Data Matters

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ ၇၃ ရာခိုင်နှုန်းကျော်မှာ တရုတ်ဖြစ်လာ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု မရှိတဲ့၊ ဒေသခံပြည်သူလူထုရဲ့ ဘဝတိုးတက်မှုတွေကိုထောက်ပံ့မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လည်း တိုင်းပြည်ဟာ ပိုမိုချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရ အဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရပြီးပါပြီ။
By ISP Admin | February 10, 2022

(အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – ၄)

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ ၇၃ ရာခိုင်နှုန်းကျော်ဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်။ ကျန် ၂၇ ရာခိုင်နှုန်းဟာ ဂျပန်၊ စင်ကာပူ၊ ထိုင်းနဲ့ တောင်ကိုရီးယား အစရှိတဲ့ နိုင်ငံတွေက ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်အထိ တနှစ်တာအတွင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၂ ဘီလီယံယံကျော် ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကနေ ရပ်နားပိတ်သိမ်း ထွက်ခွာသွားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ကုမ္ပဏီ စီမံကိန်းတွေရဲ့ တန်ဖိုးအားလုံးကို ပေါင်းရင် အမေရိကန်ဒေါ်လာ ၄ဒသမ ၀၆ ဘီလီယံကျော်အထိ ရှိခဲ့ပါတယ်။

Download PDF Version

တဖက်မှာလည်း အာဏာမသိမ်းမီနဲ့ သိမ်းပြီးကာလကို နှိုင်းယှဉ်ရင် တရုတ်ရင်းနှီးမြှုပ်နှံမှု ခြောက်ဆနီးပါး တက်လာပါတယ်။၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ၁ ဘီလီယံကျော် တက်လာခဲ့ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ စွမ်းအင်ကဏ္ဍ တခုတည်းအတွက် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်‌ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံကျော်ရှိပါတယ်။ အဲဒီအထဲမှာ ဗြိတိသျှဗားဂျင်း ကျွန်းစုမှာ မှတ်ပုံတင်ထားပြီး တရုတ်ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်ထားတဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန် မီးလင်းချိုင်စွမ်းအင်စီမံကိန်းလည်းပါဝင်ပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု မရှိတဲ့၊ ဒေသခံပြည်သူလူထုရဲ့ ဘဝတိုးတက်မှုတွေကိုထောက်ပံ့မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လည်း တိုင်းပြည်ဟာ ပိုမိုချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရ အဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီး မြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ်ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်းမြင်သာမှု ရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက် ကာလတူ ရင်းနှီး မြှုပ်နှံမှုတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ် တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေ၊ Oxford Economics နဲ့Economist Intelligence Unit က ထုတ်ပြန်တဲ့ စာတမ်းတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *