အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၉)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အခု အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ(EAOs) အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်းEAOs တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ EAOs အချို့ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ (PDF/LDF/CDF/CNDF/KNDF စသည်ဖြင့်) နဲ့ စစ်ကောင်စီတို့ အကြားအပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြင့် လာပါတယ်။ တိုက်ပွဲနဲ့ ပဋိပက္ခတွေ အရှိန်မြင့်လာခြင်းနဲ့အတူ နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ရသူတွေလည်း ပိုများလာသလို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း အရေးပေါ်လို အပ်နေပါတယ်။
● သုံးလအတွင်း စစ်ဘေးဒုက္ခသည် သုံးသိန်းခွဲကျော်တိုးလာ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ် ၂၀ ရက်အထိ နေရာအနှံ့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၇၅၂,၅၈၉ ဦးကျော် ရှိလာပါတယ်။ စစ်အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည် ၄၉၇,၂၀၀ ဦးကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၁,၂၄၉,၇၈၉ ဦးကျော် ရှိလာပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၁၀၀,၂၀၀ ဦးကျော် ရှိနေပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း EAOs တွေ၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသတွေမှာ စစ်ဘေးဒုက္ခသည်အရေအတွက် ပိုတိုးနေပါတယ်။ စစ်ကိုင်းတိုင်းမှာ စစ်ဘေးဒုက္ခသည် အများဆုံး ရှိနေပြီး စုစုပေါင်း ၂၀၂,၇၅၀ ဦးကျော် ရှိပါတယ်။ ကယားပြည်နယ်မှာ ၁၉၇,၁၁၅ ဦး ကျော်ရှိပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတွေ (၂၀ ရက်အထိ)အတွင်း တိုးလာတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်က ၃၆၁,၆၆၂ ဦးကျော်ထက်မနည်း ရှိနေပါတယ်။
● ၂၀၂၂ ခုနှစ်၊ မတ် ၂၀ ရက်အထိ အခြေအနေ
၂၀၂၂ ခုနှစ်၊ မတ်လအတွင်း စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲနဲ့ စစ်ရေးပဋိပက္ခတွေ ပြင်းထန်ခဲ့ပါတယ်။ ဒါ့အပြင် မတ်လအတွင်း စစ်ကိုင်းတိုင်းက ကျေးရွာတွေမှာ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၇၇၃ လုံးကျော်ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီလို တိုက်ပွဲနှင့် စစ်ရေးပဋိပက္ခဖြစ်စဉ်တွေကြောင့် မတ်လ ပထမပတ်ကနေ တတိယပတ်အထိ စစ်ကိုင်းတိုင်းမှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၆၆,၂၅၀ ဦးကျော်ထက်မနည်း ရှိလာခဲ့ပါတယ်။ ဒါ့အပြင် မတ်လ ပထမပတ်အတွင်း ကယားပြည်နယ်အတွင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး၊ ဒီးမော့ဆိုမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တွေက ဒေသခံပြည်သူ ၂၀,၀၀၀ ကျော်ထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ကန်ပက်လက်မြို့တွေအတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား စစ်ရေးပဋိပက္ခဖြစ်စဉ်တွေကြောင့် ဒေသခံ ၇,၂၀၀ ကျော်ထက်မနည်း ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
တဆက်တည်းမှာပဲ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်( ဆောထိမြို့) အတွင်းမှာလည်း စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဒေသခံ ၃,၇၀၀ ကျော်ထက်မနည်း ထပ်မံထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လုံမြို့နယ်၊ ဆနင်းတောင်ကြော တလျှောက်က ကျေးရွာ အုပ်စုတွေမှာ မြောက်ပိုင်းမဟာမိတ်တပ်တွေ ရောက်ရှိလာပြီးနောက်၊ ၎င်းတို့ တပ်တွေနဲ့ သျှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြား တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး ဒေသခံ ၁,၀၀၀ ကျော်ထက်မနည်း ပင်လုံမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ် သုတေသနပြုဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။




