Data Matters

ရှစ်လအတွင်း EAOs နယ်မြေများ၌ တိုက်ပွဲ နှစ်ထောင်ကျော်ရှိလာ

တဆက်တည်းမှာပဲ တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF/CDF/CNDF/KNDF)တို့ အကြား တိုက်ပွဲဖြစ်ပွားမှုတွေကလည်း ပိုမိုကျယ်ပြန့်လာပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ ၂၀၂၂ ခုနှစ်၊ မတ် ၂၀ ရက်ထိ ကိုးလတာအတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှု ၇၆၈ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှု အများဆုံး ဖြစ်ခဲ့ပြီး ၂၉၃ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
By ISP Admin | March 25, 2022

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၁၀)

Download PDF Version

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက် ကနေ ၂၀၂၂ ခုနှစ်၊ မတ် ၂၀ ရက်အထိ ရှစ်လတာကာလအကြား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ (EAOs) ရဲ့ နယ်မြေတွေမှာ စစ်ကောင်စီနဲ့ EAOs တွေရဲ့ အကြားတိုက်ပွဲ အကြိမ်ရေ ၂,၁၉၃ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေက ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းက EAOs နယ်မြေ တွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲကမှ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နယ်မြေ အတွင်းမှာတော့ ၁,၇၇၅ ကြိမ်ထက်မနည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ မတ် ၁၉ ရက်နေ့ကလည်း KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေထဲက ကွီးလားကျေးရွာနဲ့ တကက်ပူကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ၄ လုံး ကြဲချခဲ့တာကြောင့် စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေ ရှိနေပါတယ်။

တဆက်တည်းမှာပဲ တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF/CDF/CNDF/KNDF)တို့ အကြား တိုက်ပွဲဖြစ်ပွားမှုတွေကလည်း ပိုမိုကျယ်ပြန့်လာပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ ၂၀၂၂ ခုနှစ်၊ မတ် ၂၀ ရက်ထိ ကိုးလတာအတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှု ၇၆၈ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှု အများဆုံး ဖြစ်ခဲ့ပြီး ၂၉၃ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ ဒါဟာ သတင်းမီဒီယာတွေနဲ့ လွတ်လပ်သော အဖွဲ့အစည်းတွေက ဖော်ပြထားတဲ့ တရားဝင် အချက်အလက်တွေ ကို စုစည်းပြီး ကောက်ယူထားတာ ဖြစ်ပါတယ်။ မြေပြင်အခြေအနေမှာတော့ အခုဖော်ပြတဲ့ ကိန်းဂဏန်း တွေထက် ပိုများနိုင်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ရှမ်းပြည်နယ် အတွင်းမှာလည်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ်နဲ့ ပင်လုံမြို့နယ်တို့မှာ အခြေအနေတွေ တင်းမာနေဆဲ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ၂၀၂၂ ခုနှစ် မတ် ၁ ရက်ကနေ ၂၀ ရက်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနှုန်းကတော့ သိသိသာသာကို လျော့နည်းလာခဲ့ပါတယ်။

ဘာကြောင့်အလေးထားသင့်သလဲ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခနဲ့ တိုက်ပွဲတွေကို စောင့်ကြည့်ပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်း အားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်တဲ့အတွက် အလေးထား သင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။

တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက် လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *