Data Matters

နိုင်ငံတဝန်း လူပေါင်း ၁၃,၀၀၀ ထက်မနည်း ဖမ်းဆီးခံရ

ဖမ်းဆီးခံရတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရမယ်ဆိုရင် ၂၀၂၁ ခုနှစ် မတ်၊ ဧပြီ၊ မေ သုံးလမှာ ၄,၇၀၀ ဦး ထက်မနည်း စံချိန်တင်ဖမ်းဆီးခံခဲ့ရပြီးတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ၁၁,၂၈၉ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် ပထမသုံးလမှာ တော့ စုစုပေါင်း ၁၇,၀၀ ဦးထက် မနည်းဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ခြောက်ကြိမ်ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း ၅၅,၄၇၂ ဦးထက်မနည်း ကို ပြန်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် AAPP ရဲ့ မှတ်တမ်းတွေအရ တော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံထားရသူ ၃,၀၄၀ ဦးသာ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
By ISP Admin | March 31, 2022

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – ၁၁

Download PDF Version

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မတ် ၂၈ ရက်အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှား သူတွေအပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၁၃,၀၀၁ ဦး ထက်မနည်း ရှိခဲ့ပါတယ်။ ဒီထဲမှာမှ ၃,၀၄၀ ဦးခန့်သာ ပြန်လွတ်ခဲ့ပြီး ၈၉၁ ဦးကိုတော့ ထောင်ဒဏ်ချ မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ပြစ်ဒဏ်ချမှတ်ခြင်းမရှိသေးဘဲ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရတဲ့ သူကလည်း ၉,၀၇၀ ဦးထက်မနည်းရှိနေပါသေးတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်မှု ကျူးလွန်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးထားတဲ့သူ ၁၁,၀၀၀ ကျော်ရှိတယ်လို့ ပြောထားပါတယ်။ အဲ့ဒီစာရင်းက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောထားတာဖြစ်ပြီး နောက်ထပ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တွေမှာတော့ အလားတူ ကိန်းဂဏန်းမျိုးကို ထပ်မံထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

ဖမ်းဆီးခံရတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရမယ်ဆိုရင် ၂၀၂၁ ခုနှစ် မတ်၊ ဧပြီ၊ မေ သုံးလမှာ ၄,၇၀၀ ဦး ထက်မနည်း စံချိန်တင်ဖမ်းဆီးခံခဲ့ရပြီးတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ၁၁,၂၈၉ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် ပထမသုံးလမှာ တော့ စုစုပေါင်း ၁၇,၀၀ ဦးထက် မနည်းဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ခြောက်ကြိမ်ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း ၅၅,၄၇၂ ဦးထက်မနည်း ကို ပြန်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် AAPP ရဲ့ မှတ်တမ်းတွေအရ တော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံထားရသူ ၃,၀၄၀ ဦးသာ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ လွတ်လပ်တဲ့ သတင်းမီဒီ ယာတွေရဲ့ ဖော်ပြချက်ကို အခြေခံပြီး လက်လှမ်းမီသမျှ ပြုစုထားတဲ့ စာရင်းတွေအရ လူပေါင်း ၁,၀၁၄ ဦးထက်မနည်း (မျက်ကွယ်ပြစ်ဒဏ်များအပါအဝင်) ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရ ပါတယ်။ ဒီ ၁,၀၁၄ ဦးထဲမှာ သေဒဏ်နဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံရသူ ၆ ဦး၊ သေဒဏ် ချမှတ်ခံရသူ ၅၈ ဦး၊ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံရသူ ၇၂ ဦး၊ အခြားထောင်ဒဏ်များ ချမှတ်ခံရသူ ၇၅၅ ဦး၊ ဖမ်းဆီးခံရခြင်းမရှိဘဲ ဝရမ်းထုတ်ခံရကာ မျက်ကွယ် သေဒဏ်ချမှတ်ခံရသူ ၄၄ ဦးနဲ့ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံရသူ ၇၉ ဦး ရှိပါတယ်။ စုစုပေါင်းပြစ်ဒဏ်ချမှတ်ခံရသူတွေထဲက ၁၈ ရာခိုင်နှုန်းဟာ သေဒဏ်နဲ့ ထောင်ဒဏ် တသက်တကျွန်းချခံရသူတွေ ဖြစ်ပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေ ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထု အရေအတွက်ကို လေ့လာခြင်း အားဖြင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေး မဏ္ဍိုင်ကို အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာ နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံး အကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထား သင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီး ခံရသူ၊ သေဆုံးခဲ့ရသူ အရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *