အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၁၂)
စစ်ကောင်စီက မီနီဘတ်ဂျက်အဖြစ် သတ်မှတ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ငါးလအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော် ဝင်ရောက်ခဲ့တဲ့အနက် အာဆီယံနိုင်ငံတွေက အမေရိကန်ဒေါ်လာ ၂၈၅ သန်းကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့ပါတယ်။ ဒီအထဲမှာမှ စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၂၇၇သန်းကျော်ဖြင့် အများဆုံး ဝင်ရောက်ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၁၁၈ သန်းကျော်ဖြင့်ဒုတိယအများဆုံးဝင်ရောက်ခဲ့ပါတယ်။ ထိုင်း၊ မလေးရှား တို့လို အခြားအာဆီယံနိုင်ငံတွေဆီကလည်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခုနှစ်သန်းနဲ့ အမေရိကန် သုံးသိန်းကျော် အသီးသီး ဝင်ရောက်ခဲ့ကြပါတယ်။ ဂျပန်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ တသန်းကျော် ဝင်ရောက်ခဲ့ပါတယ်။ ထူးခြားတာကတော့ ငါးလအတွင်းမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် နယ်သာလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသန်း၊ ပြင်သစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသိန်းကျော် စသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း အီးယူနိုင်ငံတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ပထမဆုံး ပြန်လည်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဝင်လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင် ဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၀၆သန်းကျော်နဲ့ အများဆုံးဝင်ရောက်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဝန်ဆောင်မှုကဏ္ဍမှာ ၄၀ ရာခိုင်နှုန်းနီးပါးအထိ ရှိနေပါတယ်။ ဒ့ါအပြင် ကုန်ထုတ်လုပ်ရေး ကဏ္ဍမှာ ဒုတိယအများဆုံး ဝင်ရောက်ထားတာဖြစ်ပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ၁၃၉ သန်းခန့် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။ သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အိမ်ခြံမြေ၊ စက်မှုဇုန်များ စတဲ့ကဏ္ဍတွေမှာတော့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း လုံးဝမရှိခဲ့တာ ဖြစ်ပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတ ခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မရှိတဲ့၊ ဒေသခံပြည်သူလူထုရဲ့ ဘဝတိုးတက်မှုတွေကိုထောက်ပံ့မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လည်း တိုင်းပြည်ဟာ ပိုမိုချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရ ပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ်ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်း မြင်သာမှုရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက် ကာလတူ ရင်းနှီး မြှုပ်နှံမှုတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ် တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေ၊ Oxford Economics နဲ့Economist Intelligence Unit က ထုတ်ပြန်တဲ့ စာတမ်းတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။




