲ့ သူတွေထဲက တချို့ကို ပြန်လွှတ်ပေးခဲ့တယ် ဆိုပေမယ့် လက်ရှိအချိန်အထိ ဖမ်းဆီး အမှုဖွင့်ခံရသူက ၃၀၀၀ နီးပါး ရှိလာပါပြီ။ ဒီအထဲမှာ အကြောင်းပြချက် တစုံတရာ မရှိဘဲ အဖမ်းခံရသူတွေ ရှိသလို၊ ဖမ်းပြီးတဲ့နောက် ဘယ်နေရာမှာ ရှိနေလဲ ဆိုတာ မသိရသူတွေလည်း ရှိနေပါတယ်။ ဒီအခါ မတရား ဖမ်းဆီးခံရသူတွေ၊ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရသူတွေအတွက် ဥပဒေကြောင်းအရ တိုက်ပွဲဝင်မှုက အရေးကြီးကိစ္စရပ်တခု ဖြစ်လာပါတယ်။ 

∎ ဆိုလိုရင်းအနှစ်ချုပ် 

ဥပဒေကြောင်းအရ ရင်ဆိုင် တိုက်ပွဲဝင်ခြင်းဆိုတာကို တရားရုံးရှေ့မှောက် ကြားနာစီရင်ချက် မချခင် ကိုယ့်ရဲ့အရေးကို ဆိုခွင့်ရှိတာ၊ အဲ့ဒီ အရေးဆိုခွင့်ကို တိုက်ပွဲ နည်းနာတခုအဖြစ် အသုံးချတာကို ရည်ညွှန်း လိုပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတဲ့ နှုန်းစံတန်ဖိုးနဲ့ တွဲစပ် ဖွင့်ဆိုမယ် ဆိုရင် တရားရုံးပြင်ကနား တက်ပိုင်ခွင့် ဆိုတာ လူတဦးချင်းရဲ့ အခွင့်အရေး ဖြစ်ပြီး ဒါကို တရားရုံးက မျှတမှုရှိစွာ ကြားနာ စီရင်ချက်ချဖို့ တိုက်ပွဲဝင်တာပါပဲ (Francioni 2007)။ ဖိနှိပ်တဲ့ စနစ်အောက်မှာ ဒီလို အခြေနေမျိုးဟာ မဖြစ်နိုင်ပါဘူး။ စစ်အုပ်ချုပ်ရေးအောက် စစ်ခုံရုံးနဲ့ အကျဉ်းရုံး စီရင်ခံရတဲ့ အခြေအနေမျိုးမှာဆိုရင် တရားရုံးရှေ့မှောက် အရေးဆိုခွင့်၊ ကြားနာ ခံရပိုင်ခွင့်တောင် မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တရားသည် ဖြစ်စေ၊ မတရားသည် ဖြစ်စေ၊ ဖိနှိပ်မှုအောက်မှာ ဥပဒေကြောင်း အရ တိုက်ပွဲဆင်ဖို့ လိုသလားဆိုတဲ့ မေးခွန်းက အရေးပါပါတယ်။ 

အခု မြန်မာနိုင်ငံမှာ ဖြစ်တဲ့ စစ်အာဏာသိမ်းမှုဟာ တရားမဝင် လုပ်ရပ် ဖြစ်တယ်၊ အာဏာသိမ်းပြီး တက်လာတဲ့ အစိုးရကို အသိအမှတ် ပြုဖို့ မလိုဘူး၊ တခါ အာဏာသိမ်း စစ်ကောင်စီအောက်က တရားရုံးတွေကို အသိ အမှတ်ပြုစရာ မလိုဘူးဆိုတဲ့ အယူအဆကို အားနဲ့အင်နဲ့ ခံယူမှုမျိုး ရှိပါတယ်။ ဒီလို ခံယူချက်ကြောင့်ပဲ ဥပဒေကြောင်းအရ ဘယ်လို လှုပ်ရှားဆောင်ရွက်မှုမျိုးမှ လုပ်စရာမလိုဘူးဆိုတဲ့ သဘောထားမျိုးတွေ ပေါ်ထွက်လာပါတယ်။ လူ့အခွင့်အရေး သုတေသီတွေကတော့ ဥပဒေကြောင်းအရ တိုက်ပွဲ ဝင်ခြင်းအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေ စုဆောင်းဖို့၊ ဖြန့်ချိဖို့အတွက် အထောက် အကူ ဖြစ်တာကြောင့် အထူး အရေးတကြီး လိုအပ်တယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ နစ်နာရသူတွေအတွက် နောက်ပိုင်းမှာ ပံ့ပိုး ကူညီပေးဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ပြစ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေအပေါ် တာဝန်ယူ တာဝန်ခံမှု ရှိစေရေး၊ အမှန်တကယ်အားဖြင့် ပြစ်မှုကျူးလွန်ထားသူတွေ အပြစ်ပေး ခံရခြင်း မရှိဘဲ ကင်းလွတ်ခွင့် ရှိနေတဲ့ အခြေအနေ အဆုံးသတ်စေရေး လှုပ်ရှားမှုတွေအတွက် အကျိုး ဖြစ်ထွန်းစေပါတယ်။ တခါ အာဏာကို ကိုင်စွဲထားသူတွေ လက်လွတ်စပယ် မလုပ်နိုင်အောင်လည်း အထောက်အကူ ဖြစ်စေပါတယ်။ နောက်ဆုံး ဒီလို ဥပဒေကြောင်းအရ တိုက်ပွဲဝင်ခြင်း ဆောင်ရွက်မှုအားလုံးဟာ “ငြိမ်းချမ်းစွာ ဆောင်ရွက်တဲ့ လှုပ်ရှားမှု” သာ ဖြစ်လို့ အရေးကြီးတယ်၊ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။

∎ ဘာကြောင့် အလေးထားသင့်သလဲ 

အခြေခံ လူ့အခွင့်အရေးတွေဟာ လူသား အားလုံးအတွက် အကျုံးဝင်တယ် (Universal) လို့ ကမ္ဘာ့ကုလသမဂ္ဂ (UN) အပါအဝင်၊ နိုင်ငံတကာ အသိုက်အဝန်းက ခံယူထားကြပါတယ်။ လူတဦးချင်းနဲ့ လူနည်းစုတွေ အတွက်သာမက လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေ အပေါ်မှာလည်း ကာကွယ်ပေးရမယ်လို့ ခံယူထားပါတယ်။ ဒီလို လုပ်ငန်းတွေကို ဥပဒေ ဘက်တော်သားတွေ အပြင် သာမန်နိုင်ငံသား တဦးချင်းကပါ ဆောင်ရွက်နိုင်ကြပါတယ်။ မတရား ဖမ်းဆီး ခံခဲ့ရသူတွေသာမက ကျန်ရစ်တဲ့ မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ ရပ်ရွ ာအသိုက်အမြုံ စတဲ့ လူအဖွဲ့စည်း တခုလုံးအနေနဲ့လည်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆိုတဲ့ ကျယ်ပြန့်တဲ့ လူထုလှုပ်ရှားမှုကိုသာ တိုက်ပွဲအဖြစ် ရှုမြင်ရုံ မကဘဲ ဥပဒေကြောင်းအရ ရပိုင်ခွင့် ဆိုတာကိုလည်း အဆင့်အလိုက် ဆင်နွှဲရမယ့် တိုက်ပွဲအဖြစ် ရှုမြင်ပြီး တိုက်ယူရမယ်၊ အာဏာနဲ့ အုပ်ချုပ်ရေး ယန္တရားကို စိတ်ကြိုက် သုံးနေတဲ့ ဖိနှိပ်သူက ဒီအခွင့်ရေးပေးတာ၊ မပေးတာထက် ဒီလို တိုက်ယူမှုကို ကိုယ့်ရဲ့ မွေးရာပါ ရပိုင်ခွင့်အဖြစ် ခံယူ ကျင့်သုံး အပ်တယ် ဆိုတာလည်း သတိချပ်စရာ ဖြစ်ပါတယ်။ ဒါတွေကြောင့် လူ့အခွင့်အရေး ရှုထောင့်၊ တရားဥပဒေ စိုးမိုးရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) တွေကနေ သုတေသနပြု ဖော်ထုတ် နိုင်ရေးဆိုတဲ့ ဦးတည်ချက် အတွက်သာမက၊ ဥပဒေကြောင်းအရ တိုက်ပွဲဝင်ခြင်းကို လက်ရှိ လူထုလှုပ်ရှားမှုရဲ့ တိုက်ပွဲပုံစံ တခုအဖြစ်ပါ အလေး ထားသင့်ပါတယ်။

∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား

စစ်အာဏာသိမ်းမှု နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံရေးအရ အရေးဆို လှုပ်ရှားမှု တွေကို ထိန်းချုပ်နိုင်ဖို့  ပြင်ဆင်ခဲ့ပါတယ်။ နိုင်ငံသားအခွင့်အရေး ဥပဒေတွေကို ဆိုင်းငံ့တာ၊ ရာဇသတ်ကြီးလို ဥပဒေတွေကို ထပ်ဖြည့်ပြီး ကြီးလေးတဲ့ ပြစ်မှုပြစ်ဒဏ် ပြောင်းလဲတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီနောက် ဆန္ဒထုတ်ဖော် သူတွေကို အကြမ်းဖက် ဖြိုခွင်း ပစ်ခတ်ဖမ်းဆီးတာ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ စောင့်ထိန်းအပ်တဲ့ စည်းမျဉ်းစည်းကမ်း လုပ်ထုံး လုပ်နည်းတွေနဲ့ ညီညွတ်မှု မရှိဘဲ ပြည်သူတွေကို ဖမ်းဆီးတာတွေ အပြင်  လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရတာတွေ များစွာလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၃၀၀၀ နီးပါး ရှိလာပါတယ်။ ဒီအခြေအနေတွေကြောင့်ပဲ ဥပဒေကြောင်းအရ တိုက်ပွဲဝင်ခြင်းကလည်း မြန်မာနိုင်ငံနဲ့ ဆီလျော်တဲ့ ကိစ္စ ဖြစ်လာပါတယ်။ 

သမိုင်းမှာလည်း ၁၉၅၈ ခုနှစ် အိမ်စောင့် အစိုးရလက်ထက်မှာ နိုင်ငံရေး လှုပ်ရှားသူတွေ (အထူးသဖြင့် လက်ဝဲ နိုင်ငံရေးသမားတွေ) ကို ကိုကိုးကျွန်းကို ပို့ဆောင်ပြီး တကျွန်းချတဲ့အထိ ပြင်းပြင်းထန်ထန် လုပ်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေးသမား အချို့ကို ဖမ်းဆီး တရားစွဲဆိုတာတွေ ရှိခဲ့ပေမဲ့ သိပ် မများခဲ့ပါဘူး။ ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်ပြားပြီး နောက်ပိုင်းမှသာ တက်ကြွ လှုပ်ရှားသူ ကျောင်းသားတွေနဲ့ နိုင်ငံရေး သမားတွေကို ပိုပြီး ဖမ်းဆီး နှိပ်ကွပ်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ် မှာ တော်လှန်ရေး စစ်ကောင်စီက ကိုကိုးကျွန်း အကျဉ်းထောင် ဆောက်ပြီး၊ နိုင်ငံရေး အကျဉ်းသားတွေကို ဒုတိယအကြိမ် ထပ်ပြီး ပို့ဆောင်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂၂၃ ဦးကို ကိုကိုးကျွန်းကို ပို့ဆောင်ခဲ့ပါတယ်။ တကျွန်းဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲ ၄၆ ရက်ကြာ တိုက်ပွဲတွေနဲ့ အသက်စွန့် တိုက်ပွဲ ဝင်ခဲ့ကြပြီးမှ အဲဒီစနစ် ပျက်သုဉ်းခဲ့ရတာ ဖြစ်ပါတယ်။ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ ကျောင်းသား/အလုပ်သမား လှုပ်ရှားမှုတွေမှာလည်း နှိပ်ကွပ် ဖမ်းဆီးပြီး စစ်ခုံရုံးတွေနဲ့ အကျဉ်းရုံး စီရင်ပြီး ထောင်ချတာတွေ ရှိခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ဆိုရှယ်လစ် တပါတီ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာ တည်ခဲ့ပေမဲ့လည်း ရွေးကောက်ပွဲတွေ မကျင်းပရသေးတာကြောင့်၊ စစ်ခုံရုံးတွေနဲ့ အကျဉ်းရုံး ဆုံးဖြတ် စီရင်ခဲ့ပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ တပါတီ စနစ် ပြည်သူ့တရားရေး ခုံရုံးတွေနဲ့ စီရင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာလည်း ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့တဲ့ လူငယ် ကျောင်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသား အများစုဟာ စစ်ခုံရုံးတွေမှာ ရင်ဆိုင်ခဲ့ကြရပါတယ်။ တရားမျှတမှု အကင်းမဲ့ဆုံး ကာလတွေ ဖြစ်ခဲ့ပါတယ်။ အရပ်ဘက် ရှေ့နေတွေနဲ့ ကိုယ်စားပြု ဖြေရှင်းခွင့် မရရှိကြဘဲ အကျဉ်းရုံး စစ်ခုံရုံးတွေကနေ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာ ခံစားခဲ့ကြရပါတယ်။ ဒီအတိုင်းပဲ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအပြီးမှာလည်း နှစ်ရှည်ထောင် ဒဏ်တွေကို ချမှတ်ခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်း စစ်ကောင်စီကာလ အခုချိန်မှာတော့ စစ်အုပ်ချုပ်ရေး “မာရှယ်လော” နဲ့ အုပ်ချုပ်တဲ့ မြို့နယ် ခြောက် ခုရှိလာပြီး စစ်ခုံရုံးတွေနဲ့ အကျဉ်းရုံး စီရင်မှုတွေ ရှိလာနေပါပြီ။ ဒါပေမဲ့ ကျန်တဲ့ဒေသတွေမှာ အရပ်ဘက် တရားရုံးတွေနဲ့ ဥပဒေကြောင်းအရ ခုခံ ရင်ဆိုင်ခွင့်ကို ရုပ်သိမ်းထားတာ မရှိသေးပါဘူး။ ညွှန်ကြားချက် တစုံတရာမရှိတဲ့ တားဆီး ကန့်သတ် မှုတွေနဲ့ ကြိုးနီစနစ် ချည်နှောင်မှုတွေက ဥပဒေကြောင်းအရ လိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေတွေအပေါ် သက်ရောက်မှုတော့ ရှိနေပါတယ်။ အခြားတဖက်မှာလည်း အာဏာသိမ်း စစ်ကောင်စီက တရားစီရင်ရေး လုပ်ထုံး လုပ်နည်းတွေကို ပြောင်းလဲတာ၊ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ် ပေးရေး ဥပဒေ တချို့သော ပြဋ္ဌာန်းချက် တွေကို ဆိုင်းငံ့ထားတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေးတွေကို ရုပ်သိမ်းနိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် လူ့အခွင့်အရေးအရ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ဖို့ ဖြစ်နိုင်စွမ်းသမျှ ဥပဒေ ကြောင်းအရ ခုခံ ကာကွယ်ပေးတဲ့ တိုက်ပွဲတွေဟာလည်း အရေးကြီးလာပါတယ်။

∎ Further Readings

Francioni, F. 2007. Access to Justice as a Human Right. Oxford University Press. Oxford.

United Nations Office of High Commissioner. n.d. About Human Rights Defender. UNOHC website. Retrieved March 23, 2021. From URLhttps://www.ohchr.org/en/issues/srhrdefenders/pages/defender.aspx

◉ What Matters

လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေ အံတုတဲ့ လူထု လှုပ်ရှားမှုတွေကို သုတေသန ရှုထောင့်ကနေ အကျိုးပြုနိုင်စေဖို့ အလေးထားရမယ့် အကြောင်းအချက်များ “What Matters” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဏ္ဍတခုကို ISP-Myanmar က ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒီကဏ္ဍဟာ သုတေသန တွေ့ရှိချက်တွေကို အခြေခံပြီး တင်ပြပုံ လွယ်လွယ်နဲ့ ဖတ်ချိန် တိုတိုအတွင်း အလေးထားသင့်တဲ့ ကိစ္စရပ်တွေနဲ့ ဒေတာ အချက်လက်တွေကို လူတိုင်း လက်လှမ်း မီနိုင်အောင် မိတ်ဆက်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ကိစ္စရပ်မိတ်ဆက် ချက်တွေကို အမှန်၊ အမှား ယတိပြတ်သဘော ရှုမြင်ဖို့ မဟုတ်ဘဲ ဦးနှောက် နှိုးဆွဖို့ စဉ်းစား ဆင်ခြင်စရာအဖြစ် ဖော်ပြလိုတာ ဖြစ်ပါတယ်။ ဒေတာ အချက်လက် တင်ပြချက်တွေကိုတော့ ပိုမှန်ကန် ပြည့်စုံအောင်ဖြည့်စွက်သွားဖို့ ရည်ရွယ်ပါတယ်။

ဒီလို တင်ဆက်ရာမှာ ယေဘုယျအားဖြင့် မေးခွန်းသုံးခုကို အဓိကဖြေဆိုဖို့ အားထုတ်ပါတယ်။ (၁) တင်ပြချင်တဲ့ အကြောင်းအချက်ရဲ့ ဆိုလိုရင်း အနှစ်ချုပ်ကဘာလဲ၊ (၂) ဘာကြောင့် အလေးထားသင့်သလဲနဲ့ (၃) မြန်မာနိုင်ငံနဲ့ ဆီလျော်သလား ဆိုတာပဲ ဖြစ်ပါတယ်။ ဒီလို မေးခွန်းတွေကို ဖြေရာမှာ ကျယ်ပြန့်တဲ့ ဘာသာရပ် နယ်ပယ်တခုလုံး ခြုံငုံမိမှာ မဟုတ်ဘဲ ဇောင်းပေးချင်တဲ့ သံခိပ်ကိုသာ ဖော်ပြနိုင်မှာ ဖြစ်လို့ တင်ဆက် ချက်တိုင်းမှာ ဆက်လက် လေ့လာနိုင်ဖို့ စာအညွှန်းများကို ထည့်သွင်းထားပါတယ်။

လက်ရှိ အခြေနေမှာ ဒီကဏ္ဍအနေနဲ့ သုတေသန အကြောင်းအရာ သုံးရပ်နဲ့ သက်ဆိုင်တဲ့ သုတေသန တွေ့ရှိ ချက်တွေကို ဦးစားပေး တင်ပြသွားပါမယ်။ ဒါတွေကတော့ (၁) စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ သုတေသန တွေ့ရှိချက်များ၊ (၂) လူထုလှုပ်ရှားမှု ဆိုင်ရာ သုတေသန တွေ့ရှိချက်များနဲ့ (၃) နိုင်ငံတကာ (အထူးသဖြင့် အင်အားကြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံ) က စစ်အာဏာသိမ်းမှု ဝါ အာဏာရှင် နိုင်ငံများနဲ့ ပတ်သက်လို့ ကြားဝင် ဆောင်ရွက်ပေးပုံဆိုင်ရာ သုတေသန တွေ့ရှိချက်များပဲ ဖြစ်ပါတယ်။ ဒီသုတေသနတွေကို နိုင်ငံတကာနဲ့ မြန်မာ နှိုင်းယှဉ် လေ့လာချက်တွေအရ တင်ပြမှာ ဖြစ်သလို၊ အခါ အားလျော်စွာ ပြည်တွင်း မိတ်ဖက် အဖွဲ့စည်းများက သုတေသန ပြုထားတဲ့ ဒေတာ အချက်အလက်တွေကိုလည်း ခွင့်ပြုချက် တောင်းခံပြီး ဒေတာဖော်ပြမှု အမျိုးမျိုးနဲ့ တလေးတစား တင်ဆက်သွားပါမယ်။



Leave a Reply

Your email address will not be published. Required fields are marked *