Data Matters

နှစ်ပေါင်း ၃၀ ကျော်အတွင်း ပဋိပက္ခကြောင့် အရပ်သားသေဆုံးမှု စံချိန်တင်

ပဋိပက္ခနဲ့ တိုက်ပွဲတွေကို စောင့်ကြည့်ပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သား ပြည်သူအရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏတွေကို လေ့လာခြင်းအားဖြင့်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာတရားမျှတမှု ရှုထောင့် (Transitional Justice) နဲ့ လူသားလုံခြုံရေးဆိုင်ရာ (Human Security) ကိစ္စရပ်တွေအတွက်လည်း သုတေသန ပြုနိုင်မှာဖြစ်တဲ့အတွက် အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။
By ISP Admin | January 28, 2022

( အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – ၂ )

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် သေဆုံးရသူ အရေအတွက်ဟာ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် တနှစ်တည်းမှာတင် ၃,၅၉၈ ဦးထက်မနည်းရှိခဲ့ပြီး ဒီအရေအတွက်ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်အတွင်းအများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ မီဒီယာနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေကို အခြေပြုပြီး ISP-Myanmar က မှတ်တမ်းပြုစုခဲ့တဲ့ စာရင်းတွေအရ ၁၉၈၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် သေဆုံးရတဲ့အရပ်သား ၂၄,၀၄၀ ဦးထက်မနည်း ရှိခဲ့ပြီး အဲဒီပမာဏရဲ့ ၁၅ ရာခိုင်နှုန်းခန့်ဟာ ၂၀၂၁ ခုနှစ်အတွင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Download PDF Version

၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် သေဆုံးခဲ့ရတဲ့ (လုံခြုံရေးတပ်ဖွဲ့ဝင် မဟုတ်သော) အရပ်သားတွေစာရင်းကို မှတ်တမ်းပြုရာမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ စာရင်း၊ ISP-Myanmar ကပြုစုထားတဲ့ စာရင်းများအပြင် Uppsala Conflict Data Program (UCDP)၊ Armed Conflict Location and Event Data Project (ACLED)၊ Peace Research Institute Oslo (PRIO) တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေက ဖော်ပြထားတဲ့ စာရင်းတွေကို အခြေခံခဲ့သလို စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ ပါရှိတဲ့ အရေအတွက်တွေကိုလည်း ထည့်သွင်းတွက်ချက်ခဲ့ပါတယ်။ စစ်ကောင်စီစာရင်းတွေထဲမှာတော့ ဒလန်လို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခံရသူ၊ ဗုံးဖောက်ခွဲမှုတွေကြောင့် သေဆုံးရသူ၊ အသတ်ခံရတဲ့ အစိုးရဝန်ထမ်းနဲ့ နိုင်ငံရေးပါတီဝင်များ စသဖြင့် အမျိုးအစား ခွဲခြားဖော်ပြတာမျိုးတွေ ရှိခဲ့ပါတယ်။ စစ်ကောင်စီက ထုတ်ပြန်တဲ့အချက်အလက်တွေနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ အတည်ပြုချက် မရှိတာကိုတော့ သတိပြုရပါမယ်။တခါ AAPP ရဲ့ စာရင်းတွေကိုလည်း စစ်ကောင်စီက ငြင်းဆန်ထားပါတယ်။ AAPP စာရင်းထဲမှာတော့ စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ရရှိတဲ့ ဒဏ်ရာတွေကြောင့်သေဆုံးရသူတွေ၊ စစ်ကြောရေးမှာ သေဆုံးခဲ့ရသူတွေ စသဖြင့် ပါဝင်ခဲ့ပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

ပဋိပက္ခနဲ့ တိုက်ပွဲတွေကို စောင့်ကြည့်ပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သား ပြည်သူအရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏတွေကို လေ့လာခြင်းအားဖြင့်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာတရားမျှတမှု ရှုထောင့် (Transitional Justice) နဲ့ လူသားလုံခြုံရေးဆိုင်ရာ (Human Security) ကိစ္စရပ်တွေအတွက်လည်း သုတေသန ပြုနိုင်မှာဖြစ်တဲ့အတွက် အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသားသတင်းဌာနတွေရဲ့ မြေပြင်အခြေအနေ ဖော်ပြချက်တွေ အပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) တို့လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊အခြား လွတ်လပ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *