Data Matters

ကိုဗစ်ကူးစက်မှုနှုန်း တရက်လျှင် သုံးထောင်ဝန်းကျင်ဖြစ်လာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကတော့ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဟာ မျိုးကွဲတွေထက် ကူးစက်နိုင်ခြေ မြင့်မားပြီး ရောဂါလက္ခဏာမပြဘဲ (မပြင်းထန်တဲ့) ကူးစက်ခံရမှု အခြေအနေကတဆင့် အပြင်းအထန် ဖျားနာမှု၊ သေဆုံးမှု အခြေအနေ ကြုံရနိုင်ခြေလည်း ရှိကြောင်း သတိပေးထားပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေနဲ့ ကာကွယ်ဆေး မထိုးထားသူတွေ သတိပြုဖို့ အထူးလိုအပ်နေပါတယ်။
By ISP Admin | February 23, 2022

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၇)

Download PDF Version

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၂ ရက်အထိ ငါးရက်တာကာလအတွင်း ကိုဗစ်ကူးစက်ခံရသူ ၁၅,၀၀၀ ကျော်ရှိခဲ့ပြီး တရက်ပျှမ်းမျှ လူ ၃,၀၀၀ ဝန်းကျင် ကူးစက်မှု ဖြစ်လာပါတယ်။ စစ်ကောင်စီရဲ့ တရားဝင်ကိန်းဂဏန်းတွေကို ဆန်းစစ်ရင်ပဲ ကိုဗစ်ကူးစက်မှုဟာ ငါးလအတွင်း အမြင့်ဆုံး ပြန်ရောက်လာတဲ့အပြင် နောက်ထပ် လှိုင်းတခုဖြစ်လာတယ်လို့ယူဆနိုင်ပါတယ်။ ဒီကူးစက်မှုတွေ ထဲမှာ ရန်ကုန်တိုင်းအတွင်း ကူးစက်မှုက အများဆုံး ဖြစ်နေပြီး ကျန်ခဲ့တဲ့ ၂၁ ရက်တာကာလ အတွင်း ကူးစက်သူ ၁၂,၄၀၀ ကျော် ရှိခဲ့ပါတယ်။ တနိုင်ငံလုံးကို ခြုံကြည့်ရင်တော့ ဖေဖော်ဝါရီလအတွင်း ကိုဗစ်ကူးစက်မှုအားလုံးရဲ့ ၃၈ ရာခိုင်နှုန်းဟာ လူနေထူထပ်တဲ့ ရန်ကုန်တိုင်းအတွင်းမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ကတော့ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ဟာ မျိုးကွဲတွေထက် ကူးစက်နိုင်ခြေ မြင့်မားပြီး ရောဂါလက္ခဏာမပြဘဲ (မပြင်းထန်တဲ့) ကူးစက်ခံရမှု အခြေအနေကတဆင့် အပြင်းအထန် ဖျားနာမှု၊ သေဆုံးမှု အခြေအနေ ကြုံရနိုင်ခြေလည်း ရှိကြောင်း သတိပေးထားပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေနဲ့ ကာကွယ်ဆေး မထိုးထားသူတွေ သတိပြုဖို့ အထူးလိုအပ်နေပါတယ်။

ဘာကြောင့်အလေးထားသင့်လဲ

မြန်မာနိုင်ငံမှာ စုစုပေါင်း လူဦးရေရဲ့ ၃၈ ရာခိုင်နှုန်းကိုသာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားကလည်း အပြည့်အ၀ ပြန်လည်လည်ပတ်နိုင်စွမ်း မရှိသေးပါဘူး။ အိုမီခရွန်ဟာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသားအပြင် တတိယအကြိမ် (Booster) ထိုးနှံပြီးသားလူတွေကိုပါ ကူးစက်နေတာကြောင့် အခုကူးစက်နှုန်းအတိုင်းသာ ဆက်လက်ပြန့်ပွားသွားမယ်ဆိုရင် ဖေဖော်ဝါရီလကုန်မှာ ကူးစက်မှု တရှိန်ထိုး မြင့်လာနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်ကူးစက်မှု အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး တဦးချင်းကစလို့ ထိရောက်တဲ့ ကာကွယ်တားဆီးမှုလုပ်နိုင်ရေးက အဓိက ကျတာကြောင့် အလေးထားသင့်တဲ့ အကြောင်းအချက်တခု ဖြစ်ပါတယ်။

တွဲဖက်လေ့လာသင့်သည်များ

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းအချက်အလက်တွေ၊ ထုတ်ပြန်ကြေညာချက်တွေ နဲ့ ဒေသအလိုက်ကူးစက်ပြန့်နှံ့မှုတွေကို ကမ္ဘ့ာကျန်းမာရေးအဖွဲ့ (WHO) က ဝက်ဘ်ဆိုက်နဲ့ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနတွေရဲ့ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ကပ်ရောဂါကူးစက်မှုနဲ့ ကာကွယ်ဆေးထိုးနှံမှု ဆိုင်ရာ အချက်အလက်တွေကို ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ Coronavirus Resource Center ဝက်ဘ်ဆိုက်၊ Our World in Data ဝက်ဘ်ဆိုက်တွေအပြင် ရိုက်တာသတင်းဌာနကဖော်ပြထားတဲ့ Covid-19 Tracker မှာလည်း ကြည့်နိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *