Topics

Conflict, Peace & Security

3 Dec 2021

ဒုက္ခသည် လေးသိန်းနီးပါး တိုးလာ

ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ၂ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၅) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အခု အချိန်အထိလည်း ပုံသဏ္ဌာန် မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်းတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ အရှိန်မြင့် လာပါတယ်။ တိုက်ပွဲနဲ့ပဋိပက္ခ အရှိန်မြင့်လာခြင်းနဲ့အတူ နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ရသူတွေလည်း ပိုများလာသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း လိုအပ်နေပါတယ်။ Download as PDF ● စစ်ပြေးဒုက္ခသည် လေးသိန်းနီးပါးတိုးလာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အထိ နေရာအနှံ့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၃၈၄,၇၂၇ ဦးကျော် ရှိလာပါတယ်။ စစ်အာဏာမသိမ်းခင်က စစ်ပြေးဒုက္ခသည် ၄၉၇,၂၀၀ ဦးကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် ၈၈၁,၉၂၇ ဦးကျော် ရှိလာပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၉၇၂,၀၀ ဦးကျော် ရှိနေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသတွေမှာ စစ်ပြေးဒုက္ခသည်အရေအတွက် ပိုတိုးနေပါတယ်။ ကယားပြည်နယ်မှာ စစ်ပြေးဒုက္ခသည် အများဆုံး ရှိနေပြီး စုစုပေါင်း၁၁၀,၂၀၀ ဦးကျော် ရှိပါတယ်။ စစ်ကိုင်းတိုင်းမှာ ၉၆,၂၅၀ ဦး ကျော်ရှိပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။ ● နိုဝင်ဘာနောက်ဆုံးပတ် အခြေအနေ ၂၀၂၁ ခုနှစ် နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ကျွန်းလှမြို့နယ်၊ တန့်ဆည်မြိုန့ယ်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ဒေသခံ ၁၈,၀၀၀ ကျော်ဟာနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂,၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ အရာတော်မြို့နယ်တွေမှာ ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးတဲ့နောက် လူဦးရေ ၃,၀၀၀ နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ် သုတေသနပြုဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
2 Dec 2021

သေဒဏ်ချမှတ်ခံထားရသူများ

အလေးထားရမည့် အကြောင်းအချက်များ (အမှတ် – ၆၄) စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဒီဇင်ဘာ ၁ ရက်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု တွေမှာ နည်းလမ်းပေါင်းစုံနဲ့ပါဝင်ခဲ့တဲ့အတွက် ထောင်ဒဏ်ချမှတ် ခံရသူ ၃၄၃ ဦးရှိခဲ့ပြီး၊ သေဒဏ်ချ မှတ်ခံရသူ ၈၆ ဦးအထိ ရှိလာပါတယ်။ သေဒဏ် ချမှတ်ခံထားရသူတွေထဲမှာ ၄၇ ဦးက လက်ရှိ ဖမ်းဆီးချုပ်နှောင် ခံထားရသူတွေဖြစ်ပြီး၊ ၃၉ ဦးကိုတော့မျက်ကွယ်သေဒဏ်ချမှတ်ထားပါတယ်။ သေဒဏ်ချမှတ်မှု အားလုံးကို စစ်ခုံရုံးတွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သေဒဏ်ချမှတ် ခံထားရသူတွေထဲက ၃၅ ဦးဟာ မြောက်ဥက္ကလာပ မြို့နယ်မှာ ဖြစ်ပြီး၊ ၂၄ ဦးဟာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က ဖြစ်ပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ၁၅ ဦး၊ လှိုင်သာယာ မြို့နယ်မှာ ခုနစ်ဦးနဲ့ ရွှေပြည်သာ မြို့နယ်မှာ ငါးဦးရှိပါတယ်။ ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေး အမိန့်ကြေညာထားတဲ့ မြို့နယ် ခြောက်ခုရှိတဲ့အထဲက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ကလွဲပြီး ကျန်မြို့နယ်တွေမှာ ရှိတဲ့ စစ်ခုံရုံးတွေမှာ သေဒဏ်စီရင်ခြင်းကို လုပ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ခုံရုံးတွေမှာစွဲချက်တင်ပြီး သေဒဏ်စီရင်တဲ့အခါ အသုံးပြုခဲ့တဲ့ ပုဒ်မတွေက ရာဇသတ်ကြီး ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၃၄၊ ပုဒ်မ ၁၁၄၊ ပုဒ်မ ၃၀၂၊ပုဒ်မ ၃၉၆၊ ပုဒ်မ ၃၉၇ စတာတွေ ဖြစ်ပါတယ်။ Download as PDF သေဒဏ်ချမှတ်ခံထားရသူ ၈၆ ဦးထဲမှာ အမျိုးသား ၇၉ ဦး နဲ့ အမျိုးသမီး ၇ ဦး ပါဝင်ပြီး၊ အသက်မ ပြည့်သေးတဲ့ အမျိုးသားနှစ်ဦးလည်း ပါဝင်နေပြီး သူတို့ နှစ်ဦးကို သန်လျင် လူငယ်ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
27 Nov 2021

သေဆုံးမှုအချက်အလက်များ

ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၂) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (နိုဝင်ဘာ ၂၅ ရက်အထိ စာရင်းအရ) အရပ်သား အရေအတွက် ၁,၂၉၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ လွတ်လပ်သော အဖွဲ့အစည်းတရပ် ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) က နိုဝင်ဘာ ၂၅ ရက်အထိ ပြုစုထားတဲ့ မှတ်တမ်းတွေအရ သေဆုံးသူ၁,၂၂၄ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီဘက်ကလည်း သေဆုံးသူ အရေအတွက် ထုတ်ပြန် လာတာတွေ ရှိပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ သေဆုံးသူ ၁,၅၆၄ ဦး ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲ့ဒီ၁,၅၆၄ ဦးထဲမှာ ဒလန်လို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခံရသူ ၄၀၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ မိသားစု ၂၅၃ ဦး၊ အခြားအကြောင်း တွေကြောင့် သေဆုံးသူ ၂၂၈ ဦး၊ မြို့နယ် အဆင့်နဲ့ ရပ်/ကျေးတာဝန်ရှိသူ ၁၉၈ ဦး၊ ဆန္ဒပြစဉ် ဖြိုခွင်းခံရမှုကြောင့် သေဆုံးရသူ ၁၉၂ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦး၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၅ ဦး၊ ဗုံးဖောက်ခွဲမှုတွေကြောင့် သေဆုံးသူ ၆၉ ဦး၊ အစိုးရဝန်ထမ်း ၃၈ ဦးနဲ့သံဃာတော် ၁၂ ပါးတို့ ပါဝင်ကြောင်း စစ်ကောင်စီက ဆိုထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သူတို့ရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီးလွတ်လပ်တဲ့အဖွဲ့ အစည်းတွေရဲ့ သီးခြားအတည်ပြုချက်တော့ မရှိပါဘူး။ Download as PDF တခါ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်တွေအရ ဇွန်ကနေ နိုဝင်ဘာ ၆ ရက် အထိ ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပဋိပက္ခ ဖြစ်စဉ်များအတွင်း ပြည်သူ ၉၀၈ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်က ၂,၉၄၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်သော အဖွဲ့အစည်းများရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ◉ သေဆုံးသူ ဆက်တိုးနေဆဲ AAPP ရဲ့ မှတ်တမ်းတွေကို အခြေခံပြီး နိုဝင်ဘာ ၁၅ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၉) နဲ့ နှိုင်းယှဉ်ကြည့်ရင်သေဆုံးသူ အရေအတွက်က ၁,၂၅၈ ဦးကနေ အခု ၁,၂၉၃ ဦးထက်မနည်း ဖြစ်လာတာကြောင့် နှစ်ပတ်ကျော်ကာလအတွင်း သေဆုံးသူ ၃၅ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ ◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ AAPP မှတ်တမ်းကို အခြေပြုထားတဲ့ သေဆုံးသူ အရေအတွက် ၁,၂၉၃ ဦးကို အသက် အုပ်စုအလိုက် ကြည့်တဲ့အခါ အသက် ၁၈နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင်၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသကစစ်ကိုင်းတိုင်း ဖြစ်ပြီး၊ ရန်ကုန်က ဒုတိယနေရာမှာ ရှိနေပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၉) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ [link] ◉ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူများ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးနောက် သေဆုံးခဲ့ရသူ ၁၆၁ ဦးထက်မနည်း ရှိပါတယ်။ အဲ့ဒီအထဲမှာ ဖမ်းဆီးခံရစဉ် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးခဲ့ရသူ ၇၈ ဦး၊ စစ်ကြောရေးမှာ သေဆုံးခဲ့ရသူ ၆၃ ဦး၊ရဲစခန်း၊ အကျဉ်းထောင် စတဲ့နေရာတွေမှာ သေဆုံးခဲ့ရသူ ၂၀ ဦး ပါဝင်ပါတယ်။ စစ်ကြောရေး၊ ရဲစခန်း၊ အကျဉ်းထောင်လို နေရာမျိုးတွေမှာ သေဆုံးခဲ့ရသူ ၈၃ ဦးအနက် မန္တလေးတိုင်းက အများဆုံးဖြစ်ပြီး ၁၉ ဦးအထိ ရှိပါတယ်။ မန္တလေးတိုင်းက ဒုတိယအများဆုံးဖြစ်ပြီး ၁၈ ဦး၊ ရန်ကုန်တိုင်းက ၁၆ ဦးအထိ ရှိနေပါတယ်။ အသက်အရွယ်အားဖြင့် လူငယ်၊ လူရွယ်အများအပြားသေဆုံးခဲ့ရပြီး ၅၀ ဦးအထိ ရှိခဲ့ပါတယ်။ ကျား၊မ အရေအတွက်အားဖြင့် အမျိုးသား ၇၈ ဦးထက်မနည်း သေဆုံးပြီး အမျိုးသမီး ၅ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။ ◉ ဦးခေါင်းပစ်ခတ်ခံရသူ ၁၂၃ ဦးကျော်ရှိ AAPP မှတ်တမ်းတွေကို အခြေခံထားတဲ့ သေဆုံးရသူ အရေအတွက်အထဲမှာ ဦးခေါင်းကို ပစ်ခတ်ခံရတာကြောင့် သေဆုံးရသူအရေအတွက်က ၁၂၃ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၁,၀၁၄ ဦး၏ ၁၂ ရာခိုင်နှုန်း) အထိ ရှိပါတယ်။ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးခဲ့ရသူတွေ ထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေက ၅၂ ရာခိုင်နှုန်းအထိ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဦးခေါင်း ပစ်ခတ်ခံရသူ အများဆုံး ဒေသက စစ်ကိုင်းတိုင်း ဖြစ်ပြီး ၃၀ ဦးအထိ ရှိပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ အရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကိုကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
24 Nov 2021

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ

ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အခုအချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသားဒေသများမှာလည်းတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ တခါ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာပဲ တတိုင်းပြည်လုံးကို အရေးပေါ် အခြေအနေ ကြေညာပြီးအုံကြွခုခံစစ် စတင်ကြဖို့ တိုက်တွန်းခဲ့တာကြောင့် နိုင်ငံအနှံ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပိုများ လာပြီး ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေလည်း အရင်ထက် ပိုမို ပေါ်ထွက်လာပါတယ်။ Download as PDF ● ၁,၆၉၇ ကြိမ် ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁,၆၉၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ် အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ KIA ၊ MNDAA တို့အကြား တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ တဖန် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအစောပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားမှုရပ်နားနေတဲ့ ရခိုင်ပြည်နယ်မှာလည်း ယခုလအစောပိုင်းကမောင်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့အကြားမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ တဆက်တည်းမှာပဲ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့အပြင် ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း တို့မှာပါအာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး နိုဝင်ဘာ ၂၀ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြားအပြန်အလှန်ပစ်ခတ်မှု အကြိမ် ၂၃၀ ထက်မနည်း ဖြစ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ခုခံတော်လှန်စစ်ကြေညာပြီးနောက်ပိုင်း စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၂၀ ရက် အတွင်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ၁၂၉ ကြိမ်ထက် မနည်း ရှိလာခဲ့ပါတယ်။ ● အရပ်သား ၁,၅၃၃ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ အရေအတွက်ဟာ(နိုဝင်ဘာ ၂၀ ရက်အထိ) ၁,၅၃၃ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၁,၂၈၁ ဦးဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုနဲ့ဖမ်းဆီးခံရစဉ် ရခဲ့တဲ့ ဒဏ်ရာတွေ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ တိုက်ပွဲတွေနဲ့အပြန်အလှန် ပစ်ခတ်မှုတွေ ကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ အရေအတွက်က ၂၅၂ ဦး ထက်မနည်း ရှိခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) နဲ့ ISP-Myanmar က စုဆောင်းထားတဲ့မှတ်တမ်းတွေ ဖြစ်ပါတယ်။ အခြားတဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီတို့ကလည်း သေဆုံးမှု ကိန်းဂဏန်းတွေ ထုတ်ပြန်ထားပါတယ်။ NUG ရဲ့ စာရင်းအရ ငါးလကျော်ကြာ ကာလအတွင်း တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ် ၂,၅၃၀ ကြိမ်ရှိခဲ့ပြီး၊ အရပ်သားသေဆုံးမှုက ၉၀၈ ဦး ရှိပါတယ်။ စစ်ကောင်စီဘက်မှ သေဆုံးသူ ၂,၉၄၁ ဦး ရှိတယ်လို့လည်း NUG က ဆိုပါတယ်။ စစ်ကောင်စီကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာတော့ အောက်တိုဘာ ၂၁ ရက်အထိ သေဆုံးသူ ၁,၃၃၇ ဦးရှိတယ်လို့ ပြောပါတယ်။ ဒီအထဲမှာမှ၁,၁၉၀ ဦးကို အမျိုးအစားခွဲတဲ့အခါ ဒလန်လို့ စွပ်စွဲခံရပြီး သေဆုံးသူ ၄၀၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်၊ မိသားစုတွေနဲ့ ပါတီထောက်ခံသူ ၂၅၃ ဦး၊ အစိုးရဝန်ထမ်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄၀ ဦး၊ မြို့နယ်အဆင့်နဲ့ ရပ်ကွက်ကျေးရွာ တာဝန်ရှိသူ ၃၂၂ ဦးနဲ့ ဗုံးဖောက်ခွဲမှု တွေကြောင့် သေဆုံးသူ ၆၉ ဦးရှိတယ်လို့ ဆိုပါတယ်။ NUG နဲ့ စစ်ကောင်စီက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအတွက်လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ● နေအိမ် ၈၇၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရ ၂၀၂၁ ခုနှစ် ဇွန်မှ နိုဝင်ဘာ ၂၀ ရက်အထိ ငါးလတာကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှု များအတွင်းအရပ်သားပြည်သူတွေရဲ့ နေအိမ်များ မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ အများစုက ချင်းပြည်နယ် နဲ့မကွေးတိုင်းမှ ဖြစ်ပြီး ချင်းပြည်နယ်မှာ ၄၄၇ လုံးထက်မနည်း၊ မကွေးတိုင်းမှာ ၃၂၈ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။မီးရှို့မှုတွေကို စစ်ကောင်စီဘက်မှ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဖော်ပြကြပေမဲ့ အိမ်ခြေ ၂၄၀ ကျော်အနက် ၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့တဲ့ ကင်းမရွာ ဖြစ်စဉ်နဲ့ အောက်တိုဘာ ၂၉ ရက် ထန်တလန်ဖြစ်စဉ်တို့ကို တော့ သူတို့ လုပ်တာမဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ထားပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်က ဖော်ပြခဲ့တဲ့ အချက်အလက်တွေနဲ့ နှင့်နှိုင်းယှဉ်တဲ့အခါ(အလေးထားရမည့် အကြောင်းအချက်များ အမှတ်-၅၆ ကို ရှုပါ) မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၄၂ လုံးထက်မနည်း တိုးလာခဲ့တာဖြစ်ပါတယ်။ ● စစ်ပြေးဒုက္ခသည် ၅၃,၀၀၀ ကျော် တိုးလာ တိုက်ပွဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နိုဝင်ဘာလအတွင်း စစ်ပြေးဒုက္ခသည် ၅၃,၀၇၀ ဦးကျော် ထပ် တိုးလာပါတယ်။နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနဲ့ ရေဦးမြို့နယ်များမှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ခန့်ကို စစ်ကောင်စီဘက်မှ ဝင်ရောက်စီးနင်းမှုများရှိခဲ့ပြီး အဆိုပါရွာများမှ ဒေသခံပြည်သူ ၃၅,၀၀၀ ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။ ကသာမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ ကာကွယ်‌ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက အနီးရှိ မိုးတားလေးရွာအတွင်းက လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ၁,၀၀၀ ခန့် မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ Myanmar Now သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တဖန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ဟိုင်းပုကျေးရွာအတွင်း SSPP/SSA အဖွဲ့ပါဝင်တဲ့ တပ်ပေါင်းစု ဝင်ရောက်လာပြီးနောက် ဟိုင်းပုကျေးရွာအပါအဝင် အနီးအနားရှိ ဒေသခံ ၁,၀၀၀ ကျော်မှာ ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။ ဒါ့အပြင်တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သစ်ကတိုးနဲ့ ဟာမြင်းကြီးကျေးရွာတို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာများမှ လူအချို့ကို ဝင်ရောက်ဖမ်းဆီးမှုများ ရှိတာကြောင့် အနီးအနားရှိ ကျေးရွာလေးရွာမှ ဒေသခံ ၅၀၀ ကျော်မှာထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ တဖန် ၂၀၁၉ နှစ်ဦးပိုင်းမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာအထိ ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ AA အဖွဲ့တို့ အကြား တိုက်ပွဲများကြောင့်စစ်ပြေးရှောင်နေရတဲ့ ဒုက္ခသည်တွေအနက် အချို့မှာ နေရပ်ပြန်မှုများ ရှိခဲ့ပါတယ်။ ယခုလအစောပိုင်းမှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က စစ်ဘေးရှောင် ၃၀၀ခန့်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်အချို့ နေရပ်ပြန်လာခဲ့ကြပါတယ်။ နေရပ်ပြန်စစ်ဘေးရှောင်များအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုများ ရှိပေမဲ့ မြေမြှုပ်မိုင်း အန္တရာယ်နဲ့ ပတ်သက်ပြီး စိုးရိမ်နေရကြောင်း သိရပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၆) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
17 Nov 2021

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၀) စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၁၀,၁၄၃ ဦးရှိခဲ့ပြီး ယခုအချိန်ထိ ဖမ်းဆီး ချုပ်နှောင်ခံထားရသူ စုစုပေါင်း ၇,၂၅၁ ဦးရှိပါတယ်။ ဖမ်းဆီး ခံထားရသူ အများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သားပြည်သူတွေနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေ သာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ ဖမ်းဆီး ထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကို လေ့လာ ကြည့်ရင် ပုဒ်မ ၅၀၅ (က) ကို အများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း အကျဉ်းထောင် အသီးသီးမှာ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အခြားအကျဉ်းသားများကို ဖေဖော်ဝါရီ ၁၂ ရက်၊ ဧပြီ ၁၇ ရက်၊ ဇွန် ၃၀ ရက်နဲ့ အောက်တိုဘာ ၁၈ ရက်တွေ မှာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြန်လည်လွတ်မြောက်လာသူ တချို့ကို ပုဒ်မအသစ်တွေ ထပ်တပ်ပြီး သူတို့ရဲ့ နေအိမ်တွေမှာစောင့်ဆိုင်းပြီး ပြန်ဖမ်းခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ လွတ်မြောက်ပြီးမှ ပြန်အဖမ်းခံရသူ အရေအတွက် ၁၀၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ပြောထားပါတယ်။ Download as PDF ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်က ဖော်ပြခဲ့တဲ့ ကိန်းဂဏန်းတွေ (အလေးထားရမည့်အကြောင်းအချက်များ အမှတ်-၅၄ ကိုရှုပါ) နဲ့နှိုင်းယှဉ်ရင် တလတာကာလအတွင်း ဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း ၁,၃၅၃ ဦးထက်မနည်း တိုးလာပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၄) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
15 Nov 2021

အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၉) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (နိုဝင်ဘာ ၁၂ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၁,၂၅၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ လွတ်လပ်သော အဖွဲ့အစည်းတရပ် ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) က နိုဝင်ဘာ ၁၂ ရက်အထိ ပြုစုထားတဲ့ မှတ်တမ်းတွေအရသေဆုံးသူ ၁,၁၉၀ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ Download as PDF ◉ သေဆုံးသူ အရေအတွက် ထုတ်ပြန်ချက်များ AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှု မရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆို ထားသလိုစစ်ကောင်စီဘက်ကလည်း သေဆုံးသူ အရေအတွက် ထုတ်ပြန် လာတာတွေ ရှိပါတယ်။ စစ်ကောင်စီရဲ့ အောက်တိုဘာ ၂၃ ရက်ထုတ်ပြန်ချက်အရ အောက်တိုဘာ ၂၁ ရက်အထိ သေဆုံးသူ စုစုပေါင်း ၁,၃၃၇ ဦး ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီ ၁,၃၇၇ဦးထဲမှာ အရပ်သား ၁,၁၅၅ ဦး၊ တပ်မတော်သား ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦး နဲ့ အစိုးရ ဝန်ထမ်း ၁၄ ဦး ပါဝင်ကြောင်း စစ်ကောင်စီက ဆိုထားပါတယ်။ တဖန် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာလထုတ် အစီရင်ခံစာအရ ဖေဖော်ဝါရီ ၁ ရက်မှစက်တင်ဘာ ၃၀ ရက်အထိ ဆန္ဒပြသူများဘက်မှ သေဆုံးသူ ၄၂၀ ဦး ရှိကြောင်း ဖော်ပြထားပါတယ်။ အဆိုပါ ၄၂၀ ဦးအနက် ဆန္ဒပြနေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ အကြမ်းဖက်နှိမ်နှင်းခံရမှုများကြောင့် သေဆုံးသူ ၁၉၂ ဦး၊ အခြားအကြောင်းအရာများ ကြောင့် သေဆုံးသူ ၂၂၈ ဦး ရှိကြောင်း ဆိုပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သူတို့ရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် တော့ မရှိပါဘူး။ တခါ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်တွေအရ ဇွန်ကနေ နိုဝင်ဘာ ၆ ရက် အထိ ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပဋိပက္ခ ဖြစ်စဉ်များအတွင်း ပြည်သူ ၉၀၈ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်က ၂,၉၄၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်သော အဖွဲ့အစည်းများရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ◉ သေဆုံးသူ ဆက်တိုးနေဆဲ AAPP ရဲ့ မှတ်တမ်းတွေကို အခြေခံပြီး အောက်တိုဘာ ၂၄ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ်(၅၅) နဲ့ နှိုင်းယှဉ်ကြည့်ရင်သေဆုံးသူ အရေအတွက်က ၁,၁၈၃ ဦးကနေ အခု ၁,၂၅၈ ဦးထက်မနည်း ဖြစ်လာတာကြောင့် တလတာကာလအတွင်း သေဆုံးသူ ၇၅ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၅) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ AAPP မှတ်တမ်းကို အခြေပြုထားတဲ့ သေဆုံးသူ အရေအတွက် ၁,၂၅၈ ဦးကို အသက် အုပ်စုအလိုက် ကြည့်တဲ့အခါ အသက် ၁၈နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင်၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသကစစ်ကိုင်းတိုင်း ဖြစ်ပြီး၊ ရန်ကုန်က ဒုတိယနေရာမှာ ရှိနေပါတယ်။ ◉ စစ်ကြောရေးအတွင်း သေဆုံးရသူ ၆၀ ဦးကျော်ရှိ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးနောက် စစ်ကြောရေးအတွင်း သေဆုံးခဲ့ရသူ၆၀ ဦးထက်မနည်း ရှိပါတယ်။ ဒီလို သေဆုံးရသူတွေအနက် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး ၁၇ ဦး၊ မန္တလေးတိုင်းမှ ဒုတိယအများဆုံးဖြစ်ပြီး ၁၃ ဦး၊ ရန်ကုန်တိုင်းမှ ၁၀ ဦးအထိ ရှိနေပါတယ်။ အသက်အရွယ်အားဖြင့် လူငယ်၊ လူရွယ်အများအပြားသေဆုံးခဲ့ရပြီး ၃၆ ဦးအထိ ရှိခဲ့ပါတယ်။ ကျား၊မ အရေအတွက်အားဖြင့် အမျိုးသား ၅၈ ဦးထက်မနည်း သေဆုံးပြီး အမျိုးသမီး ၂ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။ ◉ ဦးခေါင်းပစ်ခတ်ခံရသူ ၁၂၃ ဦးကျော်ရှိ AAPP မှတ်တမ်းတွေကို အခြေခံထားတဲ့ သေဆုံးရသူ အရေအတွက်အထဲမှာ ဦးခေါင်းကို ပစ်ခတ်ခံရတာကြောင့် သေဆုံးရသူအရေအတွက်က ၁၂၃ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၉၈၁ ဦး၏ ၁၂ ရာခိုင်နှုန်း) အထိ ရှိပါတယ်။ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးခဲ့ရသူတွေ ထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေက ၅၂ ရာခိုင်နှုန်းအထိ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဦးခေါင်း ပစ်ခတ်ခံရသူ အများဆုံး ဒေသက စစ်ကိုင်းတိုင်း ဖြစ်ပြီး ၃၀ ဦးအထိ ရှိပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ အရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကိုကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
3 Nov 2021

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ

ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၆) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အခု အချိန်အထိလည်း ပုံသဏ္ဌာန် မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်းတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန် အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ တခါ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာပဲ တတိုင်းပြည်လုံးကို အရေးပေါ် အခြေအနေ ကြေညာပြီးအုံကြွခုခံစစ် စတင်ကြဖို့ တိုက်တွန်းခဲ့ တာကြောင့် နိုင်ငံအနှံ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပိုများ လာပြီး ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေလည်း အရင်ထက် ပိုမို ပေါ်ထွက်လာပါတယ်။ Download as PDF ● ၁,၃၅၂ ကြိမ် ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁,၃၅၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ် အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ KIA ၊ MNDAA တို့အကြား တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့အကြားမှာလည်းတိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ တဆက်တည်းမှာပဲ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာအာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး အောက်တိုဘာ ၂၆ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု အကြိမ် ၁၈၀ ထက်မနည်း ဖြစ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ခုခံတော်လှန်စစ် ကြေညာပြီးနောက်ပိုင်း စက်တင်ဘာ၈ ရက်မှ အောက်တိုဘာ ၂၆ရက်အတွင်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ၇၉ ကြိမ်ထက်မနည်း ရှိလာခဲ့ပါတယ်။ ● အရပ်သား ၁,၄၆၀ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ အရေအတွက်ဟာ(အောက်တိုဘာ ၂၆ ရက်အထိ) ၁,၄၆၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၁,၂၁၈ ဦးဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ဖမ်းဆီးခံရစဉ် ရခဲ့တဲ့ ဒဏ်ရာတွေ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ တိုက်ပွဲတွေနဲ့အပြန်အလှန် ပစ်ခတ်မှုတွေ ကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ အရေအတွက်က ၂၄၂ ဦး ထက်မနည်း ရှိခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) နဲ့ ISP-Myanmar က စုဆောင်းထားတဲ့မှတ်တမ်းတွေ ဖြစ်ပါတယ်။ အခြားတဖက်မှာလည်း အ မျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီတို့ကလည်း သေဆုံးမှုကိန်းဂဏန်းတွေ ထုတ်ပြန်ထားပါတယ်။ NUG ရဲ့ စာရင်းအရ လေးလတာကာလအတွင်း တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ် ၁,၈၆၂ ကြိမ်ရှိခဲ့ပြီး၊ အရပ်သား သေဆုံးမှုက ၅၉၅ ဦး ရှိပါတယ်။ စစ်ကောင်စီဘက်မှ သေဆုံးသူ ၂,၄၇၈ ဦး ရှိတယ်လို့လည်း NUG က ဆိုပါတယ်။ စစ်ကောင်စီက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာတော့ အောက်တိုဘာ ၂၁ ရက်အထိ သေဆုံးသူ ၁,၃၃၇ ဦးရှိတယ်လို့ ပြောပါတယ်။ ဒီ အထဲမှာမှ ၉၇၀ ဦးကို အမျိုးအစားခွဲတဲ့အခါ ဒလန်လို့ စွပ်စွဲခံရပြီး သေဆုံးသူ ၄၀၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်၊ မိသားစုတွေနဲ့ ပါတီထောက်ခံသူ ၂၅၃ ဦး၊ အစိုးရဝန်ထမ်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄၀ ဦး၊ မြို့နယ်အဆင့်နဲ့ ရပ်ကွက်ကျေးရွာ တာဝန်ရှိသူ၁၀၂ ဦးနဲ့ ဗုံးဖောက်ခွဲမှု တွေကြောင့် သေဆုံးသူ ၁၄၀ ဦးရှိတယ်လို့ ဆိုပါတယ်။ NUG နဲ့ စစ်ကောင်စီက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအတွက် လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ●နေအိမ် ၈၃၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရ ၂၀၂၁ ခုနှစ် ဇွန်မှ အောက်တိုဘာ ၂၉ အထိ ငါးလတာကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှု များအတွင်းအရပ်သားပြည်သူတွေရဲ့ နေအိမ်များ မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ အများစုက ချင်းပြည်နယ် နဲ့မကွေးတိုင်းမှ ဖြစ်ပြီး ချင်းပြည်နယ်မှာ ၄၂၇ လုံးထက်မနည်း၊ မကွေးတိုင်းမှာ ၃၂၈ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။မီးရှို့မှုတွေကို စစ်ကောင်စီဘက်မှ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဖော်ပြကြပေမဲ့ အိမ်ခြေ ၂၄၀ ကျော်အနက် ၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့တဲ့ ကင်းမရွာ ဖြစ်စဉ်နဲ့ အောက်တိုဘာ ၂၉ ရက် ထန်တလန်ဖြစ်စဉ်တို့ကို တော့ သူတို့ လုပ်တာမဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ထားပါတယ်။ ချင်းပြည်နယ်လွှတ်တော် ကိုယ်စားပြု ကော်မတီရဲ့ အောက်တိုဘာ ၃၀ ရက် ကြေညာချက်အရအောက်တိုဘာလအတွင်း ချင်းပြည်နယ် ထန်တလန်မြို့၊ ဖလမ်းမြို့နယ်နဲ့ မင်းတပ်မြို့နယ်အတွင်းက ကျေးရွာများမှ ဘုရားကျောင်း တလုံးနဲ့ အိမ်ခြေ ၄၀၇ လုံးထက်မနည်း မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၅ရက်က ဖော်ပြခဲ့တဲ့ အချက်အလက်တွေနဲ့ နှင့်နှိုင်းယှဉ်တဲ့အခါ (အလေးထားရမည့် အကြောင်းအချက်များ အမှတ်-၅၂ ကို ရှုပါ) မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၃၄၀ ထက်မနည်း တိုးလာခဲ့တာ ဖြစ်ပါတယ်။ ● စစ်ပြေးဒုက္ခသည် ၈,၀၀၀ ကျော် တိုးလာ တိုက်ပွဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အောက်တိုဘာလအတွင်း စစ်ပြေးဒုက္ခသည် ၈,၁၀၁ ဦးကျော် ထပ် တိုးလာပါတယ်။ အောက်တိုဘာလအတွင်း ချင်းပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေ ဖြတ်သန်းသွားလာမှုတွေ ရှိခဲ့ပြီး နေအိမ်မီးရှို့ဖျက်ဆီးခံရမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကြောင်း ဖြတ်သန်းရာ လမ်းတလျှောက်မှာရှိတဲ့ ဒေသခံ ပြည်သူအချို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ခြင်းတွေ ရှိပါတယ်။ ဥပမာအားဖြင့် စစ်ကြောင်းဖြတ်သန်းရာ ဟားခါး-ဖလမ်း လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာ‌ခုနစ်ရွာထက် မနည်းမှ ဒေသခံပြည်သူ ၄,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် ခဲ့ခြင်းတွေ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ကျေးရွာအချို့မှာလည်း စစ်ကောင်စီ တပ်စွဲထား မှုကြောင့် အနီးတဝိုက်မှ ဒေသခံပြည်သူ ၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်အတွင်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား တိုက်ပွဲတွေကြောင့် ဒေသခံ ၁,၁၀၀ ကျော်ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊မုံးကိုး မြို့နယ်အတွင်းမှာလည်း MNDAA အဖွဲ့နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေကြောင့် ဒေသခံ ၄၀၀ ကျော်ခန့်မှာ တရုတ်-မြန်မာနယ်စပ် အနီးက လယ်ကွင်းတွေမှာ တိမ်းရှောင်နေကြရပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အနီးအနားက ပြည်သူ ၅၀၀ ကျော်မှာလည်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၂) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
28 Oct 2021

ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု

✤ မိတ်ဆက် NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အထူးကဏ္ဍ (Special Features) အဖြစ် အကြောင်းအရာ ငါးခုကိုအပိုင်းလိုက်ခွဲ၍ ISP-Myanmar က ဖော်ပြနေခြင်း ဖြစ်ပါသည်။ ပထမဆုံး အနေဖြင့် “မြန်မာ့ငြိမ်းချမ်းရေး ဖြန်တန်ခြေ များအားဖြန့်ထွက် စဉ်းစားခြင်း” (Scenario Thinking) ကို အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြခဲ့ပြီး၊ “မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်- အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ” အကြောင်း ပိုင်းခြားစိတ်ဖြာသုံးသပ်ချက် (Analysis) ကို အောက်တိုဘာ ၂၀ ရက်က ဖော်ပြခဲ့ပါသည်။ ယခု “စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု” (Key Questions) ကို […]
25 Oct 2021

အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၅) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (အောက်တိုဘာ၂၁ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၁,၁၈၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ လွတ်လပ်သော အဖွဲ့အစည်းတရပ်ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) က အောက်တိုဘာ ၂၁ ရက်အထိ ပြုစုထားတဲ့ မှတ်တမ်းတွေအရ သေဆုံးသူ ၁,၁၁၅ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ Download as PDF ◉ သေဆုံးသူ အရေအတွက် ထုတ်ပြန်ချက်များ AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှု မရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆို ထားသလိုစစ်ကောင်စီဘက်ကလည်း သေဆုံးသူ အရေအတွက် ထုတ်ပြန် လာတာတွေ ရှိပါတယ်။ စစ်ကောင်စီရဲ့ အောက်တိုဘာ ၂၃ ရက်ထုတ်ပြန်ချက်အရ အောက်တိုဘာ ၂၁ ရက်အထိ သေဆုံးသူ စုစုပေါင်း ၁,၃၃၇ ဦး ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီ ၁,၃၇၇ဦးထဲမှာ အရပ်သား ၁,၁၅၅ ဦး၊ တပ်မတော်သား ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦး နဲ့ အစိုးရ ဝန်ထမ်း ၁၄ ဦး ပါဝင်ကြောင်း စစ်ကောင်စီက ဆိုထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သူတို့ရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့အဖွဲ့ အစည်းတွေရဲ့ သီးခြားအတည်ပြုချက်တော့ မရှိပါဘူး။ တခါ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်တွေမှာ ဇွန်ကနေ စက်တင်ဘာအထိ ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်များအတွင်း ပြည်သူ ၅၉၅ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်က ၂,၄၇၈ ဦး သေဆုံးတယ်လို့ ဆိုထားပါတယ်။ NUG ရဲ့အောက်တိုဘာ ၉ ရက် ထုတ်ပြန်ချက်မှာ (NUG ၏ ခုခံတွန်းလှန်စစ် ကြေညာပြီး) စက်တင်ဘာ ၇ ရက် နောက်ပိုင်း အရပ်သားတွေအပေါ် စစ်ကောင်စီဘက်က လုပ်ဆောင်တဲ့ အကြမ်းဖက်မှု အနည်းဆုံး ၁၅၃ ခု ဖြစ်ပွားခဲ့ပြီး ၁၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်သော အဖွဲ့အစည်းများရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ◉ သေဆုံးသူ ဆက်တိုးနေဆဲ AAPP ရဲ့ မှတ်တမ်းတွေကို အခြေခံပြီး စက်တင်ဘာ ၁၇ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ်(၄၈) နဲ့ နှိုင်းယှဉ်ကြည့်ရင်သေဆုံးသူ အရေအတွက်က ၁,၀၈၉ ဦးကနေ အခု ၁,၁၈၃ ဦးထက်မနည်း ဖြစ်လာတာကြောင့် တလတာကာလအတွင်း သေဆုံးသူ ၉၄ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ ဒီအတိုင်းပဲ စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ စာရင်းတွေအရ သေဆုံးမှုတွေဟာ အရင်လက ၉၃၃ ဦး ရှိခဲ့ရာကနေ အခု ၁၃၃၇ ဦးအထိ ဖြစ်လာတာကြောင့် တလအတွင်း ၄၀၀ ကျော် တိုးလာပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၈) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ AAPP မှတ်တမ်းကို အခြေပြုထားတဲ့ သေဆုံးသူ အရေအတွက် ၁,၁၈၃ ဦးကို အသက် အုပ်စုအလိုက် ကြည့်တဲ့အခါ အသက် ၁၈နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင်၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသကစစ်ကိုင်းတိုင်း ဖြစ်ပြီး၊ ရန်ကုန်က ဒုတိယနေရာမှာ ရှိနေပါတယ်။ ◉ စစ်ကြောရေးအတွင်း သေဆုံးရသူ ၄၈ ဦးကျော်ရှိ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးနောက် စစ်ကြောရေးအတွင်း သေဆုံးခဲ့ရသူ ၄၈ ဦးထက်မနည်း ရှိပါတယ်။ ဒီလို သေဆုံးရသူတွေအနက် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး ၁၅ ဦး၊ မန္တလေးတိုင်းမှ ဒုတိယအများဆုံးဖြစ်ပြီး ၁၂ ဦး၊ ရန်ကုန်တိုင်းမှ ၇ ဦးအထိ ရှိနေပါတယ်။ အသက်အရွယ်အားဖြင့် လူငယ်၊ လူရွယ်အများအပြား သေဆုံးခဲ့ရပြီး ၂၈ ဦးအထိ ရှိခဲ့ပါတယ်။ ကျား၊မ အရေအတွက်အားဖြင့် အမျိုးသား ၄၆ ဦးထက်မနည်း သေဆုံးပြီး အမျိုးသမီး ၂ ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။ ◉ ဦးခေါင်းပစ်ခတ်ခံရသူ ၁၂၇ ဦးကျော်ရှိ AAPP မှတ်တမ်းတွေကို အခြေခံထားတဲ့ သေဆုံးရသူ အရေအတွက်အထဲမှာ ဦးခေါင်းကို ပစ်ခတ်ခံရတာကြောင့် သေဆုံးရသူအရေအတွက်က ၁၂၇ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၉၀၄ ဦး၏ ၁၄ ရာခိုင်နှုန်း) အထိ ရှိပါတယ်။ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးခဲ့ရသူတွေ ထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေက ၅၀ ဒဿမ ၄ရာခိုင်နှုန်း အထိ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဦးခေါင်း ပစ်ခတ်ခံရသူ အများဆုံး ဒေသက စစ်ကိုင်းတိုင်း ဖြစ်ပြီး ၃၀ ဦးအထိ ရှိပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ အရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကိုကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
21 Oct 2021

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ

✤ မိတ်ဆက် NCA ခြောက်နှစ်ပြည့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အထူးကဏ္ဍ (Special Features) အဖြစ် အကြောင်းအရာ ငါးခုကိုအပိုင်းလိုက်ခွဲ၍ ISP-Myanmar က ဖော်ပြနေခြင်း ဖြစ်ပါသည်။ ပထမဆုံး အနေဖြင့် “မြန်မာ့ငြိမ်းချမ်းရေး ဖြန်တန်ခြေ များအားဖြန့်ထွက် စဉ်းစားခြင်း” (Scenario Thinking) ကို အောက်တိုဘာ ၁၇ ရက်တွင် ဖော်ပြခဲ့ပြီး၊ ယခု “မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်- အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ” အကြောင်း ပိုင်းခြားစိတ်ဖြာသုံးသပ်ချက် (Analysis) ကို ဆက်လက်ဖော်ပြခြင်းဖြစ်သည်။ နောက်ရက်များတွင် “စစ်အာဏာသိမ်းပြီး နောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လှန်ဆန်းစစ်သော မေးခွန်း ၇ ခု” (Key Questions) ကို ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ သုတေသီများနှင့် လေ့လာသုံးသပ်သူများအား ISP-Myanmar က မေးမြန်းထားပြီး၊ ၎င်းတို့၏ ဖြေဆိုမှုများကို ဖော်ပြသွားရန်ရှိပါသည်။ ထို့နောက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သိထားသင့်သော ဒေတာအချက်အလက်များအား စုစည်းဖော်ပြမည့် Visual Story နှင့် သိသင့်သမျှအကြောင်းချင်းရာ (Backgrounder) တို့ကိုလည်း ထပ်မံဖော်ပြသွားမည် ဖြစ်သည်။ ➤ ယခု ဖော်ပြချက်ကို PDF file ဖြင့် Download ရယူနိုင်ပါသည်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ➥ “NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း” ကို ယခု link တွင် ဖတ်ရှုနိုင်ပါသည်။ ∎ အနှစ်ချုပ် ╸မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာပါပြီ။ နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဆိုရင်ပဲ ၂၀၁၁ ခုနှစ်ကနေ စတင် ရေတွက်ရင် ၁၀ နှစ် ရှိခဲ့ပါပြီ။ ဒီအခြေအနေမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ၊ သပိတ်တွေ အကြမ်းဖက် ချေမှုန်းခံရ ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ပဋိပက္ခက အဆင့်သစ်တခုသို့ တိုးမြင့်သွားတယ်လို့ ဆိုနိုင်ပါတယ်။ ရွေးကောက်ခံ တရားဝင်မှု အပေါ် အခြေခံ ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပေါ်ထွက်လာသလို၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေလည်း ဦးဆောင်မှု ပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်လာပြီးတက်ကြွသူ လူငယ် အများစုက လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ် ခဲ့ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ပဋိပက္ခဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အသစ်သော အင်အားစုများအဖြစ် သတ်မှတ်နိုင်သလို လက်နက်ကိုင် တိုက်ပွဲကြီး/ ငယ်တွေလည်း ပြန်၍ ဖြစ်ပေါ်နေပါတယ်။ ╸စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ငါးလကြာ (၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက် ပြည်ထောင်စုနေ့အထိ) ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။ အခု ကြေညာမှုဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာကစပြီး ရေတွက်ရင်အကြိမ် ၂၀ မြောက် အပစ်ရပ်သက်တမ်းတိုး ကြေညာခြင်း ဖြစ်ပါတယ်။ ကြေညာချက်မှာတော့ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက် ကပ်ဘေးကို ထောက်ထားသောအားဖြင့် အပစ်ရပ်ကြဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုမှုကို တုံ့ပြန်တယ်လို့ဖော်ပြထားပါတယ်။ လေးလကြာ အပစ် ရပ်စဲကြဖို့ နှစ်ဖက်သော အင်အားစုတွေကို အာဆီယံ အထူးကိုယ်စားလှယ်က တောင်းဆိုထားတာကို တုံ့ပြန်ပုံလည်း ရပါတယ်။ ╸အပစ်ရပ် ကြေညာချက်အသစ်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစု (EAO) တွေကို ဦးတည် ပစ်မှတ်ထားပုံ ရပြီး၊ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ NUGနဲ့ PDF စတဲ့ အင်အားစု အသစ်များ ပါဝင်ပုံ မရပါဘူး။ ဒါကြောင့် အခုတကြိမ် အပစ်ရပ် ကြေညာချက်ဟာလည်း ပဋိပက္ခတွေ ပြေငြိမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး (Dialogue) ဆီ မရောက်နိုင်ဘူးလို့ သုံးသပ်နိုင်ပါတယ်။ ╸တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) က အရင် အခြေအနေအဟောင်း ဖြစ်ပြီး လက်မှတ် ထိုးထားတဲ့ EAO တွေကိုတောင် နိုင်ငံရေးအရ စည်းရုံး ဆွဲဆောင်နိုင်စွမ်း နည်းပါးပါတယ်။ NCA ပြင်ပမှာရှိတဲ့ တိုင်းရင်းသား အဖွဲ့တွေ၊ အသစ်သော လက်နက်ကိုင် အန်တုသူ အင်အားစုတွေအတွက်လည်း လွှမ်းခြုံနိုင်မှု မရှိပါဘူး။ ╸စစ်ကောင်စီအနေနဲ့ အရင် အင်အားစုဟောင်းတွေ (Old Players) နဲ့ အခင်းအကျင်းအဟောင်းကို လက်ခံ ညှိနှိုင်း နိုင်တယ်လို့ယူဆရပေမဲ့ အင်အားစုသစ်များနဲ့ အသစ်သော အခြေအနေအတွက်တော့ မဟာဗျူဟာ စဉ်းစားထားပုံ မရပါဘူး။ ╸မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပြည်တွင်း အင်အားစုများရဲ့ သဘောထားနဲ့ ဆောင်ရွက်ချက်တွေသာမက အိမ်နီးချင်း နိုင်ငံများရဲ့ ပထဝီ နိုင်ငံရေးအကျိုးစီးပွားများဟာလည်း ထည့်သွင်း စဉ်းစားရတဲ့ အချက်ဖြစ်ပါတယ်။ အထူးသဖြင့် အခု ကာလလိုအင်အားစု အသစ်တွေ ပေါ်ထွန်းနေတဲ့ ကာလ၊ တိုင်းပြည် တခုလုံးနဲ့ချီတဲ့ နိုင်ငံရေး ဦးတည်ရာ လမ်းကြောင်း ပုံမပေါ်လွင်သေးတဲ့ကာလမှာ “အညှီရှိ၊ ယင်အုံ” ဆိုသလို ပထဝီနိုင်ငံရေး ပယောဂ တွေက ပိုပြင်းထန် တတ်ပါတယ်။ ∎ နိဒါန်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပါပြီ။ နောက်ဆုံးအကြိမ် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး ကြိုးပမ်းမှုကပဲ ဆယ်စုနှစ် တခု ရှိလာခဲ့ပါပြီ။ အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်တာ ခြောက်နှစ် သက်တမ်း ပြည့်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ အခြေအနေအသစ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်ခဲ့တဲ့ အကြမ်းမဖက် ဆန္ဒပြပွဲနဲ့ သပိတ်တွေကို စစ်ကောင်စီက အကြမ်းဖက် ချေမှုန်းခဲ့ပါတယ်။ စစ်ကောင်စီက အကြမ်းမဖက် လှုပ်ရှားမှုတွေကို ရက်စက်စွာ ချေမှုန်း ဖြိုခွဲခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စာရင်းများအရ (၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်အထိ) အကြမ်းမဖက် ဆန္ဒပြသူ ပြည်သူ ၁,၁၈၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဒီကာလမှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တချို့က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ဖွဲ့စည်းခဲ့ကြပါတယ်။ အကြမ်းမဖက် လူထုဆန္ဒပြပွဲတွေ အကြမ်းဖက် ချေမှုန်း ခံရပြီးတဲ့နောက် တက်ကြွသူ လူငယ်အများစုက လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းကို ရွေးချယ်ခဲ့ကြပါတယ်။ NUG အစိုးရက ဖက်ဒရယ် တပ်မတော်ရဲ့ ရှေ့ပြေးအဖြစ် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို ဖွဲ့စည်း ထူထောင်ခဲ့ပြီး၊ အမည် အမျိုးမျိုးနဲ့ ဒေသစုံမှာလည်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ၊ ဒေသဆိုင်ရာ ခုခံရေးတပ် (LDF) တွေ ပေါ်ပေါက်လာပါတယ်။ ဂျပန်အခြေစိုက် Nikkei Asia သတင်းဖော်ပြချက်တွေအရNUG က ပြည်သူ့ ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင် ၈,၀၀၀ ကျော်ကို လေ့ကျင့်သင်တန်း ပေးထားတယ်လို့ ဖော်ပြပါတယ်။မြန်မာနိုင်ငံရဲ့ ပဋိပက္ခနဲ့ တိုက်ခိုက်မှုများအပေါ် အနီးကပ် လေ့လာ နေကြသူတွေ ခန့်မှန်းချက်အရ နိုင်ငံအနှံ့မှာ PDF တပ်ဖွဲ့ပေါင်း၁၂၀ မှ ၃၀၀ အကြား ရှိနိုင်ပြီး၊ အင်အားအရ ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ရှိနိုင်တယ်လို့ တွက်ဆကြပါတယ်။ ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကို ၂၀၁၁ ခုနှစ် ဩဂုတ်မှာ စတင်ကြေညာပါတယ်။ နောက်ပိုင်းမှာ EAO ၁၅ ဖွဲ့နဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေက တဆင့် နှစ်ဖက် အပစ်ရပ်မှု သဘောတူညီနိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို နိုင်ငံတကာ အသိသက်သေများ ရှေ့မှောက်မှာ လက်မှတ်ထိုး သဘောတူနိုင်ခဲ့ပါတယ်။အစောပိုင်းမှာ EAO ရှစ်ဖွဲ့နဲ့၊ ၂၀၁၈ ခုနှစ်မှာ နောက်ထပ် နှစ်ဖွဲ့ ထပ်တိုးပြီး စုစုပေါင်း EAO ၁၀ ဖွဲ့နဲ့ NCA သဘောတူညီချက် ရရှိခဲ့ပါတယ်။ NCA သဘောတူညီချက်အရ နိုင်ငံရေးဆွေးနွေး အဖြေရှာမှုအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) [နောက်ပိုင်း NLD အစိုးရလက်ထက်မှာ၂၁ ရာစုပင်လုံ- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအဖြစ် ပြောင်းလဲ ခေါ်ဆိုခဲ့ပါတယ်] ကို ငါးကြိမ် ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူညီချက်မှာ ထည့်သွင်းဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူ ၇၁ ချက် ရခဲ့ပါတယ်။ ဒါပေမဲ့ NCA သဘောတူညီမှု ပြင်ပမှာ အင်အားကြီးတဲ့ EAO အဖွဲ့တွေ ဆက်လက် ကျန်ရှိနေဆဲ ဖြစ်ပြီး၊ NLD အစိုးရ လက်ထက်မှာပဲ အင်အားကြီးမားလာတဲ့ ရက္ခိုင့်တပ်တော် (ULA/AA) နဲ့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မတ်မှာ ရက္ခိုင့် တပ်တော် (AA) ကို အစိုးရနဲ့ တပ်မတော်က အကြမ်းဖက်အဖွဲ့ အစည်းအဖြစ်ကြေညာခဲ့ပါတယ်။ (စစ်အာဏာ သိမ်းအပြီး ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်မှာတော့ AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်ကနေ စစ်ကောင်စီက ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်) ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း NUG အစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ၊ ဒေသဆိုင်ရာ ခုခံရေးတပ်(LDF) တွေ ပေါ်ပေါက် လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှည်ကြာတဲ့ ပြည်တွင်းစစ်အတွက် အင်အားစုသစ်တွေ ထပ်တိုးလာခြင်းပဲဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီက အချိန်တိုအတွင်းမှာပဲ ၂၀၂၁ ခုနှစ် မေ ၁၀ ရက်မှာ NUG၊ CPRH နဲ့ PDF တွေကို“အကြမ်းဖက် အဖွဲ့အစည်း”အဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ NUG အစိုးရကလည်း ပြည်သူတရပ်လုံး ခုခံစစ်အဖြစ် အုံကြွတော်လှန်ကြဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ တိုက်တွန်း ကြေညာခဲ့ပါတယ်။ ဒီနောက်ပိုင်း ပဋိပက္ခ တင်းမာမှု ပိုမို မြင့်မားလာပြီး နိုင်ငံတကာရဲ့ လိုလားချက်တခု ဖြစ်တဲ့ တွေ့ဆုံညှိနှိုင်း ပြေလည်နိုင်တဲ့ အခြေအနေက လတ်တလော အနေအထားမှာ မရှိသေးပါဘူး။ ∎ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ၂၀၁၁ ခုနှစ် ဩဂုတ်မှာ သမ္မတ ဦးသိန်းစိန် စတင် ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အစိုးရနှစ်ဆက် ဆယ်စုနှစ်တခုတိုင်ခဲ့ပါပြီ။ ဆယ်နှစ်တာ ကာလအတွင်း တည်ငြိမ်ဖွံ့ဖြိုးမှု တစုံတရာနဲ့ NCA စာချုပ်ကို EAO အဖွဲ့ ၁၀ ဖွဲ့နဲ့ သဘောတူညီခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ရဲ့ ရေသောက်မြစ် အကြောင်းတရား ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလို့ ပြောနေပေမဲ့ NCA ပြင်ပမှာ လက်နက်ကိုင်အဖွဲ့ကြီးတွေ မပါဘဲ ကျန်နေပါသေးတယ်။ ၂၀၁၁ ခုနှစ်ကနေစတင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာလည်း ရေရှည်ကြာလွန်းတဲ့ လုပ်ငန်းစဉ် (Protracted Peace Process) ဖြစ်လာပါတယ်။နိုင်ငံတကာ သုတေသန စာပေများအရ ရှည်ကြာလွန်းတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဟာ အစိုးရတွေရဲ့ ဦးဆောင်မှု၊စွမ်းဆောင်နိုင်စွမ်း အပေါ်မူတည်ပြီး အတက်အကျ ရှိတတ်ပါတယ်။ ပြန်ပြီး ပျက်ပြယ် တတ်ကြတာလည်း ရှိပါတယ်။ ပဋိပက္ခများဆီ တကျော့ပြန်ပြီး လည်သွားကြတာလည်း ရှိတတ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေကြပေမဲ့ ပစ်ခတ်မှုတွေ ငြိမ်းမသွားပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က “ငြိမ်းချမ်းရေးမရှိသော လုပ်ငန်းစဉ်” ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ စေ့ဆော်မှုတွန်းအား မီးပေါင်ကျလာပြီး၊လက်မှတ် ရေးထိုးထားတဲ့ EAO တွေအတွက်လည်း မက်လုံးမရှိ ဖြစ်လာပါတယ်။ NCA သဘောတူညီချက် ပြင်ပမှာ အင်အားကြီးမားတဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) စတဲ့ အဖွဲ့အစည်းတွေ ရှိနေကြပါတယ်။ NCA သဘောတူညီချက်ဟာ ဘယ်သော အခါကမျှ အင်အားစုအားလုံးကို လွှမ်းခြုံတဲ့ သဘောတူညီချက် (all-inclusive pact) တခု မဖြစ်ခဲ့ပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေတဲ့ ကာလအတွင်းမှာပဲ အောက်ခြေပြည်သူ လူထုတွေအတွက် “နေ့စဉ်ဘဝ ငြိမ်းချမ်းရေး” ပျောက်ဆုံးနေရပါတယ်။ ပြည်တွင်းစစ်ရဲ့ ရေသောက်မြစ် ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်များအတွင်းပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) ငါးကြိမ် ကျင်းပနိုင်ခဲ့ပါတယ်။ ပြည်ထောင်စု သဘောတူညီချက် (Union Accords) တနည်းပြောရရင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံ နိုင်ငံရေး သဘောတူညီချက် ၇၁ ချက် ရရှိခဲ့တယ်လို့ဖော်ပြကြပါတယ်။ ဒါပေမဲ့ လုံခြုံရေးနဲ့ တပ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အစပျိုးတောင် သဘောတူနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲဒါအပြင် နယ်စည်းပိုင်းခြား သတ်မှတ်ရေး (demarcation) သဘော တူညီချက်တွေကို သဘောတူနိုင်ခဲ့တာ မရှိတော့ ဒီအချက်တွေကြောင့်ပဲ လက်နက်ကိုင် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှု မတိုင်မီ၊ အရင် NLD အစိုးရ လက်ထက်ကတည်းကငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကြန့်ကြာ တစ်ဆို့နေမှုတွေ ရှိခဲ့ပါတယ်။ တချို့သောသူများက ‘NCA ဟာ သေဆုံးပြီ’ လို့ ပြောခဲ့ကြပါတယ်။ ∎ NCA သဘောတူညီချက် ငြိမ်းချမ်းရေးအတွက် အာမခံချက်လော၊ ထောင်ချောက်လော NCA အတွက် ညှိနှိုင်း ဆွေးနွေးကြရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ ကိုယ်စားလှယ် Nationwide Ceasefire Coordination Team (NCCT) နဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) တို့ အကြား လပေါင်း ၅၀ ကျော်နဲ့ ဆွေးနွေးပွဲပေါင်း ၂၅၀ ကျော် ပြုလုပ် ညှိနှိုင်းခဲ့ကြရပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပြည်တွင်း အင်အားစုများ ကိုယ်တိုင်ကြိုးပမ်းမှု (Home-Grown) နဲ့ အစိုးရ-EAOs-နိုင်ငံရေး ပါတီများရဲ့ ဖက်စပ် လုပ်ငန်းစဉ် (Joint Venture) အဖြစ် ဂုဏ်ယူ ပြောဆို ခဲ့ကြပါတယ်။ မြန်မာစစ်တပ်ရဲ့ အမြင်မှာတော့ NCA သဘောတူညီချက်ဟာ တိုင်းရင်းသား အုပ်စုတွေဘက်က စတင် အဆိုပြုတာ၊ ဒါကို သူတို့ဘက်က လက်ခံ စဉ်းစားပေးတာ ဖြစ်ပြီး၊ နောက်ဆုံး တပ်မတော်-EAOs-နိုင်ငံရေးပါတီများ အားလုံးရဲ့ သဘောတူညီချက်အဖြစ် မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ NCA နဲ့ပြည်ထောင်စု သဘောတူညီချက်တွေကို ပြည်ထောင်စု လွှတ်တော်ကပါ တရားဝင် အတည် ပြုပေးထားပါတယ်။ ဒါကြောင့်ပဲအကယ်၍ ပြန်လည် ပြင်ဆင်မယ်ဆိုရင် အင်အားစုအားလုံးက ပြန်ပြီး သဘောတူညီ၊ လွှတ်တော်ကို နောက်တကြိမ် ပြန်ဖြတ်ရမယ်လို့ မြင်ကြပါတယ်။ NCA ကို ပထမဆုံးအကြိမ် အပြည့်စုံဆုံး ငြိမ်းချမ်းရေး သဘောတူညီချက်လို့ ဂုဏ်တင် ပြောဆိုကြတာလည်း ရှိပါတယ်။ နိုင်ငံတကာ အသိသက်သေများ ရှေ့မှောက်မှာ လက်မှတ်ရေးထိုး သဘောတူ ထားကြတာ ဖြစ်ပါတယ်။ NCA ဟာ အရေးပါတဲ့ အဖွဲ့အစည်းစနစ်- အင်စတီကျူးရှင်း (institution) တခုလို့ ယူဆနိုင်ပြီး၊ အကယ်၍ NCA မရှိတော့ဘူးဆိုရင်နောက်ထပ် အစား ထိုးစရာ၊ စည်းနှောင်ထားမှု တစုံတရာရှိတဲ့ အထောက်အထား မှတ်တမ်းတခုခု မရှိတော့တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ NCA သဘောတူညီချက်အပေါ် အကောင်အထည်ဖော်မှု အားနည်းလွန်းခြင်းက လက်တွေ့ပြဿနာ ဖြစ်ခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းမှုတွေကို စလုံးရေ စ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။ တပ်ဖွဲ့တွေအကြား နယ်စည်းသတ်မှတ်မှု (demarcation) အတွက်လည်း စစ်တပ်ဘက်က ဆွေးနွေးလိုစိတ် မရှိသလို၊ အရပ်သား အစိုးရကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ဖို့ ဦးဆောင်နိုင်စွမ်း မဲ့နေခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်ပဲ NLD အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မချောမွေ့မှုတွေ၊ တစ်ဆို့မှုတွေ ရှိခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ရွေးကောက်ခံ အရပ်သားအစိုးရနဲ့ လွှတ်တော်တွေကို စစ်ကောင်စီကဖျက်သိမ်းခဲ့ပါတယ်။ NCA လုပ်ငန်းစဉ်မှာ အရေးပါတဲ့ အင်အားစုတွေ မရှိတော့တဲ့အခါ လုံးဝရပ်ဆိုင်းသွားပါတယ်။ NCA စာချုပ်အရ ဖွဲ့စည်း တည်ဆောက်ထားမှုတွေ ဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ NCA ပူးတွဲအကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) စတာတွေလည်း အားလုံး မရှိတော့သကဲ့သို့၊ ရှေ့မဆက်နိုင်ဘဲရပ်ဆိုင်းခဲ့ပါတယ်။ အရင်ကာလက ငြိမ်းချမ်းရေးကို အဓိကဆောင်ရွက်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကို စစ်ကောင်စီက ဖျက်သိမ်းလိုက်ပြီး၊ အစားထိုးအနေနဲ့ ဗိုလ်ချုပ်ကြီးရာပြည့်ကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်စေတဲ့အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီလိုဖွဲ့ခဲ့ပေမဲ့ NCA အကောင်အထည်ဖော်မှုက အာဏာသိမ်းပြီး ရှစ်လကြာတဲ့ အထိ အကောင်အထည် ပေါ်မလာပါဘူး။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်နဲ့ ဦးတည်ချက် ကိုးရပ်မှာ NCA နဲ့ ထာဝရ ငြိမ်းချမ်းရေးစတဲ့ ဝေါဟာရတွေကို ထည့်သွင်းဖော်ပြထားဆဲ ရှိပါတယ်။ NCA သဘောတူညီချက်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အသစ်သော အင်အားစုတွေ၊ အသစ်သော အခြေအနေတို့ အတွက်ထည့်သွင်း စဉ်းစားထားတာမျိုး မရှိဘူးလို့ ယူဆထားနိုင်ပါတယ်။ ဒါတင်မက ၂၀၂၁ ခုနှစ် မေ ၁၀ ရက်မှာ စစ်ကောင်စီက စောစီးစွာပဲ NUG၊ CPRH နဲ့ PDF တွေကို “အကြမ်းဖက် အဖွဲ့အစည်း” များအဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ ဒီအချက်က ညှိနှိုင်းဆွေးနွေးရေးအတွက် တံခါး ပိတ်လိုက်သလို ဖြစ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ငါးလကြာ (၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့အထိ) ရပ်ဆိုင်းထားမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။လက်ဟောင်း အင်အားစု EAO တွေ (လက်မှတ် ရေးထိုးထားသူရော – မထိုးထားသူပါ Signatories and Non-signatories) အတွက်ရည်ရွယ်ထားပုံ ရပါတယ်။ အသစ်သော အင်အားစုများအတွက် ထည့်သွင်း စဉ်းစားထားခြင်း မရှိဘူးလို့ တွက်ဆနိုင်ပါတယ်။အသစ်သော အခြေအနေ၊ အသစ်သော အင်အားစုများ အတွက် စစ်ကောင်စီက အခုချိန်မှာ လုပ်နေတဲ့၊ အရင်ကလည်း EAO တွေကို လုပ်ခဲ့ဖူးတဲ့“ငြိမ်ဝပ်ပိပြားရေး၊ ချေမှုန်းရေး” ကလွဲလို့ အခြား မဟာဗျူဟာ စဉ်းစားနိုင်စွမ်း ကင်းမဲ့နေတယ် ယူဆနိုင်ပါတယ်။ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဟန့်အတားကြီးတခု ဖြစ်လာနိုင်ပါတယ်။ ∎ အသစ်သော အင်အားစုများ၊ အသစ်သော အခြေအနေ […]
17 Oct 2021

NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း

✤ မိတ်ဆက် NCA ခြောက်နှစ်ပြည့်နှင့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အထူးကဏ္ဍ (Special Features) အဖြစ် အကြောင်းအရာ ငါးခုကိုISP-Myanmar က ဖော်ပြရန် ရှိပါသည်။ ယခု ပထမဆုံးအနေဖြင့် “မြန်မာ့ငြိမ်းချမ်းရေး ဖြစ်တန်ခြေများအား ဖြန့်ထွက်စဉ်းစားခြင်း” (Scenario Thinking) ကို စတင်ဖော်ပြခြင်း ဖြစ်သည်။ ယင်းနောက် “မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် – အခင်းအကျင်းသစ်နှင့် အသစ်အသစ်သော အင်အားစုများ” အကြောင်း ပိုင်းခြား စိတ်ဖြာ သုံးသပ်ချက် (Analysis) ကို ဆက်လက် ဖော်ပြရန်ရှိပါသည်။ ထိုဖော်ပြချက် အပြီးတွင် “စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်လှန်ဆန်းစစ်သောမေးခွန်း ၇ ခု” (Key Questions) ကို ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ သုတေသီများနှင့် လေ့လာ သုံးသပ်သူများအား ISP-Myanmar က မေးမြန်းထားပြီး၊ ၎င်းတို့၏ ဖြေဆိုမှုများကို ဖော်ပြသွားရန် ရှိပါသည်။ ထို့နောက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သိထားသင့်သော ဒေတာ အချက်အလက်များအား စုစည်းဖော်ပြမည့် Visual Story နှင့် သိသင့်သမျှ အကြောင်းချင်းရာ (Backgrounder) တို့ကိုလည်း ထပ်မံ ဖော်ပြသွားမည် ဖြစ်သည်။ ➤ ယခု ဖော်ပြချက်ကို PDF file ဖြင့် Download ရယူနိုင်ပါသည်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ✤ ဖြစ်တန်ခြေ ဖြန့်ထွက်စဉ်းစားခြင်းISP-Myanmar က ဖော်ပြမည့် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်တန်ခြေများကို ဖြန့်ထွက် စဉ်းစားခြင်းတွင် ပါဝင်သည့် အကြောင်းပြယူဆချက်များနှင့် ဆက်နွယ်သက်ရောက်မှုများသည် မလွဲမသွေ မုချ ဖြစ်မည် ဆိုသော အပြီးအပြတ် သဘော မဆောင်ဘဲ၊အနာဂတ် ရည်မှန်းချက်သို့ ရောက်ရှိနိုင်ရန် ပစ္စုပ္ပန်အခြေအနေနှင့် ချိတ်ဆက် စဉ်းစားရာ၌ အညွှန်း ပြုစရာအဖြစ် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။ ယခု ဖော်ပြထားသော ဖြစ်တန်ခြေ ဖြန့်ထွက် စဉ်းစားခြင်းနှင့် ပတ်သက်၍ အထောက်အထားသစ်များ ပေါ်ထွက်လာသည်နှင့် အမျှ ပြန်လည် သုံးသပ် ဖြည့်စွက်မှုများ ပြုလုပ်သွားပါမည်။မည်သည့် နယ်ပယ်အတွက်မဆို ဖြစ်တန်ခြေကို လေ့လာရာ၌ အနာဂတ်ဟောကိန်း သဘောထက် အကြောင်းပြ ယူဆချက်များအား အချက်အလက် အထောက်အထားများဖြင့် ဆန်းစစ်ပြီး၊ အထောက်အထား အားကောင်းပါက အားကောင်း လာသလောက်ဖြစ်တန်ခြေ ပို၍ နီးစပ်လာနိုင်မည့် အညွှန်းပြဆိုချက်များ အဖြစ် လေ့လာသင့်ပါသည်။ အထောက်အထား ကျိုးကြောင်းယုတ္တိကိုဖော်ထုတ် ပိုင်းခြား ဆန်းစစ်ပြီး ဖြစ်တန်ခြေကို ကြိုတွေးဆခြင်း နှင့် အကျိုးဆက်များအား ပုံဖော်ကြည့်ခြင်းသာ ဖြစ်ပါသည်။ဘက်အသီးသီးက မူဝါဒ ချမှတ်သူများ သာမက ပြည်သူများ အနေဖြင့်ပါ မိမိတို့ မျှော်မှန်းသော ဖြစ်တန်ခြေ အနာဂတ်မှ ယခု ဖြစ်နေသော ပစ္စုပ္ပန်သို့ ပြန်စုန်ဆင်းပြီး လိုအပ်သည့် အကြောင်းတရားများ ပြည့်စုံအောင် တည်ဆောက်ယူရင်း ရေဆန်ကို မည်သို့လှန်တက် မည်နည်း၊ ဦးတည်သော ပန်းတိုင်သို့ မည်သည့် နည်းလမ်းဖြင့် ရောက်နိုင်မည်နည်း စသဖြင့် မဟာဗျူဟာမြောက် ဦးနှောက်မုန်တိုင်းဆင်နိုင်ရန်၊ စီမံကိန်းများ ချမှတ်နိုင်ရန်အတွက် ဖြစ်တန်ခြေ တွေးတောပုံများက အထောက်အကူ ဖြစ်စေနိုင်ပါသည်။ ∎ အနှစ်ချုပ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ခြောက်နှစ် ပြည့်ချိန်မှာပဲ မြန်မာနိုင်ငံ နေရာအနှံ့ လက်နက်ကိုင် တိုက်ပွဲ ကြီးငယ်တွေ၊ စစ်ရေး ပြင်ဆင် လှုပ်ရှားမှုတွေ၊ တင်းမာမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို NLD အစိုးရ လက်ထက် ၂၀၂၀ ပြည့်နှစ် ဩဂုတ်မှာ နောက်ဆုံး လုပ်ခဲ့ပေမဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာကတည်းက NCA အခြေပြု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှုဟာ အကျပ်ဆိုက် (deadlock) အခြေအနေ ကြုံနေခဲ့ရတာ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း (စာချုပ်အဖြစ် မည်ကာမတ္တ ကျန်နေပေမဲ့) NCA အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ် အားလုံး ရပ်တန့် သွားပါတယ်။NCA လုပ်ငန်းစဉ် အကောင်အထည် ဖော်ရာမှာ ရှိရမယ့် အစုအဖွဲ့ ကိုယ်စားပြုမှု၊ ယန္တရား လည်ပတ်ပုံ ဒါတွေကလည်း စစ်အာဏာသိမ်းမှုကြောင့် ပျက်သွားပါတယ်။ NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (NCA-S EAO) တွေက တဖွဲ့ချင်းရော၊ အစုအဖွဲ့ အနေနဲ့ပါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ထားပါတယ်။ မြေပြင်မှာလည်း ကချင်လွတ်လပ်ရေး အဖွဲ့ (KIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ တချို့တို့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်နေပါတယ်။ တခါ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ရဲ့ တိုက်ပွဲဆင်မှုတွေကို ပြန်မြင်နေရပါတယ်။ ရှမ်းပြည်နယ်မှာတော့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နဲ့ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့အကြား တိုက်ပွဲတွေ ပိုဖြစ်နေပါတယ်။ ဒါပေမဲ့ အာဏာမသိမ်းခင် အချိန်က တပ်မတော်နဲ့ အပြင်းအထန် တိုက်ပွဲဆင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားမှု မရှိတော့ဘဲ အပစ်ရပ်နေပါတယ်။ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက် လွင်ပြင်ဒေသ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်း ဒေသတွေမှာလည်း ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဖြစ်နေပါတယ်။ မြန်မာ့ ငြိမ်းချမ်းရေး ရှေ့ဆက် ဖြစ်တန်ခြေတွေကို (အပြီးအပြတ် သဘော မဆောင်ဘဲ ဆက်လက် စဉ်းစားနိုင်ရန် အညွှန်းပြုစရာ အဖြစ်) ပိုင်းခြားရာမှာ အောက်ထစ် ဖြစ်တန်ခြေ (Baseline Scenario) ၊ အဆိုးရွားဆုံး ဖြစ်တန်ခြေ (Worst-Case Scenario) နဲ့ ရလဒ်ကောင်း ထွက်ရန် အားထုတ်မှု၏ ဖြစ်တန်ခြေ (Intervention Scenarios) စသဖြင့် သုံးပိုင်းခွဲပြီး ISP-Myanmar က သုံးသပ်ပါတယ်။ ၁။ အောက်ထစ်ဖြစ်တန်ခြေ (Baseline Scenario) က စစ်ကောင်စီအနေနဲ့ NCA အပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်ထိန်းထားရင်း၊ လက်မှတ် ထိုးမထားတဲ့ EAO တွေနဲ့ တဖွဲ့ချင်း ဖြစ်ဖြစ်၊ အုပ်စုလိုက် ဖြစ်ဖြစ် သီးသန့် သဘောတူညီချက် ယူပြီး ပဏာမ လက်မှတ် ရေးထိုးနိုင်ဖို့ ကြိုးပမ်းတာမျိုး ရှိလာနိုင်ပါတယ်။ ဖြစ်တန်ခြေ ၄၀ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ သတ်မှတ်ပါတယ်။ ၂။ အဆိုးရွားဆုံး ဖြစ်တန်ခြေ (Worst-Case Scenario) က အရင် ရှိထားပြီးဖြစ်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အနှစ်သာရ အရရော၊ အကောင်အထည် ဖော်ရေး လုပ်ငန်းစဉ် အရပါ အဆုံးသတ် သွားမယ်၊ ပျက်စီးသွားမယ်။ စစ်ကောင်စီ တပ်တွေနဲ့ EAO များ၊ PDF များအကြား ကြီးမားတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာပြီး ပြည်တွင်းစစ် ပိုမို ကျယ်ပြန့် လာနိုင်ပါတယ်။ ဖြစ်တန်ခြေ ၃၀ရာခိုင်နှုန်း ရှိနိုင်တယ်လို့ သတ်မှတ်ပါတယ်။ ၃။ ရလဒ်ကောင်း ထွက်ဖို့ အားထုတ်မှု ဖြစ်တန်ခြေတွေ (Intervention Scenarios) မှာ နှစ်ပိုင်း ရှိနိုင်ပါမယ်။ ပထမတခုက နိုင်ငံတကာ (အထူးသဖြင့် တရုတ်ထောက်ခံမှုနဲ့) ကြားဝင်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကိုချိတ်ဆက် ဖြေရှင်းပေးတာ ဖြစ်ပါတယ်။ ဒုတိယ တခုက အဓိက EAO တွေ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ PDF တွေပူးပေါင်းပြီး “တပ်ပေါင်းစု” နဲ့ စစ်ကောင်စီကို အနိုင်ယူ အောင်ပွဲခံတာ ဖြစ်ပါတယ်။ ပထမအချက်က ၂၀ ရာခိုင်နှုန်း ရှိနိုင်ပြီး ဒုတိယ အချက်က ၁၀ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ သတ်မှတ်ပါတယ်။ ∎ နောက်ခံအခြေအနေ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဆက်စပ် အခြေအနေ (context) ကိုကြည့်ရင် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉ ရက် မှာ ၂၁ ရာစုပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (စတုတ္ထအစည်းအဝေး) လုပ်ခဲ့ပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အကျပ်ဆိုက်မှု (deadlock) ပြေလည်ခြင်း မရှိဘဲ ဆက်ရှိနေခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း လုပ်ငန်းစဉ် သုံးရပ်ပါတဲ့ ငြိမ်းချမ်းရေး အစီအစဉ်သစ်ကို ၂၀၂၀ ပြည့်နှစ်အလွန်မှာ အကောင်အထည်ဖော်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တခုလုံး ရပ်ဆိုင်းသွားပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဒီဇိုင်း (design) ပိုင်းမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုယ်တိုင်က အားနည်းချက် ဖြစ်ခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆုံးဖြတ်ချက်တွေ အတွက် အရေးပါတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာပင်လျှင် တိုင်းရင်းသားတွေရဲ့ သဘောထား၊ ဆွေးနွေးချက်၊ လိုလားချက်တွေ လျစ်လျူရှုခံရတာ ရှိခဲ့ပါတယ်။ အဆိုးဆုံးက လုံခြုံရေး ကဏ္ဍ ဆွေးနွေးချက်တွေ ရှေ့မရောက်တဲ့အပြင် သဘောတူညီချက်တခုမှလည်း မရခဲ့ပါဘူး။ တဖက်မှာလည်း အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်မှု ပူးတွဲ ကော်မတီ (JMC) ယန္တရား ဟာ လုပ်ငန်းဆောင်ရွက်မှု လမ်းညွှန်ချက်၊ မူဘောင်တွေနဲ့ ရှုပ်ထွေးခဲ့ပြီး လက်တွေ့ကျတဲ့ ဖြေရှင်းပေးမှုတွေ အသက် မဝင်ခဲ့ပါဘူး။ ဒါ့အပြင်တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် ပူးတွဲအကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကျပ်ဆိုက်မှု (deadlock) ကို ဖြေရှင်း ပေးနိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ်။ NCA ပြင်ပကနေ ဖြေရှင်းဖို့ ကြိုးစားမှုအဖြစ် လုပ်ခဲ့တဲ့ ၁၀+၁၀ လို ထိပ်သီး အစည်းအဝေးကလည်း အလုပ် မဖြစ်ခဲ့ပါဘူး။ NCA ကိုပဲ အခြေပြုပြီး ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်တာကြောင့် NCA ထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ပါဝင်နိုင်ဖို့ နေရာ မရှိခဲ့တာလည်း ပြဿနာတခု ဖြစ်ခဲ့ပါတယ်။ ဒါကို NCA ပြင်ပ သီးသန့် စာချုပ် ဒါမှမဟုတ် သဘောတူညီမှု ယူပြီး ဖြေရှင်းနိုင်ရေးလမ်းစ ဖော်တာမျိုး ရှိခဲ့ပေမဲ့ အပြီးမသတ် နိုင်ခင်မှာပဲ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ပိုပြီး ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်လာပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် NCA အခြေခံတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ရပ်တန့်သွားပြီး အသစ်အသစ်သော အင်အားစုတွေနဲ့ အခင်းအကျင်း သစ်တွေ ဖြစ်လာပါတယ်။ NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) တွေက တဖွဲ့ချင်းရော၊ အစုအဖွဲ့ အနေနဲ့ပါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်ထားပါတယ်။ ပြီးခဲ့တဲ့ သုံးလအတွင်း မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခမြေပုံက ပြောင်းလဲလာပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပိုဖြစ်လာသလို၊ နိုင်ငံအရှေ့မြောက်ဘက်မှာလည်း မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA) ရဲ့ တိုက်ပွဲဆင်မှုတွေကို ပြန် မြင်လာရပါတယ်။ သံလွင်မြစ် အရှေ့ခြမ်း မှာလည်း တိုက်ပွဲတွေ ဖြစ်လာပါတယ်။ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေက ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ကနေရှမ်းပြည်နယ် တောင်ပိုင်းအထိ ဆင်းလာခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း ဒေသမှာလည်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာအချို့နဲ့ စစ်ကောင်စီအကြား အကြိမ်ရေ ရာနဲ့ချီတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာခဲ့ပါတယ်။ နောက်ထပ် ပေါ်လာတဲ့ အခင်းအကျင်းသစ်က ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေရဲ့ ခုခံ တွန်းလှန်စစ် ဖြစ်ပါတယ်။ နိုင်ငံအနှံ့ အရေအတွက်အားဖြင့် အနည်းဆုံး ၁၈၀ ကနေ အများဆုံး ၃၀ဝ ကျော်အထိ ရှိတဲ့ PDF အဖွဲ့တွေရဲ့ ခုခံ တွန်းလှန်စစ်ကိုချင်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အနောက်မြောက် လွင်ပြင်ဒေသ စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသတွေမှာ အများဆုံး တွေ့ရပြီး ကယားပြည်နယ်မှာလည်း တိုက်ခိုက်မှုတွေ အရှိန်မြင့်နေပါတယ်။ ခြုံပြောရရင် ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကလွဲပြီး ကျန်ပြည်နယ်နဲ့ တိုင်း ဒေသတွေမှာ အနည်းနဲ့အများ ဆိုသလို EAO တွေရဲ့တိုက်ပွဲဆင်မှုနဲ့ PDF တွေရဲ့ ခုခံ တွန်းလှန်စစ်က အရှိန်ကောင်းလာပါတယ်။ စစ်အာဏာ မသိမ်းခင် အချိန်က တပ်မတော်နဲ့အပြင်းအထန် တိုက်ပွဲဆင်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်ပွား မှုမရှိတော့ဘဲ အပစ်ရပ်နေတာကထူးခြားချက်တခု ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းအတွက် ဆက်စပ် အခြေအနေ (context) ပြောင်းလဲသွားမှု၊ စကတည်းက အားနည်းချက် ရှိနေတဲ့ဒီဇိုင်း၊ စစ်အာဏာ သိမ်းပြီး နောက်ပိုင်း ဖြစ်လာတဲ့ အသစ်အသစ်သော အခင်းအကျင်း စတဲ့အချက်တွေက ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်အပေါ် ရိုက်ခတ်မှု ရှိခဲ့ပါတယ်။ NCA ကို အခြေပြုထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံး ပါဝင်နိုင်မှုမရှိဘူးဆိုတဲ့ အငြင်းပွားမှု ရှိနေချိန်မှာပဲ၊ ဗဟိုချုပ်ကိုင်မှု လွန်ကဲတဲ့ အခင်းအကျင်းတွေက ကြိုးပမ်းမှု ဖြစ်စဉ်ကို ရှေ့မရောက်စေဘဲအကျပ်ရိုက်မှု (deadlock) ဖြစ်စေခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဖြစ်စဉ်တခုလုံး ပျက်စီးသွားပြီး NCA ပျက်ပြယ်ပြီဆိုတဲ့ သုံးသပ်ချက်တွေပါ ရှိခဲ့ပါတယ်။ စစ်ကောင်စီက အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ကို ဖျက်သိမ်းပြီး အသစ် ဖွဲ့စည်းလိုက်တဲ့ အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းကော်မတီ (NSPNC) ဦးဆောင်မှုနဲ့ NCA လမ်းကြောင်း အတိုင်း ဆက်လုပ်မယ်လို့ ဆိုပါတယ်။ ပြည်ထောင်စု လွှတ်တော်ကအတည်ပြုပေးတဲ့ ကိစ္စကလွဲလို့ ငြိမ်းချမ်းရေးအတွက် စေ့စပ် ညှိနှိုင်းမှုတွေကို စစ်ကောင်စီနဲ့ ဆွေးနွေး အဖြေရှာလို့ ရကြောင်း စစ်ကောင်စီဥက္ကဋ္ဌက အောက်တိုဘာ ၁၅ ရက်မှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ခံ အစိုးရ၊ လွှတ်တော် အပါအဝင် တရားဝင်ကိုယ်စားပြုမှု အင်္ဂါ မစုံတော့တဲ့ အခြေအနေတွေက NCA အခြေခံ ငြိမ်းချမ်းရေး လုပ်ငန်းအပေါ် ပြန်လှန် ဆန်းစစ်စရာ ဖြစ်စေခဲ့ပါတယ်။ […]
10 Oct 2021

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၄) စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အောက်တိုဘာ ၇ ရက်နေ့အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၈,၇၉၀ ဦးရှိခဲ့ပြီး ယခုအချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၇,၁၁၉ ဦးရှိပါသည်။ ဖမ်းဆီး ခံထားရသူအများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သား ပြည်သူတွေနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေသာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ ဖမ်းဆီးထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကို လေ့လာကြည့်ရင် ပုဒ်မ ၅၀၅-က ကို အများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့က ဖော်ပြခဲ့သော ကိန်းဂဏန်းများ (အလေးထားရမည့်အကြောင်း အချက်များ အမှတ်-၅၀ ကို ရှုပါ) နှင့် နှိုင်းယှဉ်ပါက ဖမ်းဆီးချုပ်နှောင်ခံရသူ ၄၃၉ ဦး တိုးလာပါတယ်။ Download as PDF ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၀) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
6 Oct 2021

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုနှင့် စစ်ပြေးဒုက္ခသည်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၂) ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ (၂၀၂၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန် အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ တခါ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာပဲ တတိုင်းပြည်လုံးကို အရေးပေါ်အခြေအနေ ကြေညာပြီး အုံကြွခုခံစစ် စတင်ကြဖို့ တိုက်တွန်းခဲ့ တာကြောင့် နိုင်ငံအနှံ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပိုများလာပြီးဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေလည်း အရင်ထက် ပိုမို ပေါ်ထွက်လာပါတယ်။ Download as PDF ● ၁,၁၅၄ ကြိမ် ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁,၁၅၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ် အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ KIA ၊ MNDAA တို့အကြား တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့အကြားမှာလည်းတိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ တဆက်တည်းမှာပဲ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီးစက်တင်ဘာ ၃၀ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၁၅၇ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ခုခံတော်လှန်စစ် ကြေညာပြီးနောက်ပိုင်း စက်တင်ဘာ၈ ရက်မှ ၃၀ ရက်အတွင်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ၅၁ ကြိမ်ထက်မနည်း ရှိလာခဲ့ပြီး ခြောက်လတာကာအတွင်း အများဆုံး ဖြစ်ခဲ့ တာပါ။ ● အရပ်သား ၁,၃၅၄ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ အရေအတွက်ဟာ(စက်တင်ဘာ ၃၀ ရက်အထိ) ၁,၃၅၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၁,၁၄၆ ဦးဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ဖမ်းဆီးခံရစဉ် ရခဲ့တဲ့ ဒဏ်ရာတွေ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ တိုက်ပွဲတွေနဲ့အပြန်အလှန် ပစ်ခတ်မှုတွေ ကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ အရေအတွက်က ၂၀၈ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ● နေအိမ် ၄၁၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရ ၂၀၂၁ ခုနှစ် ဇွန်မှ စက်တင်ဘာ လေးလတာကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှု များအတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ်များ မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ အများစုက မကွေးတိုင်းမှာရှိတဲ့ ကျေးရွာတွေဖြစ်ပြီး နေအိမ် စုစုပေါင်း ၃၂၁ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ မီးရှို့မှုတွေကို စစ်ကောင်စီဘက်မှ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ ဒါပေမဲ့ အိမ်ခြေ ၂၄၀ ကျော်အနက် ၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့တဲ့ ကင်းမရွာ ဖြစ်စဉ်ကိုတော့ သူတို့ လုပ်တာမဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ထားပါတယ်။ ● စစ်ပြေးဒုက္ခသည် ၃၀,၄၀၀ ကျော် တိုးလာ တိုက်ပွဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် စက်တင်ဘာလအတွင်း စစ်ပြေးဒုက္ခသည် ၃၀,၄၀၀ ကျော် ထပ်မံ တိုးလာပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့နဲ့ ဟားခါးမြို့တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် နေအိမ်အချို့မီးလောင်ကျွမ်းခဲ့ပြီး အဲဒီမြို့နှစ်ခုက ဒေသခံ ၂၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတယ်။ မကွေးတိုင်းအတွင်းမှကျေးရွာအချို့မှာလည်း စစ်ကောင်စီရဲ့ ဝင်ရောက်စီးနင်းခြင်း၊ မီးရှို့ဖျက်ဆီးခံရခြင်းတွေ ကြုံတွေခဲ့ရပြီး ဒေသခံပြည်သူ ၈,၀၀၀နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စက်တင်ဘာ ၁၄ ရက်နေ့က မိုင်းကိုင်မြို့နယ်အတွင်းရှိတဲ့ ဒေသခံပြည်သူ ၂,၃၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၇) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/ISPMyanmarpage/posts/2648749025429313 ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
29 Sep 2021

ပြည်တွင်းစစ် တာရှည်နိုင်သော အချက်သုံးရပ်

အလေးထားရမည့်အကြောင်းအချက်များ အမှတ် – (၅၁) ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုက ခုနှစ်လကျော် ကြာလာတဲ့အခါ မြန်မာ့နိုင်ငံရေး မြင်ကွင်းတွေမှာ နေရာအနှံ့လက်နက်ကိုင်တော်လှန်မှုတွေ၊ အပြန်အလှန် အကြမ်းဖက် တုန့်ပြန်မှုတွေနဲ့ စစ်ရေး တင်းမာမှုတွေ ပြည့်နှက်လာပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့အနာဂတ်က ကျရှုံးနိုင်ငံ (Failed State) ဖြစ်တော့မလား၊ ဒါမှမဟုတ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဖယ်ကျဉ်ခံနိုင်ငံ (Pariah State) ဖြစ်လာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ကြီးစိုးလာပါတယ်။ ဒီနိုင်ငံရဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ မလွယ်သေးပေမဲ့ ပဋိပက္ခဒဏ်ကိုတော့ အရပ်သားပြည်သူတွေ ခါးစည်းခံနေရပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်ကို အပြုတ်တိုက်အပြတ်ရှင်းနည်းနဲ့ ရန်ငါစည်းခြား တော်လှန်းခြင်းက လူအများလက်ခံကြတဲ့ လမ်းစဉ်တခု ဖြစ်လာပါတယ်။ အခု ဖြစ်နေတဲ့ အဆိုးကျော့ သံသရာ ဘယ်အချိန်မှာ ပြီးမလဲဆိုတာ ခန့်မှန်းရခက်ပေမဲ့ ဘာကြောင့် ရှည်ကြာစေသလဲဆိုတဲ့အပေါ် နိုင်ငံတကာဖြစ်စဉ်တွေကို အခြေခံပြီး ပြောဆိုဆွေးနွေးကြတာမျိုး ရှိကြပါတယ်။ အဲဒီ ဆွေးနွေးမှုတွေဟာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကနေခဏခွာပြီး တစုံလုံး ခြုံငြုံကြည့်တဲ့ ပုံစံမျိုး ဖြစ်တာကြောင့် ဒီလို အချိန်မှာ လေ့လာသင့်တဲ့ အကြောင်းအရာ တခု ဖြစ်ပါတယ်။ Download as PDF ∎ ဆိုလိုရင်းအနှစ်ချုပ် နိုင်ငံအတွင်းထဲ တငွေ့ငွေ့နဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေဟာ နိုင်ငံတခုနဲ့တခု ဖြစ်ကြတဲ့ စစ်ပွဲတွေ၊ ပဋိ ပက္ခတွေလောက်အဖြေရဖို့ ပိုမလွယ်ဘူးလို့ နိုင်ငံတကာ သုတေသီတွေက ဆိုပါတယ် (Mason & Fett, 1996)။ ဒါ့အပြင် ပြည်တွင်းစစ်တွေဟာ နိုင်ငံတခုနဲ့တခု ဖြစ်ကြတဲ့ စစ်ပွဲတွေနဲ့ သဘော သဘာ၀မတူဘဲ အချိန်ကာလ ပိုကြာစေတဲ့ တွန်းအားတွေနဲ့ အရင်းခံအကြောင်းတရားတွေလည်း ရှိပါတယ်။ ပြည်တွင်းစစ် တာရှည်စေနိုင်တဲ့ အကြောင်းအချက်များစွာထဲက သုတေသီ Elshelmani (2015) ဆွေးနွေးထားတဲ့ အဓိက ကျတဲ့ အချက် သုံးချက်ကို ကောက်နုတ်ပါမယ်။ အဲ့ဒီအချက်တွေက (၁) ပြည်တွင်းစစ်မှာ ပါဝင်တဲ့ ဘက်အသီးသီးအကြား အပေးအယူလုပ်နိုင်တဲ့ ဘောင်အကန့်အသတ်ရှိခြင်း၊ (၂) ပဋိပက္ခထဲမှာ ပါဝင်နေတဲ့ အဖွဲ့ အစည်းတိုင်းရဲ့အတွင်းပိုင်းမှာ သဘောထားတင်းမာသူ နဲ့ ပျော့ပြောင်းသူ စသဖြင့် အားပြိုင်မှု ရှိတတ်ခြင်း (၃) ဆက်တိုက် ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေထဲမှာ စစ်စီးပွားရေးစတဲ့ အကျိုးစီးပွားတွေ အမြစ်တွယ် လာခြင်းတို့ ဖြစ်ပါတယ် (Elshelmani, 2015)။ စစ်ပွဲတွေဟာ နည်းအမျိုးမျိုးနဲ့ အဆုံးသတ်ကြပါတယ်။ ဘယ်လိုပုံစံနဲ့ အဆုံးသတ်ကြတာပဲ ဖြစ်ဖြစ် တဖက်နဲ့ တဖက် နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ပြောဆိုဆွေးနွေး ညှိနှိုင်းခြင်းကို အဆင့်တခုအဖြစ် ကျော်ဖြတ်ရမြဲဖြစ်ပါတယ်။ ဒီအခါမှာ ဘက်အသီးသီးအကြား အပေးအယူ၊ အညှိအနှိုင်း လုပ်ရတာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ပြဿနာတွေမှ တဖက်နဲ့တဖက် အပေးအယူ လုပ်နိုင်တဲ့ ဘောင်က အကန့်အသတ် ရှိပါတယ်။ ဒီနေရာမှာလည်း တော်လှန်သူတွေဘက်က ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေက လူမှု့အဖွဲ့အစည်းတစုံလုံးကို အပြောင်းအလဲလုပ်ချင်တဲ့အထိ ကြီးမားရင်အပေးအယူ လုပ်ဖို့ဆိုတာ အထူးခက်ခဲပါတယ်။ အုပ်စိုးသူ အာဏာရှိသူတွေကလည်း ဒီလိုမျိုး ရည်မှန်ချက်မြင့်မားတဲ့တော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရေးဘောင်ကနေ ထုတ်ပြီး စစ်ရေးအရ ပြင်း ပြင်းထန်ထန် ဖြေရှင်းဖို့ တံဆိပ်အမျိုးမျိုးကပ်ပြီး တုန့်ပြန်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါကြောင့် နှစ်ဖက်စလုံး အစွန်းကိုယ်စီရောက်သွားပြီးပြည်တွင်းစစ်ဟာ ပိုပြီးရှည်ကြာသွားပါတယ်။ ဒုတိယတချက်က ငြိမ်းချမ်းရေး သဘောတူညီမှုတွေရဖို့၊ နိုင်ငံရေးအရ ညှိနှိုင်းတဲ့ စားပွဲဝိုင်းပေါ် ရောက်ဖို့ အတွက် အင်အားကြီးမားပြီး၊ ကိုယ်စားပြုမှု အပြည့်အ၀ ရှိတဲ့ ခေါင်းဆောင်မှုက ပါဝင်ဖက်တိုင်းမှာ လိုအပ်ပါတယ်။ ဒီလိုအပ်ချက်မှာလည်းပြည်တွင်းစစ် အခြေအနေမှာ အခက်အခဲတွေ အများကြီး ရှိတတ်ပါတယ်။ အထူးသဖြင့် အဖွဲ့အစည်းအတွင်း သဘောထားတင်းမာသူတွေနဲ့ သဘာထား ပျော့ပျောင်းတဲ့ အုပ်စုတွေအကြား အားပြိုင်မှုတွေ၊ ကိုယ်စားပြုမှု မသေချာတာမျိုးတွေကိုပြည်တွင်းစစ် အခြေအနေတွေမှာ အများဆုံး မြင်ရလေ့ရှိပါတယ်။ တခါတလေမှာ စားပွဲဝိုင်းပေါ် ရောက်နေတဲ့ ခေါင်းဆောင်တွေက အောက်ခြေမှာ ဖြစ်နေတဲ့ စစ်ရေးတင်းမာမှုတွေကို မထိန်းချုပ်နိုင်တာ မျိုးတွေတောင် ရှိတတ်ပါတယ်။ ဒါတွေ ကြောင့်လည်းပြည်တွင်းစစ်တွေဟာ အဖြေရှာဖို့ ပိုပြီး ကြန့်ကြာတတ်ပါတယ်။ နောက်ဆုံး အချက်ကတော့ နိုင်ငံရေး ဘောဂဗေဒ ရှုထောင့်ကနေ ချဉ်းကပ်ပြီး သုတေသီတွေ ထောက်ပြတဲ့ အကျိုးစီးပွားပြဿနာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်တွေမှာ သဘာ၀အရင်းအမြစ် ပေါကြွယ်တဲ့ ဒေသတွေကို ဘက်တခုခုက ထိန်းချုပ်ထားနိုင်ပြီး စီးပွားရေးအရ အကျိုးအမြတ် ရရှိတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အဲဒီဒေသတွေဟာ ပဋိပက္ခဖြစ်စဉ်ဝဲဩဃထဲမှာ တဝဲလည်လည် ဖြစ်နေတတ်ပြီး ရုန်းထွက်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ တရားမဝင် ကုန်သွယ်မှုနဲ့ ငွေကြေးကိစ္စတွေ၊မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွေ၊ လူကုန်ကူးမှု ပြဿနာတွေ အစရှိတဲ့ ကိစ္စများမြောင်ဟာလည်း ကျွဲကူးရေပါသဘောဖြစ်လာတတ်ပါတယ်။ ဒီလို အခြေအနေမှာ အသစ်၊အသစ်သော ဇာတ်ကောင်များကိုလည်း မွေးဖွားစေနိုင်တဲ့အပြင်လူ့အဖွဲ့အစည်းကိုလည်း အဆိုးကျော့ စက်ဝန်းဆီကို ဦးတည်စေပါတယ်။ ဒါကြောင့်လည်း ဒီအချက်ဟာ ပြည်တွင်းစစ်ကိုရှည်ကြာစေနိုင်တဲ့ အချက်တွေထဲမှာ တချက်အဖြစ် ပါဝင်နေပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ပြည်တွင်းစစ်တွေဟာ နှစ်ကာလရှည်ကြာလာတာနဲ့အမျှ ပျက်စီးဆုံးရှုံးမှုတွေ၊ သေကြေမှုတွေဟာ တရိပ်ရိပ်နဲ့ တိုးလာနေမှာဖြစ်ပါတယ်။ အဲ့ဒီ လူ့အဖွဲ့အစည်းအနေနဲ့လည်း ငြိမ်းချမ်းရေးယဉ်ကျေးမှုကို မွေးဖွားနိုင်မှာ မဟုတ်ဘဲ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေကိုသာ တိုးပွားစေမှာ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်မှု သံသရာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေက အဲဒီ နိုင်ငံတခုတည်းရဲ့ ပြဿနာမျိုး မဟုတ်ဘဲ ဒေသတွင်း နိုင်ငံတွေ အတွက်ပါ ၀န်ထုပ်၀န်ပိုး ဖြစ်စေတတ်ပါတယ်။ ဒါကြောင့်လည်း ဘယ်အချက်တွေက ပြည်တွင်းစစ်ကို တာရှည်စေ သလဲဆိုတာကို […]