Latest Notes & UpdatesMedia RoomPrint

ရေကပ်ဘေး၊ ရေအကျပ်အတည်းနှင့် နိုင်ငံတော် ရေစီမံမှု

By Aung Thu Nyein | July 31, 2017

တလောက ထိုင်းနိုင်ငံထုတ်၊ ဘန်ကောက်ပို့စ် သတင်းစာမှာ ထိုင်းနိုင်ငံက ရေစီမံမှုသတင်းကို ဖတ်လိုက်ရပါတယ်။ ထိုင်းနိုင်ငံမှာ ရေနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေက ဌာနပေါင်းစုံမှာ ဖြစ်နေကြတော့ ပူးပေါင်း ဆောင်ရွက်မှုအရ ပြဿနာ ရှိနေပါတယ်။ ဘန်ကောက်မြို့တော်နဲ့ ဒွန်မုအန် လေဆိပ်ကြီး ၂၀၁၁ ခုနှစ်မှာ ရေမြုပ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းကာလမှာ သူတို့က ပြန်ဆန်းစစ်လို့ ထိုင်းနိုင်ငံမှာ ရေစီမံခန့်ခွဲမှုအတွက် နိုင်ငံတော်အဆင့်ဌာနတခု ထားရှိရင်ကောင်းမယ်လို့ အကြံပြုမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံက တူးမြောင်းနဲ့ မြစ်ချောင်းများကို စီမံခန့်ခွဲမှုအတွက် ဗဟိုအာဏာပိုင် ဌာနတခု (Central Water Agency) တခု ဖြစ်ပေါ်လာရေး အဆိုက နီးစပ်လာနေပြီ ဆိုပြီး သတင်းက ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာလည်း အခုအခါမှာ ရေလွှမ်းမိုးမှုကြောင့် နေရာဒေသအများမှာ လူပေါင်းတသိန်းကျော် ဒုက္ခခံစားနေရတယ်၊ နောက်ထပ်လည်း ကပ်ဘေးတွေ ဖြစ်လာနိုင်သေးတယ်ဆိုတဲ့ သတင်းတွေ ဖတ်နေရတော့ ကျနော့်အတွက် အထူးစိတ်ဝင် စားဖွယ် ဖြစ်လာရပါတယ်။ ကမ္ဘာပေါ်မှာ ရာသီဥတုဖောက်ပြန် ဆိုးရွားမှု ဒုတိယ အဆိုးဆုံးဆိုတဲ့ နိုင်ငံကလည်း ကျနော်တို့ မြန်မာနိုင်ငံပါပဲ။

ဒီနေရာမှာ ကျနော်ရဲ့ အတွေ့အကြုံတွေနဲ့ စဉ်းစားမိတာလေးတွေကို နှိုင်းယှဉ်စဉ်းစားဖို့ ဖြစ်လာပါတယ်။ ၂၀၁၁ ခုနှစ်၊ ဘန်ကောက်မြို့ကြီး ရေမြုပ်တော့ ကျနော်က NIDA တက္ကသိုလ်မှာ ကျောင်းတက်နေဆဲ ကာလပါ။ ဘန်ကောက်မှာ ရေကြီးခဲ့ရင် ရေမြုပ်ရေလျှံခဲ့ရင် နိုင်ငံရေးသမားတွေကို လားလား လားလားနဲ့ တွေ့ကြရပါတယ်။ ယခင် ဝန်ကြီးချုပ်ဟောင်း ယင်လတ် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေက ရေကြီးတဲ့ဒေသတွေမှာ ဘွတ်ဖိနပ်ရှည်ကြီးတွေနဲ့ ထွက်လာပြီး လူလုံး ပြကြ၊ ရေကြီးနစ်မြုပ်လို့ ဒုက္ခရောက်သူတွေကို ကယ်ဆယ်ကြပါတယ်။ မဲဆွယ်ပွဲကြီး မဟုတ်ပါလား။ သူတို့က ရေနစ်မြုပ် နေတဲ့နေရာတွေကို ချက်ချင်းဆိုသလို ဖိုင်ဘာလှေတွေ ချပေးပြီး၊ ခရီးသည်တွေကို ဟိုဖက်သည်ဖက် အဆင်ပြေအောင် ပို့ပေးပါတယ်။ ထိုင်းတပ်မတော်က ဘီးကြီးကြီးနဲ့ စစ်ထရပ်ကားကြီးတွေ ရောက်လာပြီး၊ ဘတ်စ်ကား ကြီးတွေအစား ခရီးသည်တွေကို လိုရာပို့ပေးပါတယ်။ ရန်ကုန်မြို့မှာ မိုးသည်းလိုက်တိုင်း ဆိုးဆိုးရွားရွား ရေနစ်မြုပ်တတ်တဲ့ နေရာတွေ အကြောင်း သတင်း ဆောင်းပါးတွေလည်း ဖတ်ရပါတယ်။ ရန်ကုန်မြို ရေကြီးမှုအတွက် ဒေါ်လာ သန်း ၁၀၀ သုံးစွဲမယ်လို့ ရန်ကုန်ဝန်ကြီးချုပ်က ပြောဆိုတာလည်း ဖတ်ရပါတယ်။ ဒါပေမယ့် ဒီမှာရေကြီးလာရင် ဖိုင်ဘာဘုတ်တွေနဲ့ ကူညီပို့ပေးတာ၊ စစ်ကားကြီးတွေ ရောက်လာပြီး ခရီးသည်တွေကို ဝန်ဆောင်ပေးတာတော့ မတွေ့ရသေးပါဘူး။

ထိုင်းနိုင်ငံမှာ စာရင်းကိုင်ပညာနဲ့ Ph.D တန်း တက်နေတဲ့ ကျနော့် မိတ်ဆွေကလည်း သူတို့လေ့လာရေး သွားခဲ့ရတဲ့ ခရီးစဉ် တခုအကြောင်း ပြန်ပြောပြတာလည်း ကြားရဖူးပါတယ်။ ထိုင်းနိုင်ငံမှာ ဆည်တွေက ရေထိန်းသိမ်းထားမှုကို ရုပ်မြင် ကင်မရာ (CCTV) တွေကနေတဆင့် ပြည်သူတိုင်းက အချိန်နဲ့တပြေးညီ သိနေရပါတယ်။ အဲဒါအပြင် ထိုင်းတပ်မတော် (ရေ) ကလည်း ဒီရေအတက် အကျကို နာရီနဲ့အမျှ တိုင်းတာပါတယ်။ ဘန်ကောက်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်တဲ့မြို့တော်တခု ဖြစ်လေတော့ ဆည်တွေကနေ လွှတ်ချပေးမယ့်ရေ၊ ဒီရေအတက်အကျ ဒါတွေကို ချိန်ညှိထိန်းသိမ်းဖို့ လုပ်ဆောင်နေကြပုံတွေကို လေ့လာကြရတာပါ။ အဲဒါအပြင် တရုတ်နိုင်ငံကလည်း ရေ သုတေသနလုပ်ငန်းတွေအတွက် အရှေ့တောင်အာရှနိုင်ငံတွေကို ထောက်ပံ့မှုအများကြီး ပေးထားတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ အာရှတိုက်က မြစ်ကြီးအားလုံးလိုလိုဟာ တရုတ်နိုင်ငံက မြစ်ဖျားခံတာပါ။ သဘောပြောရရင် တရုတ်က ဒီရေတွေကို ထိန်းချုပ်ထားနိုင်တဲ့ သဘောရှိပါတယ်။ အာရှတိုက်က ရေအခြေအနေနဲ့ ပတ်သက်လို့ လေ့လာမှု သုတေသန သတင်းအချက်အလက် အများစု ကလည်း တရုတ်ဆီမှာ ရှိနေတယ်လို့ သူက ဆိုပါတယ်။ အဲဒါအပြင် အခုလို ရေသုတေသနလုပ်ငန်းတွေကို ထောက်ပံ့ပေး ပြီး သတင်းအချက် အလက်တွေကို စုဆောင်းနေခဲ့တာ ဖြစ်ပါတယ်။ သင်တန်းတခုအပြီး ကျနော်တို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးရုံးကို သွားလေ့လာတော့လည်း အလားတူ တွေ့မြင်ခဲ့ရပါတယ်။ ဘန်ကောက်မြို့ ရေလွှမ်းခံရပြီးတဲ့နောက်မှာ သူတို့က ပိုလို့ အလေးထားလာပါတယ်။ မြစ်အညာ ဆည်ကြီးတွေက ရေထုတ်လွှတ်မှု၊ ရေသိုလှောင်ထားမှု အခြေအနေ တွေကို Bangkok Metropolitan Authority (ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးရုံး) ဝက်ဘ်ဆိုဒ် ကတဆင့် အချိန်နဲ့ တပြေးညီ (real time) ကြည့်နိုင်ပါတယ်။ ဟိုက CCTV ထုတ်လွှင့်ချက်တွေကို ရုပ်မြင် မြင်နေရတာပါ။ နောက်တခုက သူတို့တွက်ချက်မှုတွေ အကြောင်းကို ပြောပြပါတယ်။

ဘန်ကောက်မြို့တော်မှာ ပုံမှန်မိုးရွာသွန်းမှုက တနှစ်ကို ၁၅၀၀ မီလီမီတာ ရှိတယ်လို့ ဆိုပါတယ်။ သို့သော်လည်း အခုအခါ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် မိုးရွာသွန်းမှု ပိုများလာပါတယ်။ ရေပါမှု ပိုများလာပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ မြောင်း တွေကနေ ရေသွန်ထုတ်လွှတ်နိုင်မှုက တနာရီမှာ ၆၀ မီလီမီတာပဲ တတ်နိုင်ပါတယ်။ မိုးကြီး လာတဲ့အခါ လမ်းတွေပေါ် နာရီပိုင်း ရေလွှမ်းတာတွေဖြစ်နိုင်သလို၊ ဘန်ကောက်မြို့ ကိုယ်၌က ၃-၅ နှစ်တကြိမ် ရေလွှမ်းခံရမယ့် အန္တရာယ်ကြုံနေရကြောင်း တွက်ချက်မှုတွေ ရှိပါတယ်။ ကျနော်တို့ ရန်ကုန်မှာတော့ ဒီလိုတွက်ချက် ရှင်းပြမှုတွေ မကြားရသေးပါဘူး။

ဒီလိုအချက်တွေကြောင့် သူတို့ဆီမှာ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးစင်တာ (Flood control centre) တွေ ဖြစ်လာပါတယ်။ ဒါမျှ သာမက အခုအခါ နိုင်ငံအဆင့် ရေအာဏာပိုင်အဖွဲ့မျိုး ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ ၄-၅-နှစ်လောက်က စလို့ ဆွေးနွေးမှုတွေ ရှိလာခဲ့ပါ တယ်။ ထိုင်း ဖွံ့ဖြိုးရေးသုတေသန အင်စတိကျု (TDRI) က အာဒစ် အစ္စရန်ကူရာ (Adis Isrankura) ကလည်း၊ အခု အချိန်မှာ ရေနဲ့ပတ်သက်လို့ လုပ်ငန်းတွေဟာ ပူးပေါင်းဆောင်ရွက်မှု မကောင်းလှဘူးဆိုပြီး၊ ဒီလိုအချက်ကို ထောက်ခံပါ တယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်း အစီအစဉ်ရေးဆွဲရေး ကွန်ရက် (Civil society planning network) က ပရန်နီ ဆဝါဒီရတ်ကလည်း ထောက်ခံတယ်၊ ဒါပေမယ့် သက်ဆိုင်သူအင်အားစုတွေရဲ့ တုံ့ပြန်မှုကို ရယူဖို့ အကြံပြုပါတယ်။ မြစ်ချောင်းများ၏ မိတ်ဆွေ (Friends of Rivers) အဖွဲ့ တည်ထောင်သူတဦးဖြစ်တဲ့ ယိုဆာပိုးလ် ဘွန်ဆွန်ကလည်း ဒီလို လုပ်ရင် ဒေသန္တရမြစ်ချောင်း စီမံခန့်ခွဲရေးအတွက် ပိုထိရောက်စေမယ်ဆိုပြီး၊ သူတို့ အမြင်နဲ့ ထောက်ခံကြပါတယ်။ ဒီလို အင်အားစု ဘက်စုံက ထောက်ခံနေတဲ့ အခြေအနေမှာ နိုင်ငံလုံးရေစီမံမှု အာဏာပိုင်အဖွဲ့မျိုး၊ ညီညွတ်တဲ့ ဆုံးဖြတ်ချက်ကို တနေရာထဲက ချမှတ်နိုင်တဲ့ အေဂျင်စီမျိုး ပေါ်ပေါက်လာဖို့ နီးလာပြီလို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံက ‘ရေအရေး’ ကျွမ်းကျင်သူ ဒေါက်တာ ဒေါ်ခင်နီနီသိန်းကို ဒီကိစ္စ မေးကြည့်ပါတယ်။ သူပြောပြတာကတော့ ၂၀၀၀ ခုနှစ်၊ သည်ဟိဂ် (The Heague) မှာ ကျင်းပတဲ့ ကမ္ဘာ့ရေဖိုရမ် (World Water Forum) ဒုတိယအကြိမ်လောက် ကတည်းကပဲ ထိုင်းနိုင်ငံက ရေကျွမ်းကျင်သူ ပညာရှင်တို့က ရေနဲ့ပတ်သက်လို့ အခုလို မြော်မြင်ချက်၊ စဉ်းစားချက်တွေ ရှိနေပြီလို့ ဆိုပါတယ်။ သက္ကရာဇ် ၂၀၀၀ ဒုတိယအကြိမ် ကမ္ဘာ့ရေဖိုရမ်မှာ ရေနဲ့ပတ်သက်တဲ့ ကမ္ဘာလုံးဆိုင်ရာ မြော်မြင် ချက်၊ လှုပ်ရှားမှုလုပ်ငန်းစဉ် အခြေခံမူဘောင်တွေကို ဆွေးနွေးကြတာပါ။ ရေကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံက ရှေ့တန်း ရောက်တာက ကွယ်လွန်လေသူ ထိုင်းဘုရင်ကြီးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူက ဆည်မြောင်းကန်ချောင်း၊ ရေပေး ရေးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စတွေကို အထူးတလည် အားပေးခဲ့သူပါ။ “ရေပြဿနာက ကျမကတော့ ‘ကမ္ဘာနာ’ လို့ ခေါ်ချင် တယ်။ နိုင်ငံတိုင်း ကြုံတွေ့နေရတဲ့ ပြဿနာပဲ။ ရေလွှမ်းမိုးမယ်။ ရေရှားရေငတ်မယ်။ ဖြစ်နေကြတယ်။ အရေးကြီးတာက အုပ်ချုပ်တဲ့ အစိုးရရဲ့ နိုင်ငံရေးအရ စိတ်ပိုင်းဖြတ်မှု (political will) ပဲ။ ဒါမှပဲ တိုးတက်လာမှာလား။ ဒုံရင်း-ဒုံရင်း ဖြစ်နေမှာ လား အဆုံးအဖြတ်ပေးမယ်” လို့ ဒေါက်တာ ဒေါ်ခင်နီနီသိန်းက ပြောပါတယ်။

ကျနော်တို့ မြန်မာပြည်ကို ပြန်ရောက်ခါစ (၂၀၁၂) ခုနှစ်မှာ မြန်မာနိုင်ငံ ရေကိစ္စနဲ့ပတ်သက်လို့ အနည်းငယ် ပတ်သက်ရဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်က ကျနော်လုပ်နေတဲ့ MDRI-CESD (စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးမှုအဖွဲ့၊ မြန်မာနိုင်ငံ အရင်း အမြစ်အဖွဲ့) က အမေရိကန်က ဘလူးမွန်း ရန်ပုံငွေအဖွဲ့နဲ့ ပူးပေါင်းလုပ်ဖို့ စီမံချက်ကိစ္စရှိပါတယ်။ ရည်ရွယ်ချက်ကတော့ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေး အကဲဖြတ်လေ့လာမှု စီမံချက်ပါ။ အဲသည်တော့မှ မြန်မာနိုင်ငံက ရေနဲ့ပတ်သက်တဲ့ အဖွဲ့ အစည်း၊ ဌာန အများအပြား ရှိနေတာ သိရပါတယ်။ အခုစိုက်ပျိုးရေးဝန်ကြီးဌာန အောက်မှာ ဆည်မြောင်းဌာနဲ့ ရေအရင်းအမြစ် အသုံးချရေးဌာနတို့ ရှိနေပါတယ်။ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်မှာ မိုး/ဇလ ဌာန၊ ရေကြောင်းပို့ဆောင်ရေးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဌာနတို့ ရှိနေ ကြပါတယ်။ တပ်မတော် (ရေ) အောက်မှာ ရေကြောင်းမြေပုံဌာန (Naval Hydrographic depot) ရှိပါတယ်။ ဘယ်လို ဆက်စပ်မှု ရှိတယ်တော့ မသိပါဘူး။ အဲသည်အချိန်က သမ္မတဦးသိန်းစိန်ဆီမှာ ရေကိစ္စနဲ့ပတ်သက်လို့ အကြံပေးပုဂ္ဂိုလ် (အငြိမ်းစား ရေတပ်အရာရှိတဦး) ရှိပါသေးတယ်။ ကျနော်တို့ လေ့လာမိသလောက်တော့ ဒီဌာနတွေအကြားမှာ ပူးပေါင်း ဆောင်ရွက်မှု ကောင်းကောင်းမရှိလှပါဘူး။ နောက်ပိုင်းမှာတော့ အမျိုးသားရေအရင်းအမြစ် စီမံခန့်ခွဲမှု ကော်မီတီ (NWRC) ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှာ ဒု-သမ္မတဦးဉာဏ်ထွန်း ဦးဆောင်စေပြီး ဖွဲ့စည်းခဲ့ပါတယ်။ ဦးဉာဏ်ထွန်းက ရေတပ်ဦးစီးချုပ်ဟောင်းတဦးဖြစ်တော့ ဒီကိစ္စတွေအပေါ် လေးနက်ခဲ့တယ် ဆိုပါတယ်။

၂၀၁၆ ခုနှစ်၊ ဇွန် ၂၀ အခု NLD အစိုးရလက်ထက်မှာ ဒီကော်မီတီကို ဒုသမ္မတ ဦးဟင်နရီ ဘန်ထီးယူ ဦးဆောင်ပြီး ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ဝင် ၂၀ ဦး ပါဝင်ပြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဝန်ကြီးဌာန၊ သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာန၊ သဘာဝ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာန၊ စီမံ-ဘဏ္ဍာဝန်ကြီးဌာန၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့တော်ဝန်တွေ၊ အမြဲတန်းအတွင်းဝန်တွေ၊ ရေကိစ္စ ကျွမ်းကျင် ပညာရှင်တွေ ပါဝင်ပါတယ်။ ဒီကော်မီတီက ဘေးအန္တရာယ် ကင်းရှင်းစွာ ရေကြောင်းသွားလာရေး၊ မြစ်ချောင်း ထိန်းသိမ်း ရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေးတွေကို ဦးစားပေးလုပ်ဆောင်သွားမယ်၊ နိုင်ငံတကာက အကောင်းဆုံးကျင့် သုံး လုပ်ဆောင်နေမှုတွေကို လုပ်မယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ၂၀၁၆ ခုနှစ် ကမ္ဘာ့ ရေညီလာခံမှာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းစနစ် ဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားမှုဦးစီးဌာနက ဦးအောင်မျိုးခိုင်က ပြောတာ ကို ဖတ်ရပါတယ်။ “ကျနော်တို့မှာ အရည်အသွေးမြှင့်ဖို့ လိုအပ်ချက်တွေ ရှိနေတုန်းပါပဲ။ ရေအရင်းအမြစ် စီမံခန့်ခွဲဖို့ ကျနော်တို့မှာ နည်းပညာအရ အားကောင်းတဲ့ အဖွဲ့အစည်းတွေ လိုအပ်ပါတယ်။ … မြစ်ချောင်းတွေ စီးဆင်းမှုကို စောင့်ကြည့်သင့်တယ်။ သုတေသနတွေလုပ်ပြီး၊ သုံးသပ်တာ၊ အကဲဖြတ်တာတွေ ပိုဆောင်ရွက်သင့်တယ်။ ဖွဲ့စည်းမှု မဟုတ်တဲ့ အခြားကိစ္စများ ဥပမာ GIS (ကောင်းကင်မြေပုံစနစ်)၊ ဒေတာစောင့်ကြည့်မှုအတွက် ကိန်းဂဏန်း အချက် အလက် အခြေပြုမိုဒယ်တည်ဆောက်လေ့လာမှု (numerical modeling studies) တွေ လုပ်သင့်ပါတယ်” ဦးအောင်မျိုးခိုင် ပြောထားတာကို ဖတ်ရပါတယ်။

အပြင်က လေ့လာနေသူတဦးအတွက် မြန်မာနိုင်ငံက ရေအရင်းအမြစ် စီမံခန့်ခွဲမှု ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက် မှု အားကောင်းနေသလဲ သိရခက်ပါတယ်။ ဒေါက်တာ ဒေါ်ခင်နီနီသိန်းကို ကျနော်မေးကြည့်ပါတယ်။ သူကတော့ အခု မြန်မာအစိုးရတွင်း ပူးပေါင်းဆောင်ရွက်မှုကို အားရပါတယ်လို့ ပြောပါတယ်။ အရေးကြီးတာက အစိုးရထိပ်ပိုင်းအဆင့် ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတယ်လို့ ဆိုပါတယ်။ ဦးသိန်းစိန်လက်ထက်က ဒီကိစ္စအပေါ် လေးနက်ခဲ့တယ်။ ဧရာဝတီမြစ်ဝှမ်း ဖက်စုံဖွံ့ဖြိုးရေးအတွက် ဒေါ်လာ သန်း ၁၀၀ ကို ကမ္ဘာဘဏ်က ချေးပေးခဲ့တာလည်း သူပဲ။ ကျမတို့က လူတယောက် ကောင်းရင် ကောင်းတာကိုတော့ ချီးကျူးရမယ်” လို့ သူက ဆိုပါတယ်။ “နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းမှုစနစ် ပြန်လည်သုံးသပ်မှု (Institutional review) တွေပြီးပြီ။ NWRC (အမျိုးသား ရေကော်မီတီ) ဟာ ကျွမ်းကျင်သူပညာရှင်အဖွဲ့အစည်း သိပ်ပြီးမဆန်တဲ့ အားနည်းချက်ရှိနေသော်လည်း အလုပ်ဖြစ်တယ်လို့ ဒေါ်ခင်နီနီသိန်း က ပြောပါတယ်။ ၂၀၁၃ ခုနှစ်က စတင်ပြင်ဆင်ခဲ့တဲ့ ‘ရေဥပဒေ’ဟာ ၃ နှစ် ကျော်လာသည့်တိုင် မထွက်လာသေးပါဘူး။ ဒေါ်ခင်နီနီသိန်းကတော့ အခုနှစ်အတွင်း ထွက်ပေါ်လာမယ်လို့ ပြောပါတယ်။

ဥပဒေ၊ မူဝါဒ ထွက်ပေါ်လာရင်တောင် လက်တွေ့အကောင်အထည်ဖော်တဲ့ကိစ္စက ကြာမြင့်နိုင်ပါသေးတယ်။ မကြာသေး ခင်က ဧရာဝတီ အွန်လိုင်းဂျာနယ် အင်တာဗျူးမှာ သဘာဝပတ်ဝန်း ကျင်အရေး ဆောင်ရွက်နေသူ ကိုမြင့်ဇော်ကတော့ “မြန်မာနိုင်ငံရဲ့ အရေးကြီးဆုံး သဘာဝပတ်ဝန်းကျင် ပြဿနာတွေလို့ တန်းစီပြီးချလိုက်ရင် ရေအရင်းအမြစ် ပြဿနာက နံပါတ်တစ်မှာပါတယ်။ လူ့အဖွဲ့အစည်းတခု ရှင်သန်မှုအတွက် ရေသည် မရှိမဖြစ်အရေးကြီးတယ်။ ရေအရင်းအမြစ်ကို ထိခိုက်မယ့် ဆည်အကြီးကြီးလို စီမံကိန်းမျိုးတွေ ကျောက်မီးသွေးစက်ရုံလို ကိစ္စမျိုးတွေမှာ အလွယ်တကူ မဆုံးဖြတ်စေ ချင်ဘူး။ ဖွံ့ဖြိုးရေးကိစ္စတွေမှာ ရေအရင်းမြစ်ကို ထိခိုက်မယ့်ဟာတွေ အလွယ်တကူ လုပ်ပြီးတော့ လူထုကြုံတွေ့ရမယ့် ပြဿနာတွေ ပိုများသွားမှာကို ကျနော်တို့စိုးရိမ်တယ်” လို့ အင်တာဗျူးမှာ ဖြေသွားတာ ဖတ်ရပါတယ်။ “လူ့အဖွဲ့အစည်း ရှင်သန်ရေးအတွက် လူ့အဖွဲ့အစည်း မှီခိုနေရတဲ့ သဘာဝအရင်းအမြစ် အထူးသဖြင့် ရေအရင်းမြစ် ရှင်သန်ဖို့လိုတယ်။ ဒါတွေ ထိခိုက်သွားရင် ကျနော်တို့ နိုင်ငံရဲ့ အများစုသော ကျေးလက်နေပြည်သူ ဆင်းရဲသား ပြည်သူတွေ ထိခိုက်မှာ” လို့ ကိုမြင့်ဇော်က ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံကတော့ သူတို့ရဲ့ တော်ဝင်ဆည်မြောင်းဌာန၊ အဏ္ဏဝါဌာန (Marine department)၊ ရေအရင်းအမြစ်ဌာနတွေကို တခုတည်းသော အာဏာပိုင်အဖြစ် ပေါင်းစုဖို့ စဉ်းစားနေပါတယ်။ ဗြိတိန်နိုင်ငံမှာရှိတဲ့ တူးမြောင်းနဲ့ မြစ်ချောင်း အုပ်ထိန်းသူ အဖွဲ့ (Canel & River Trust) လို နမူနာယူ ဖွဲ့စည်းဖို့ စဉ်းစားနေကြပါတယ်။ မြန်မာနိုင်ငံလည်း ရေအရင်းအမြစ်ကိစ္စက အထူးတလည် စဉ်းစားကြဖို့လည်း လိုအပ်နေပါပြီ။

အခုလို ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ပြင်းထန်နေတဲ့ ကာလမှာ ကျနော်တို့အတွက် အဖြေကရော ရှိပါဦးမလား။ ဒေါက်တာ ဒေါ်ခင်နီနီသိန်းကတော့ “ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ လိုက်လျောညီထွေဖြစ်အောင် နေထိုင်မှုဘဝပုံစံ ကို ပြောင်းကြရမယ်။ (adaptation) ပေါ့လေ။ သက်သာအောင်၊ အထိအခိုက်နည်းအောင် လုပ်ကြရမယ်လို့ ဆိုပါတယ်။ ‘လယ်စောင့်တဲလေး ခြေတံရှည်’ ဆိုတဲ့ ကဗျာတောင် ရှိသေးတာပဲ။ ရှေးက လူကြီးတွေတောင် သိတယ်။ ဘာကြောင့် လယ်စောင့်တဲက ခြေတံရှည်တာလဲ။ ရေတက်လာတဲ့အထဲ ရှင်သန်နိုင်အောင်ပေါ့” လို့ ဆိုပါတယ်။ ပြောင်းတဲ့အခါ ဘဏ္ဍာ ငွေကြေးများများ မရှိတော့ တစုံလုံးပြောင်းပစ် (Total overhaul) မျိုး မလုပ်နိုင်ဘူး။ ဖြည်းဖြည်းချင်း ပြောင်းလဲသွားရမှာ ပေါ့” လို့ ပြောပါတယ်။ “လူတဦးချင်း၊ မိသားစု၊ ရပ်ရွာ၊ စီမံကိန်းတွေ၊ နောက်ဆုံး စိုက်ပျိုးရေးကအစ ရာသီဥတုနဲ့ လျော်ညီ တဲ့ ပြောင်းလဲမှုတွေအတွက် ပြင်ဆင်သွားကြရတော့မယ်။”

စာကိုး
• Sabpaitoon, Patpon and Supoj Wancharoen, (July 22, 2017). Calls for single agency to run nations waterways win backing. The Bangkok Post. http://www.bangkokpost.com/news/general/1291939/calls-for-single-agency-to-run-nations-waterways-win-backing
• Reuters. (July 24, 2017). Myanmar floods kill two displace tens of thousands. The Bangkok Post. http://www.bangkokpost.com/news/asean/1293150/myanmar-floods-kill-two-displace-tens-of-thousands
• Bangkok Metropolitan Administration. (2009). Bangkok Assessment Report on Climate Change 2009. http://www.preventionweb.net/files/11988_BKKassessmentreport20091.pdf
• Phamornpol, Kriangkrai (Presentation). Flood Mitigation and Management in Bangkok Metropolitan Area. http://www.unescap.org/sites/default/files/S3b4_Thailand.pdf
• Kyaw, Khine, (August 24, 2016). Limited capacity hinders Myanmar’s water management, Eleven Journal, http://www.elevenmyanmar.com/local/5766
• Phyu, Aye Sapay. (July 11, 2016). Re-launched committee to manage water resources, Myanmar Times. http://www.mmtimes.com/index.php/national-news/21308-re-launched-committee-to-manage-water-resources.html
• Blue Moon Fund’s Myanmar Project. http://www.bluemoonfund.org/projects/turning-water-conservation-into-a-conversation-in-myanmar/
• ဇူးဇူး၊ (July 25, 2017). ကိုမြင့်ဇော်နှင့် တွေ့ဆုံမေးမြန်းမှု၊ ဧရာဝတီအွန်လိုင်း ဂျာနယ်။ https://burma.irrawaddy.com/opinion/interview/2017/07/25/139109.html

(ယခုဆောင်းပါးကို ဇူလိုင် ၂၉ ရက်ထုတ် The Voice Weekly သတင်းဂျာနယ်တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်)



Leave a Reply

Your email address will not be published. Required fields are marked *