Data Matters

နှစ်ပေါင်း ၃၀ ကျော်အတွင်း သတင်းသမားများဖိနှိပ်ခံရမှု စံချိန်တင်

ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း သတင်းသမား ၁၄၃ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သတင်း မီဒီယာ လုပ်ငန်း ၁၁ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ သတင်းသမား ၁၃၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအထဲက သတင်းသမား ၂၇ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ပစ်ခတ်မှုများကြောင့် တ ဦး နဲ့ စစ်ကြောရေးမှာ တ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီလ ၂၁ ရက်အထိ သတင်းသမား ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး တဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သတင်းသမား တဦးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မှ ဧပြီလအထိ သတင်းမီဒီယာသမား ၃၄ ဦးထက်မနည်းကို ဖမ်း၀ရမ်းထုတ်ခဲ့ပါသေးတယ်။
By ISP Admin | May 2, 2022

(အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – ၁၇)

Download PDF

လာမယ့် မေလ ၃ ရက်နေ့ဟာဆိုရင် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာလွတ်လပ်တဲ့ သတင်းမီဒီယာတွေကို စစ်ကောင်စီက ပြင်းပြင်းထန်ထန် ဖိနှိပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သတင်းမီဒီယာတိုက်တွေကို အကြမ်းဖက် ဝင်ရောက် စီးနင်းတာ၊ ဆန္ဒထုတ်ဖော်ပွဲတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို ပစ်ခတ်ဖမ်းဆီးတာ၊ သတင်းထောက်တွေရဲ့ နေအိမ်တွေကို ဝင်ရောက်စီးနင်းဖမ်းဆီးတာတွေနဲ့ တရားစွဲဆိုတာတွေကို ပြုလုပ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ တနှစ်ကျော်ကာလအတွင်း သတင်းသမား ၁၄၃ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး သတင်း မီဒီယာ လုပ်ငန်း ၁၁ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ သတင်းသမား ၁၃၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအထဲက သတင်းသမား ၂၇ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ပစ်ခတ်မှုများကြောင့် တ ဦး နဲ့ စစ်ကြောရေးမှာ တ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီလ ၂၁ ရက်အထိ သတင်းသမား ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး တဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ သတင်းသမား တဦးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မှ ဧပြီလအထိ သတင်းမီဒီယာသမား ၃၄ ဦးထက်မနည်းကို ဖမ်း၀ရမ်းထုတ်ခဲ့ပါသေးတယ်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သတင်းသမား ၁၄၃ ဦး ထဲက ၈၂ ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့ပြီး ၅၈ ဦးမှာ ယခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရကာ သေဆုံးသူ ၃ ဦးရှိခဲ့ပါတယ်။ အဲဒီ ၅၈ ဦးထဲက ၁၉ ဦးဟာ ထောင်ဒဏ်ချမှတ် ခံထားရပြီး ကျန် ၃၉ ဦး ထဲက အများစုဟာ အကျဥ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတာ တနှစ်ကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းမီဒီယာသမားတွေကို “ဖမ်းဆီး ထောင်ချမှုအများဆုံး” နိုင်ငံတနိုင်ငံ ဖြစ်လာတယ်လို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) ရဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်မှာ ထုတ်ပြန်ခဲ့တဲ့ အထူးနှစ်လယ် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။  နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်တဲ့ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းအရ မြန်မာ့သတင်း လွတ်လပ်ခွင့်ညွှန်းကိန်းဟာ ၂၀၂၁ ခုနှစ်မှာ အဆင့် တဆင့် ကျဆင်းခဲ့ပါတယ်။ မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ စစ်အာဏာသိမ်းပြီးနောက် ဆယ်စုနှစ်တစုခန့် နောက်ပြန်ဆုတ်သွားတယ်လို့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

∎ ဘာကြောင့်အလေးထားသင့်လဲ

လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်နဲ့ သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းခွင့်၊ ရယူသုံးစွဲပိုင်ခွင့်တွေဟာ ဒီမိုကရေစီရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်ဟာ လူ့ဘောင်အဖွဲ့အစည်းတခု၊ ဒီမိုကရေစီနိုင်ငံတခု အတွက် မရှိမဖြစ် အရေးကြီးတဲ့ လူသားအခွင့်အရေး ဖြစ်တယ်လို့လည်း မှတ်ယူကြပါတယ်။ တခါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် (၁၉) မှာ ဖော်ပြထားတဲ့ အခြေခံအကျဆုံး လူ့အခွင့်အရေး လည်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရှိ သတင်းသမားတွေကို  ပြည်သူလူထုအကြား ကြောက်ရွံ့ထိတ်လန့်စေတယ်၊ ကောလာဟလ (မမှန်သတင်းများ) ဖြန့်ချိတယ်၊ နိုင်ငံ့ဝန်ထမ်းများ ရာဇဝတ်မှုကျူးလွန်စေဖို့ လှုံ့ဆော်တယ်၊ တပ်မတော်ကို မလိုမုန်းထားအောင် မလေးစားအောင် မေတ္တာပျက်အောင် လှုံ့ဆော်တယ် အားထုတ်တယ်ဆိုတဲ့ ပုဒ်မတွေနဲ့ အများဆုံး စွဲဆိုထားပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ကာ သတင်းသမားများကို ဖမ်းဆီးခဲ့တဲ့ စာရင်းတွေ၊ သတင်းမီဒီယာတွေကို အရေးယူပိတ်ပစ်ခဲ့တဲ့ စာရင်းတွေကို လေ့လာကြည့်မယ်ဆိုရင် စစ်ကောင်စီ လက်ထက်မှာ အခြေခံ လူအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်၊  သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းခွင့်နဲ့ သတင်းစာလွတ်လပ်ခွင့်ကို ဘယ်လောက်ထိ ချိုးဖောက်ခဲ့တယ်ဆိုတာကို သုတေသနပြုနိုင်မှာ ဖြစ်လို့ လေ့လာစောင့်ကြည့်သင့်တဲ့ ကိန်းဂဏန်းများ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ 

စစ်အာဏာသိမ်းပြီးနောက် သတင်းသမားတွေကို ဘယ်လို တရားစွဲဆိုနေတယ် ဖမ်းဆီးအရေးယူ နေတယ်ဆိုတာကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က နေ့စဉ်ထုတ်ပြန်နေတဲ့ မှတ်တမ်းတွေကနေဆန်းစစ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် မြန်မာ့သတင်းသမားတွေစုစည်း လုပ်ဆောင်နေတဲ့ ဖမ်းဆီးခံ သတင်းသမားများ အချက်အလက်ကွန်ရက် နဲ့ Reporting ASEAN ရဲ့ အင်တာနက် စာမျက်နှာမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။ ဒါ့အပြင် Committee to Protect Journalists (CPJ) နဲ့  နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာများနဲ့ သတင်းထုတ်ပြန်ချက်တွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *