ISP Products

What Matters

6 Sep 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၄) မကြာသေးခင် နှစ်တွေကမှ အာရှမှာ ဖွံ့ဖြိုးမှု အမြန်ဆုံးလို့ သတ်မှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ စစ်အာဏာသိမ်းမှုရဲ့ ရလဒ်ကြောင့် စီးပွားရေးပြိုလဲမှု အန္တရာယ်ကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် နှစ်ရာခိုင်နှုန်း အထိကျဆင်းခဲ့တဲ့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်တဲ့ ထုတ်ကုန်လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကြောင့် ဒီနှစ်အတွင်းမှာပဲ ခြောက်ရာခိုင်နှုန်းအထိ ပြန်တက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က အစောပိုင်းမှာ ခန့်မှန်းခဲ့ပါတယ်။ဒါပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် ဒီခန့်မှန်းချက်ဟာ အဟောသိကံ ဖြစ်သွားပါတယ်။ Download as PDF စစ်အာဏာသိမ်းပြီးနောက်ပိုင်း လပိုင်းအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်တာ၊ ရှိပြီးသား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေထွက်ခွာတာ၊ မရေမရာမှုတွေကြောင့် ကတိကဝတ်ပြုထားတဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားတာ စတာတွေကြောင့်စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ခဲ့ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) ကလည်း အခုဘဏ္ဍာနှစ်မှာပဲ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်လို့လည်းOxford Economics က ခန့်မှန်းထားပါတယ်။ လတ်တလော အခြေအနေမှာလည်း မြန်မာနိုင်ငံကနေ နိုင်ငံခြားကုမ္ပဏီကြီးတွေ ထွက်ခွာဖို့ ပြင်နေသလို တယ်လီနောလို ဆက်သွယ်ရေး ကုမ္ပဏီကလည်း အရှုံးခံရောင်းချပြီး ထွက်သွားပါတယ်။ ထိုင်း၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ စက်မှုအိမ်ရာစီမံကိန်းတွေ၊ အခြားစက်မှုဇုန် စီမံကိန်းတွေကိုလည်း ရပ်နားထားရပါတယ်။ ဒါ့အပြင် စီးပွားရေးပြိုလဲတာ၊နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ စွန့်ခွာတာတွေကြောင့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းတွေမှာလုပ်ကိုင်တဲ့ပြည်သူတွေ အလုပ်အကိုင် ဆုံးရှုံးခဲ့ပြီး အခုနှစ်မှာ လူပေါင်း ၃ ဒသမ ၄ သန်းကျော်လောက် စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့ရမယ်လို့လည်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးခဲ့ပါတယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP) ကတော့ အာဏာသိမ်းမှုဟာ အရင်က တိုးတက်မှုတွေကို ပြောင်းပြန်လှန်လိုက်ပြီး ၄၈ ဒသမ ၂ ရာခိုင်နှုန်းသော မြန်မာပြည်သူတွေ အနေနဲ့ ဆင်းရဲမွဲတေမှုဒဏ်ကို လာမဲ့နှစ်မှာ ခံစားရမယ်လို့ တွက်ချက်ထားပါတယ်။ ∎ ဘာကြောင့်အရေးကြီးတာလဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင် တခုဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတ ခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မရှိတဲ့၊ ဒေသခံပြည်သူလူထုရဲ့ ဘဝတိုးတက်မှုတွေကိုထောက်ပံ့မှုမပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လည်း တိုင်းပြည်ဟာ ပိုမိုချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ်ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်း မြင်သာမှုရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက် ကာလတူ ရင်းနှီး မြှုပ်နှံမှုတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ် တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေ၊ Oxford Economics နဲ့Economist Intelligence Unit က ထုတ်ပြန်တဲ့ စာတမ်းတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။
2 Sep 2021

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ။ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ (၂၀၂၁)

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၃) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ Download PDF Version ● ၈၇၀ ကြိမ် ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၈၇၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ KNU ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားထားတဲ့ KIC သတင်းဌာန ဖော်ပြချက်အရ ဩဂုတ် တလအတွင်း KNU တပ်မဟာ (၅) နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ KNU တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၁၃၀ ကျော် ဖြစ်ပွားခဲ့ရာ၊ စစ်ကောင်စီဘက်မှ ၁၁၈ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၈ ဦးရှိခဲ့ကာ KNU တပ်မဟာ (၅) ဘက်မှ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ဩဂုတ် နောက်ဆုံးအပတ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကြူကုတ်(ပန်ဆိုင်း) ဒေသတွေမှာ စစ်ကောင်စီနဲ့ MNDAA တို့အကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ၁၅ ဦးကျဆုံးပြီး၊ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရပါတယ်။ တဖန် ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တို့အကြားအပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး ဩဂုတ် ၃၁ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၁၀၁ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ကြပါတယ်။ ● အရပ်သား ၁၆၆ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၁၆၆ ဦးကျော် ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူ ၁၃၈ ဦးကျော် ရှိခဲ့ပါတယ်။ အဆိုပါ သေဆုံးခဲ့ရသူတွေထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၅၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးလည်း ပါဝင်နေပါတယ်။ ယခုတပတ် အတွင်း သေဆုံးခဲ့ရသူတွေအနက် ၁၁ ဦးဟာ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနှင်းပြီးနောက် လိုက်လံပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေ ဖြစ်ကြောင်း သိရပါတယ်။ ● စစ်ပြေးဒုက္ခသည် ၁၁,၀၀၀ ကျော်တိုးလာ တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ယခုတပတ် အတွင်း စစ်ပြေး ဒုက္ခသည် ၁၁,၈၅၆ ဦးကျော် တိုးလာပြီး၊ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ပြေးဒုက္ခသည် အရေအတွက် ၂၇၁,၄၅၆ ဦးကျော် ရှိလာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီ ၁ရက် ကစပြီး အခု ၂၀၂၁ ခုနှစ် ဩဂုတ် ၃၁ ရက်အထိ စစ်ပြေး ဒုက္ခသည် အရေအတွက်ကို ကြည့်ရင် ၇၆၈,၉၅၆ ဦးကျော် ရှိလာခဲ့ပါတယ်။ ယခုတပတ်အတွင်း တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၅,၀၀၀ ကျော်ဟာ ကယားပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအပြီး ဘေးလွတ်ရာကိုတိမ်းရှောင်လာကြတာပဲ ဖြစ်ပါတယ်။ အလားတူ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းကြတာကြောင့် အနီးအနားက ဒေသခံပြည်သူ ၅,၀၀၀ ကျော်ဟာလည်း ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်လာကြရပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ MNDAA တို့အကြားတိုက်ပွဲတွေ၊တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းအကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၁၄၀၀ ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင် လာခဲ့ရပါ တယ်။ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်က တန့်ဂျာရွာအနီးမှာ စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ နေအိမ်အချို့မှ တပ်စွဲထားတာကြောင့် ဒေသခံပြည်သူ ၄၀၀ ကျော်ခန့်မှာ လည်း ဘေးလွတ်ရာနေရာတွေဆီကို ထွက်ပြေးလာကြရပါတယ်။ ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်က ၇၆၀,၀၀၀ ကျော်အထိ ရှိလာသလို၊အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း၉၇၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့‌ရှ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း၈၈၀,၀၀၀ ကျော်၊ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၉၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၉) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
28 Aug 2021

အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ။ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၂၅ ရက်အထိ (၂၀၂၁)

အလေးထားရမည့် အကြောင်းအချက်များ အမှတ် -( ၄၂) ◉ ၁,၀၁၉ ဦးထက်မနည်း သေဆုံး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (ဩဂုတ် ၂၅ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၁,၀၁၉ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှုများစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ဩဂုတ် ၂၅ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၉၅၁ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ Download PDF Version ◉ သေဆုံးသူ ၃၁ ဦးတိုးလာ ဩဂုတ် ၁၂ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၇) နဲ့ နှိုင်းယှဉ်ကြည့်ရင် အသစ်ထပ်တိုးလာတဲ့ သေဆုံးသူအရေအတွက်က ၁၅ ရက်အတွင်း ၃၁ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၁၀ ဦးဟာ စစ်ကိုင်းတိုင်းအတွင်းသေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၇) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ သေဆုံးခဲ့ရသူ ၁,၀၁၉ ဦးကို အသက် အုပ်စုအလိုက် ကြည့်ရင် အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ ကြတဲ့ ဒေသက ရန်ကုန် ဖြစ်ပြီး၊ မန္တလေးက ဒုတိယနေရာမှာ ရှိနေပါတယ်။ ◉ ဦးခေါင်းပစ်ခတ်ရသူ ၁၁၆ ဦးကျော်ရှိ တခါ ဦးခေါင်းကို သေဆုံးခဲ့ရသူတွေထဲမှာ ပစ်ခတ်ခံရသူ အရေအတွက်က ၁၁၆ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၇၃၇ ဦး၏ ၁၅ ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ ဇွန် ၁၂ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၇၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီက ပြောဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ဒါ့အပြင် ဇူလိုင်လ တလအတွင်းမှာပဲ စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှု ၆၉ ကြိမ် ဖြစ်ပွား ခဲ့ပြီး၊ တိုက်ပွဲများနဲ့ပဋိပက္ခဖြစ်စဉ်တွေကြောင့် သေဆုံးသူ ပြည်သူစုစုပေါင်း ၁၉၉ ဦးထက်မနည်း ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက သူတို့ရဲ့ Facebook စာမျက်နှာမှာ ဩဂုတ် ၉ ရက်က ဖော်ပြခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်တဲ့ အဖွဲ့အစည်း များရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
25 Aug 2021

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဩဂုတ် ၂၃ ရက်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၇,၀၀၀ ကျော် အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၅,၈၂၁ ဦးဟာ လက်ရှိအချိန်အထိ ဖမ်းဆီး ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီး ခံထားရသူ အများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သား ပြည်သူတွေနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့CDM ကို ထောက်ခံ အားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေသာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားပါတယ်။ လက်ရှိ အချိန်ထိ ဖမ်းဆီး ချုပ်နှောင်ခံရသူတွေထဲမှာ ဆရာဝန် ၄၈ ဦးပါဝင်နေပြီး ကိုဗစ်ကာလ ဆေးကုသမှု လှည့်လည် ပြုလုပ်ပေးနေတဲ့ ပရဟိတ ဆရာဝန်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုတွေလုပ်နေပါတယ်။ ဖမ်းဆီးထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကို လေ့လာ ကြည့်ရင် ပုဒ်မ ၅၀၅ (က) ကိုအများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ ယခင်အပတ်က ဖော်ပြခဲ့သော ကိန်းဂဏန်းများ (အလေးထားရမည့်အကြောင်းအချက်များ အမှတ်-၃၈ ကိုရှုပါ) နှင့်နှိုင်းယှဉ်ပါက တပတ်အတွင်း ဖမ်းဆီးချုပ်နှောင်ခံရသူ ၂၅၉ ဦး တိုးလာပါတယ်။ဒါ့အပြင် ဇူလိုင်လစာရင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဖမ်းဆီးခံရသူ အရေအတွက် ပိုများလာပါတယ်။ Download PDF Version ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၈) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ [link] https://ispmyanmar.com/burmese/2021/08/16/wm-38/ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက်ပိုင်း ဥပဒေပုဒ်မ အမျိုးမျိုးနဲ့ ဖမ်းဆီး ထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီက သူတို၎င်းတို့ကို ဆန့်ကျင် ကန်ကွက်နေသူတွေကို တရားရေးမဏ္ဍိုင်အသုံးချပြီး လုပ်ဆောင်တဲ့ ဖိနှိပ်မှုတွေအကြောင်း သုတေသနပြု လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှအင်အားသုံး အကြမ်းဖက်ဖမ်းဆီး ဝရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် ဆန္ဒပြ ပြည်သူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိ၊မရှိ ဆိုတဲ့ ကိစ္စရပ်တွေကို အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
25 Aug 2021

ဖိနှိပ်နှောင့်ယှက်ခြင်းနှင့် အမြတ်ထုတ်မှု မရှိသော ကျန်းမာရေး ကုသစောင့်ရှောက်ခွင့်

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၀) ကမ္ဘာ့နိုင်ငံ အနှံ့မှာ ဖြစ်ပွားနေတဲ့ ကျန်းမာရေး ကုသစောင့်ရှောက်မှု လုပ်ငန်းတွေအပေါ် တိုက်ခိုက်၊ ဖိနှိပ်၊ နှောင့်ယှက်မှုတွေပြုလုပ်ခြင်းအပေါ် စာရင်းပြုစုတဲ့ Insecurity Insight က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနစ်ဖေဖော်ဝါရီ ၁ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ကျန်းမာရေး ကဏ္ဍအပေါ် တိုက်ခိုက်နှောက်ယှက်မှု ဖြစ်ရပ်ပေါင်း ၂၅၂ ခု ရှိခဲ့ပါတယ်။ ဆေးရုံတွေကို ဝင်ရောက် တိုက်ခိုက်တာ၊ စီးနင်းတာတွေ ဖြစ်ခဲ့သလို ဆေးပညာရှင်တွေကို တိုက်ခိုက် ဖမ်းဆီး ဖိနှိပ်ခဲ့တာကြောင့် ၂၅ ဦး အသက် ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက် ရေးအသင်း(AAPP)ရဲ့ စာရင်းအရ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း ၅၉၅ ဦးကိုလည်း စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့တရားစွဲဆို ဝရမ်း ထုတ်ထားပါတယ်။ ဒါ့အပြင် ဆရာဝန် ၄၈ ဦး ဖမ်းဆီး ချုပ်နှောင် ခံထားရပါတယ်။ ဒီစာရင်းတွေမှာ မပါဝင်သေးတဲ့ ဖြစ်ရပ်တွေလည်း ရှိနိုင်ပါတယ်။ ဒီအခြေ အနေတွေအရ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆေးကုသ စောင့်ရှောက်ခံယူခွင့်ပျက်ပြားနေတယ်လို့ ဆိုနိုင်ပါတယ်။ Download PDF Version ∎ ဆိုလိုရင်း အနှစ်ချုပ် တိုက်ပွဲတွေ၊ ပဋိပက္ခတွေ ဖြစ်ပွားတဲ့အခါ ဒဏ်ရာရသူ၊ နာမကျန်း ဖြစ်သူတွေကို ကျန်းမာရေး ပညာရှင်တွေက အနှောင့်အယှက် မရှိဘဲ အလျင်မီ ထိရောက်တဲ့ ဆေးကုသ စောင့်ရှောက်မှု ပေးနိုင်ရေးဟာ ဘက်မလိုက်သော ဆေးကုသခွင့် (Medical Neutrality) ဆိုတဲ့ အခြေခံမူတရပ် ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအနှံ့မှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းနဲ့ နယ်စည်းမထား ဆရာဝန်များ အဖွဲ့တို့ကလည်း ဒီအခြေခံမူကို လက်ခံ ကျင့်သုံးပါတယ်။ ဒါ့အပြင် နိုင်ငံပေါင်း ၁၉၆ နိုင်ငံက သဘောတူ လက်မှတ်ထိုးထားတဲ့ ဂျီနီဗာ ကွန်ဗင်းရှင်း (Geneva Convention) ရဲ့ လူသား ဆန်သော အခြေခံမူတရပ်လည်း ဖြစ်ပါတယ်။ ဒါကို ISP-Myanmar က ရေးသားထားတဲ့ “လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များနှင့် လမ်းကြောင်းနှစ်သွယ်” (အလေးထားရမည့် အကြောင်းအချက်များ အမှတ်- ၃၂) မှာလည်း ထောက်ပြထားပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၂) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ [link] https://ispmyanmar.com/burmese/2021/06/18/wm-32/ ဒီလို လူသားဆန်တဲ့ နိုင်ငံတကာ စံနှုန်းတွေကို ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ လိုက်နာမှု အားနည်း နေပါသေးတယ်။ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ အကြား ထိခိုက် ဒဏ်ရာရသူတွေကို ဆေးကုသ စောင့်ရှောက်မှု ပေးတဲ့ ကျန်းမာရေး ပညာရှင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်တပ်တွေ၊ လက်နက်ကိုင်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ခံနေတယ်လို့ Rohini J. Haar နဲ့ အခြားသုတေသီတွေက ဆိုပါတယ် (Haar et al., 2021)။ ၁၉၈၃ ခုနစ်ကနေ ၂၀၁၉ အတွင်း ထုတ်ဝေခဲ့တဲ့ သုတေသန စာစောင်ပေါင်း၁၄၀၀ ကျော်ထဲကမှ ၄၅စောင်ကို ရွေးချယ်ပြီး Haar နဲ့ သုတေသီတွေက ပြန်လည် သုံးသပ်တင်ပြရာမှာ-  ● ဆေးရုံ၊ ဆေးပေးခန်းတွေကို ပစ်ခတ်တိုက်ခိုက်တာ၊ ● လူနာတွေကို ပစ်ခတ် တိုက်ခိုက်တာ (အသက်အန္တရာယ်ပြုတာ၊ ခြိမ်းခြောက်တာ)၊ ● ကျန်းမာရေး ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ ခြိမ်းခြောက်တာ၊ ● ဆေးကုသမှု မလုပ်နိုင်အောင် နှောက်ယှက်တာ၊ ● ဆေးပစ္စည်း သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို တိုက်ခိုက်တာ၊ နှောက်ယှက်တာ၊ နှောင့်နှေး ကြန့် ကြာအောင် လုပ်တာ၊ ● ဆေးရုံ၊ ဆေးခန်းတွေကို ဆေးကုသမှု မဟုတ်တဲ့ အခြားကိစ္စတွေ လုပ်ဆောင်တာ စတဲ့ ဆေးကုသမှုကို နှောက်ယှက်ဖျက်ဆီးတဲ့အပြုအမူတွေကို ပဋိပက္ခ ကြုံတွေ့နေရတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ကြုံတွေ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ဘက်မလိုက်တဲ့ဆေးကုသခွင့် ပျက်ပြားတာပဲ ဖြစ်ပါတယ်။ ∎ ဘာကြောင့် အလေးထားသင့်သလဲ ပဋိပက္ခ ဖြစ်ပွားတဲ့ ဒေသတွေမှာ ဆေးကုသမှု ပေးနေတဲ့အပေါ် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှု ကြီးမားပါတယ်။ ဆေးကုသမှု ပေးနေတဲ့ ကျန်းမာရေး လုပ်သားတွေ အသက်ဆုံးရှုံးရတဲ့ အထိ ကြုံကြရသလို၊ လူနာတွေ တိုက်ခိုက် ခံရတဲ့အခါမှာလည်း ရုပ်ပိုင်း နဲ့ စိတ်ဒဏ်ရာတွေ ဖြစ်စေပါ တယ်။ ဒီအခြေအနေမှာ ဆက်လက် ဆေးကုပေးဖို့ မလုံခြုံတာကြောင့်ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေကနေ ဆေးပညာရှင်တွေ စွန့်ခွာ ကြရပါတယ်။ ဒါ့အပြင် ကပ်ဘေးနဲ့ အခြား အသက် ကယ်ဆယ်ရေးတွေ အဓိက လုပ်ဆောင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကိုပါ နှောင့်နှေး ကြန့်ကြာတာ၊ ထိခိုက် ပျက်စီးမှု ဖြစ်စေပါတယ်။ ဥပမာ ကြက်ခြေနီ အမှတ်အသား၊ ဆေးဘက်ဆိုင်ရာ အမှတ်အသား တွေဟာ နိုင်ငံတကာ ဥပဒေအရ အကာအကွယ်ပေးခံရမယ့် အမှတ်အသားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံ ပေါင်း ၁၀ နိုင်ငံမှာ ဒီအမှတ်အသားတွေကို ပစ်မှတ်သဖွယ် ထားပြီးကျန်းမာရေး ဝန်ထမ်းတွေ၊ ဆေးရုံ ဆေးခန်း တွေ၊ ဆေးပစ္စည်းတွေကို ပိုမိုဦးတည် တိုက်ခိုက်ကြပါတယ်။ ဒါဟာ လူသားချင်းစာနာအကူအညီပေးရေး လုပ်ငန်းတွေကိုပါ နှောင့်နှေး ရပ်တန့်သွားစေအောင် တမင်ရည်ရွယ်တာလည်း ဖြစ်တတ်ပါတယ်။ ဒီလိုနှောင့်နှေး ရပ်တန့်သွားတာနဲ့အမျှ ဒီအကူအညီတွေပေါ်မှာ မှီတည်နေတဲ့ လူ့ ဘဝတွေ၊ အသက်တွေများစွာ သေကြေ ပျက်စီးဖို့ဖြစ်လာရပါတယ်။ ဒီအခါမှာ လူသားလုံခြုံရေးအတွက် ကျန်းမာရေး ကုသ စောင့် ရှောက်မှုတွေကို အနှောင့်အယှက် ကင်းကင်းနဲ့လုပ်ဆောင်နိုင်ဖို့ဆိုတဲ့ အချက်ဟာ အလေးထားသင့်တဲ့ အချက်ဖြစ်လာပါတယ်။ ∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား တိုက်ပွဲတွေ၊ ပဋိပက္ခတွေအကြား ထိခိုက် ဒဏ်ရာရသူတွေ သက်သာ ချောင်ချိရေး၊ ပြည်သူတွေကို ကာကွယ်ရေး ပြုလုပ်ပေးပါမယ်လို့ ဂျီနီဗာ ကွန်ဗင်းရှင်းမှာ မြန်မာနိုင်ငံက လက်မှတ်ထိုး သဘောတူ ထားပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ကုသစောင့်ရှောက်မှုလုပ်ငန်းတွေအပေါ် ဖိနှိပ် တိုက်ခိုက် မှုရှိနေတဲ့ နိုင်ငံများ စာရင်းမှာလည်း ပါဝင်နေပါတယ် (Haar et al. 2021)။ သုတေသန အဖွဲ့များစွာ ရဲ့အချက်အလက်အရ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆေးကုသ စောင့်ရှောက်ခံယူခွင့် ပျက်ပြားနေတယ်လို့ ဆိုနိုင်ပါတယ်။ ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်မှု ဒဏ်တွေအပြင် ကိုဗစ်တတိယလှိုင်းရဲ့ ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေကြောင့်နောက်ဆက်တွဲ ကျန်းမာရေး အကျပ်အတည်း ပြဿနာကို မြန်မာပြည်သူတွေ အလူးအလဲ ခံနေရပါတယ်။ သာမန် အချိန်မှာ ကပ်ဘေးနဲ့ သဘာဝဘေး အန္တရာယ်တွေကို အစိုးရက ဦးဆောင် ဖြေရှင်းတဲ့အခါ ထိရောက် မြန်ဆန်ဖို့ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ပူးပေါင်းပါဝင်မှုက အလွန် အရေးကြီး ပါတယ်။ အခုအချိန်မှာ စစ်ကောင်စီရဲ့ ကိုဗစ်ကာကွယ်ရေး လုပ်ငန်းတွေအပေါ်မှာပြည်သူလူထုရဲ့ ယုံကြည်မှုက အနိမ့်ဆုံး အခြေအနေမှာ ရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ လူမှုကယ်ဆယ်ရေး လုပ်ငန်း တွေပြန်လည် အသက်ဝင်ဖို့ ခက်ခဲနေပြီး အခြေအနေတွေဟာ လူသားချင်းစာနာမှု အကျပ်အတည်း ဆိုက်တဲ့အထိ ယိုယွင်း ပျက်စီးနေပါပြီ။ ကပ်ဘေးရင်ဆိုင်ဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းက ပေးလာနိုင်တဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေနဲ့ အသက်ကယ်ဆယ်ရေး လုပ်ငန်းတွေ အလုပ်ဖြစ်ဖို့ စစ်ကောင်စီနဲ့ အခြားသော လက် နက်ကိုင် အဖွဲ့အားလုံးအနေဖြင့် ကျန်းမာရေး ကုသစောင့်ရှောက်မှုအပေါ် ဖိနှိပ်မှု၊ တိုက်ခိုက်မှုတွေ မလုပ်ဖို့ ကတိပြုဖို့၊ လက်တွေ့လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ ဒီအပိုင်းကိုတော့ ISP-Myanmar က ရေးသားထား တဲ့ “ကိုဗစ်-၁၉ တတိယလှိုင်း အ‌ကျပ်အတည်းကို လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ အကူ အညီဖြင့် ဖြေရှင်းရေး မူဝါဒအကြံပြုချက်” မှာ အကျယ်တဝင့် ဖတ်နိုင်ပါတယ်။ ➥ ISP-Myanmar ရဲ့ မူဝါဒ အကြံပြုချက်ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ [link] https://ispmyanmar.com/burmese/2021/07/20/pe1/ ဒါ့အပြင် နိုင်ငံတကာရဲ့ အကူအညီတွေ အပေါ်မှာ အလွဲသုံးစား မလုပ်ဖို့၊ ပွင့်လင်း မြင်သာမှုရှိဖို့၊ နိုင်ငံရေးအရ အမြတ်ထုတ်မှုတွေမလုပ်ဖို့ လိုအပ်ပါမယ်။ အထူးသဖြင့် လူသားချင်း စာနာမှု အကူအညီတွေ လွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့နဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဖိနှိပ် ခြိမ်းခြောက်ခံရခြင်းမှ ကင်းဝေးပြီး လွတ်လပ်စွာ ဆေးကုသခွင့်ရဖို့ အရေး ကြီးလှပါတယ်။ ▂ ISP-Myanmar က ဖော်ပြခဲ့ပြီးဖြစ်သည့် What Matters အကြောင်းအရာများ အားလုံးကို အောက်ဖော်ပြပါ link တွင် တစုတစည်းတည်း ဖတ်ရှု၊ download ရယူနိုင်ပါသည်။ https://ispmyanmar.com/burmese/category/what-matters/
25 Aug 2021

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၉) ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၂၀ ရက်အထိ (၂၀၂၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသားဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ Download PDF Version ● အကြိမ် ၇၆၀ ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၇၆၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ KNU သတင်းနှင့်ပြန်ကြားရေးဌာန Thoolei News ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားခဲ့တဲ့ မဇ္ဇျိမ သတင်းဌာနက ဇူလိုင်လအတွင်း ကရင်ပြည်နယ်အတွင်းရှိ ခရိုင် ၄ ခုအတွင်း တိုက်ပွဲ ၁၈၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် လက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၅၀ ခန့် သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ဇူလိုင်လမှစပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးနဲ့ ပန်ဆိုင်း(ကြူကုတ်) ဒေသတွေအတွင်းMNDAA အဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတို့အကြား တိုက်ပွဲအရေအတွက် ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ တဖန် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာလည်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး ဩဂုတ်၂၀ ရက်အထိ အဲဒီဒေသတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၈၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြပါတယ်။ ● အရပ်သား ၁၄၉ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၁၄၉ ဦးကျော် ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူ ၁၃၆ ဦးကျော် ရှိခဲ့ပါတယ်။ အဆိုပါ သေဆုံးခဲ့ရသူတွေထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၄၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးလည်း ပါဝင်နေပါတယ်။ ● စစ်ပြေးဒုက္ခသည် ၃၀,၀၀၀ ကျော်တိုးလာ တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ယခုတလအတွင်း စစ်ပြေး ဒုက္ခသည် ၃၁,၆၀၀ ကျော် တိုးလာပြီး၊စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ပြေးဒုက္ခသည် အရေအတွက် ၂၅၉,၆၀၀ ဦးကျော် ရှိလာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ၁ရက် ကစပြီး အခု ၂၀၂၁ ခုနှစ် ဩဂုတ် ၂၀ ရက်အထိ စစ်ပြေး ဒုက္ခသည် အရေအတွက်ကို ကြည့်ရင် ၇၅၇,၁၀၀ ဦးကျော် ရှိလာခဲ့ပါတယ်။ ယခုတလအတွင်း တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၅,၀၀၀ ကျော်ဟာ ကယားပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအပြီး ဘေးလွတ်ရာကို တိမ်းရှောင်လာကြတာပဲ ဖြစ်ပါတယ်။ အလားတူ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်မှာ စစ်ပြေးဒုက္ခသည် ၄,၀၀၀ ကျော်၊စစ်ကိုင်းတိုင်းမှာ ၅,၀၀၀ ကျော်၊ မကွေးတိုင်းမှာ ၁,၀၀၀ ကျော်တို့ဟာ ထပ်မံထွက်ပြေး တိမ်းရှောင် လာကြရပါတယ်။ ဒါ့အပြင်ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေမှာလည်း အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြားတိုက်ပွဲတွေအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာကြောင့် ဒေသခံပြည်သူ ၁၂,၀၀၀ ကျော်ဟာလည်း ဘေးလွတ်ရာကို ထပ်မံ တိမ်းရှောင် လာခဲ့ကြရပါတယ်။ ၎င်းတို့ထဲမှာ ဩဂုတ်လအတွင်းရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်) ဒေသအတွင်း MNDAA အဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံ ၁,၈၀၀ ကျော်လည်း ပါဝင်ပါတယ်။ အဆိုပါ လူဦးရေအနက် ၁,၄၀၀ ကျော်ခန့်ဟာတရုတ်-မြန်မာနယ်စပ်အထိ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်းလည်း သိရပါတယ်။ ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်က ၇၅၀,၀၀၀ ကျော်အထိ ရှိလာသလို၊အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း၉၇၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့‌ရှ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း၈၈၀,၀၀၀ ကျော်၊ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၉၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၃) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်း အားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
16 Aug 2021

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၈) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဩဂုတ်လ ၁၂ ရက်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၇၀၀၀ ကျော် အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၅၅၇၁ ဦးဟာ လက်ရှိအချိန်အထိ ဖမ်းဆီး ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီး ခံထားရသူအများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သား ပြည်သူတွေနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေသာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ လက်ရှိ အချိန်ထိဖမ်းဆီး ချုပ်နှောင်ခံရသူတွေထဲမှာ ဆရာဝန် ၄၈ ဦးပါဝင်နေပြီး ကိုဗစ်ကာလ ဆေးကုသမှု လှည့်လည် ပြုလုပ်ပေးနေတဲ့ ပရဟိတဆရာဝန်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုတွေလုပ်နေပါတယ်။ ဖမ်းဆီးထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကို လေ့လာ ကြည့်ရင် ပုဒ်မ ၅၀၅ (က) ကိုအများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ ဇွန်လက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၃၄ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ် လေ့လာမယ်ဆိုရင် ဖမ်းဆီး ထိန်းသိမ်းထားခံရသူ အရေအတွက် ၄၀၀ ကျော် တိုးလာပါတယ်။ Download PDF Version ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၄) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
13 Aug 2021

အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၇) ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၁၁ ရက်အထိ (၂၀၂၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (ဩဂုတ် ၁၁ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၉၆၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာ ရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ဩဂုတ် ၁၁ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၈၉၇ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ Download PDF Version အရင်တလက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၃၅ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လေ့လာမယ်ဆိုရင် တလတာကာလအတွင်း သေဆုံးရသူ အရေအတွက်က ၈၀ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံးအသက် အုပ်စုထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက် အုပ်စုကလည်း သေဆုံးရမှု အများဆုံး ဖြစ်ပါတယ်။ တခါဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က ၁၀၇ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၇၁၄ ဦး၏ ၁၅ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးက ဒုတိယ နေရာမှာ ရှိနေပါတယ်။ ဒီတလအတွင်း သေဆုံးခဲ့ရသူ ၈၀ ဦးကျော်အနက် စစ်ကိုင်းတိုင်းအတွင်း ၃၁ ဦးအထိ အများဆုံး သေဆုံးခဲ့ပြီး၊မန္တလေးတိုင်း အတွင်း ၁၀ ဦးအထိ သေဆုံးခဲ့ကြရပါတယ်။ တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံးပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ ဇွန် ၁၂ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၇၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီက ပြောဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ဒါ့အပြင် ဇူလိုင်လ တလအတွင်းမှာပဲ စစ်ကောင်စီက အရပ်သားတွေအပေါ် အကြမ်းဖက်မှု ၆၉ ကြိမ် ဖြစ်ပွား ခဲ့ပြီး၊ တိုက်ပွဲများနဲ့ပဋိပက္ခဖြစ်စဉ်တွေကြောင့် သေဆုံးသူ ပြည်သူစုစုပေါင်း ၁၉၉ ဦးထက်မနည်း ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက သူတို့ရဲ့ Facebook စာမျက်နှာမှာ ဩဂုတ် ၉ ရက်က ဖော်ပြခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်တဲ့ အဖွဲ့အစည်းများရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၃၅) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
10 Aug 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-တရုတ် ကုန်သွယ်မှုအပါအဝင် ပြည်ပ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၆) Download PDF Version မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အားကောင်းမောင်းသန် ဖြစ်လာခဲ့ပါတယ်။ ဒီကိစ္စရပ်တွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့တာ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်တာတွေအပြင်၊စီးပွားရေး ပိတ်ဆို့ အရေးယူခံရတာနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ ပုံရိပ်ကျဆင်းတာတွေလည်း ဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေတွေဟာ အဘက်ဘက်မှာ ပြိုဆင်းခဲ့ပါတယ်။ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု တန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိခဲ့ရာကနေ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း၁,၇၀၀ ကျော်ပဲ ရှိခဲ့ပြီး ထက်ဝက်ကျော်ခန့် ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေပြုလုပ်တဲ့ ကုန်သွယ်မှုပမာဏကိုလည်း အာဏာမသိမ်းခင်ကာလနဲ့အာဏာသိမ်းပြီးကာလကို နှိုင်းယှဉ်ကြည့်ပါက သိသိသာသာ ကျဆင်းနေတာတွေ့ရပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် သြဂုတ်လ အထိ ခြောက်လတာ ကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ ပြည်ပစီမံကိန်းတွေ ရပ်ဆိုင်းသွားသလို ပြည်တွင်းက အလုပ်သမား ၅၀၀,၀၀၀ လောက်ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားတဲ့ ပို့ကုန် အထည်ချုပ် လုပ်ငန်းတွေဟာလည်း နိုင်ငံတွင်းကနေ တဖြည်းဖြည်း ဆုတ်ခွာသွားကြပြီ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို မမှုဘဲ အိမ်နီးချင်းနိုင်ငံအချို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု (အထူးသဖြင့် တရုတ်နဲ့ ရုရှား) နဲ့တင်ဆက်လက်ရှင်သန် ရပ်တည်နိုင်တယ်လို့ ဆိုထားပါတယ်။ သမိုင်း အတွေ့အကြုံအရလည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကို အင်အားသုံး ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပေးခြင်း မရှိဘဲ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူ နှိပ်ကွပ်ခဲ့ခြင်းတွေ ရှိခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုတွေအပေါ် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမယ့်အိမ်နီးချင်း တရုတ်၊ ထိုင်းနဲ့ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုတွေကြောင့်နိုင်ငံတကာ ဖိအားတွေဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ နိုင်ငံတခု၊ အုပ်ချုပ်မှု အဖွဲ့အစည်းတရပ် ရပ်တည် ရှင်သန်နိုင်ဖို့ဆိုရင် ကုန်သွယ်မှု ကဏ္ဍကလည်း အရေးပါတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှု ဆိုင်ရာ အချက်အလက်တွေကို အလေးထားစောင့်ကြည့်ရမယ့် ကိန်းဂဏန်းအချက်အလက်များအဖြစ် လစဉ် ထုတ်နှုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ စစ်အာဏာ မသိမ်းခင် ကုန်သွယ်ရေး အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ဘယ်လို ပြောင်းလဲလာတယ်။ ကုန်သွယ်ရေးမှာ ဘယ်နိုင်ငံတွေကို ပိုပြီး အားကိုးလာရတယ် ဆိုတာကို အထောက်အထားအားဖြင့် ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်သလို အာဏာသိမ်း စစ်ကောင်စီကို အဓိက ကျောထောက် နောက်ခံပြုပေးနိုင်တဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး အခြေအနေတွေကို အလေးပေးစောင့်ကြည့် တင်ပြသွားမှာ ဖြစ်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ မြန်မာ့ စီးပွားရေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ်အတွင်းမှာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးသန်းကျော်လောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေကို လာမယ့် သုံးလကနေ ခြောက်လအတွင်း ကြုံတွေ့ရတော့မယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ခန့်မှန်းထားပါတယ်။ တခါ မြန်မာ့ လူဦးရေရဲ့ ထက်ဝက်ကျော်ခန့်ဟာလည်း လာမယ့်နှစ်ဆန်းပိုင်းမှာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်မှာကို ရင်ဆိုင်ရတော့မယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ပိုဆိုးတာက အခုအချိန်မှာ ကိုဗစ်-၁၉ တတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို နိုင်ငံတဝန်း ပြင်းပြင်းထန်ထန် ရင်ဆိုင် နေရတာကြောင့်စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေဟာ ခန့်မှန်းထားတာတွေထက် ပိုပြီး ဆိုးနိုင်ခြေ ရှိပါတယ်။ အာဏာသိမ်းမှုအပြီးမှာ ဖြစ်ပွားခဲ့တဲ့စီးပွားရေး အကျပ်အတည်းတွေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေက မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိမလဲ ဆိုတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်အရေးပါပါတယ်။ ဒါ့အပြင် စီးပွားရေး ကိန်းဂဏန်းတွေဟာ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ အကျိုးစီးပွား စဉ်းစားချက်တွေကို များစွာ ထင်ဟပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ပြည်ပနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးထဲထဲဝင်ဝင်နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ ပြည်တွင်း-ပြည်ပ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက်၊ ကာလတူကုန်သွယ်မှု တန်ဖိုးတွေကို ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ ဒါ့အပြင်အဲဒီက အချက်အလက်တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာပါတဲ့ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ် လေ့လာနိုင်ပါတယ်။
4 Jul 2021

အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၅) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (ဇူလိုင် ၁ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၈၈၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု များစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ရဲ့ ဇူလိုင် ၁ ရက်အထိ မှတ်တမ်း ပြုစုမှုအရ သေဆုံးသူ ၈၁၇ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်း မရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ အရင်တလက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၂၉ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဉ်လေ့လာမယ်ဆိုရင် တလတာကာလအတွင်း သေဆုံးရသူ အရေအတွက်က ၅၂ ဦးကျော် တိုးလာသလို၊ သေဆုံးမှု အများဆုံးအသက် အုပ်စုထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက် အုပ်စုကလည်း သေဆုံးရမှု အများဆုံး ဖြစ်ပါတယ်။ တခါဦးခေါင်းကို ပစ်ခတ်ခံရသူ အရေအတွက်က ၁၀၄ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၆၃၆ ဦး၏ ၁၆ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန်ဖြစ်ပြီး၊ မန္တလေးက ဒုတိယ နေရာမှာ ရှိနေပါတယ်။ ဒီတလအတွင်း သေဆုံးခဲ့ရသူ ၅၂ ဦးကျော်အနက် မန္တလေးတိုင်းအတွင်း ၁၂ ဦးအထိ အများဆုံးသေဆုံးခဲ့ပြီး၊စစ်ကိုင်းတိုင်း အတွင်း ၁၀ ဦးအထိ သေဆုံးခဲ့ကြရပါတယ်။ တဖက်မှာလည်း AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ တခါ လုံခြုံရေးတပ်ဖွဲ့ဝင် ၂၄ ဦး သေဆုံး ပြီး၊ ဒလန်လို့ စွပ်စွဲခံရတာကြောင့် အသတ်ခံရသူ၁၇ ဦးရှိတယ်လို့လည်း ပြောပါတယ်။ ဇွန် ၁၂ ရက်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၇၃ ဦး ရှိတယ်ဆိုပြီး စစ်ကောင်စီက ပြောဆိုပါတယ်။ အဲဒီကိန်းဂဏန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၉) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/ISPMyanmarpage/posts/2578166109154272 ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
28 Jun 2021

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် -(၃၄) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဇွန် ၂၄ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစု ပေါင်း ၅၀၀၀ကျော် အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၅၁၀၄ ဦးဟာ လက်ရှိ အချိန်အထိ ဖမ်းဆီး ချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ NLD အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင်၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေလည်း ပါဝင်ပြီး၊ NLD ပါတီဝင်တွေကို လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်သားတွေ၊ အရပ်သား ပြည်သူတွေ၊ CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံ ထားရသူတွေနဲ့ ၀ရမ်းထုတ် ခံထားရသူတွေအပေါ် တရားစွဲဆိုမှု ပြုလုပ်တဲ့ ကိန်းဂဏန်းတွေကို လေ့လာ ကြည့်ရင်လည်း ပုဒ်မ ၅၀၅ (က) ကို အများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ အရင်လက ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၂၈ မှာ ပါရှိတဲ့ ကိန်းဂဏန်းတွေနဲ့နှိုင်းယှဉ် လေ့လာမယ်ဆိုရင် တလအတွင်း ဖမ်းဆီးထိန်းသိမ်းထားခံရသူ အရေအတွက် ၉၀၀ ကျော် တိုးလာပြီး အဖမ်းခံရသူအများစုက အရပ်သား ပြည်သူတွေ ဖြစ်နေပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၈) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/ISPMyanmarpage/posts/2572308643073352 ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မ အမျိုးမျိုးနဲ့ ဖမ်းဆီး ထောင်ချခံနေရတဲ့ ပြည်သူအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူ တွေအပေါ် (တရားရေးမဏ္ဍိုင်အသုံးချပြီး) ဘယ်လို ဖိနှိပ်မှုတွေ လုပ်သလဲ ဆိုတာကို သုတေသန ပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို အင်အားသုံး အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းတာတွေအပြင်၊ လူထုလှုပ်ရှားမှုမှာ ပါဝင်သူတွေကို ကြီးလေးတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီး ထောင်ချ အရေးယူမှု လုပ်တာတွေကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေသုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်းပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
25 Jun 2021

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၂၃ ရက်အထိ (၂၀၂၁)

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၃) Download PDF Version ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေ စိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ ● အကြိမ် ၅၀၀ ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၄၉၉ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ KNU ရဲ့ထုတ်ပြန်ချက်ကို ကိုးကားထားတဲ့ KIC သတင်းဌာနဖော်ပြချက်အရ စစ်အာဏာ သိမ်းပြီးနောက် မေလအတွင်း KNU တပ်မဟာ (၅) နယ်မြေမှာ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၉၃ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၂၈ ဦးသေဆုံးခဲ့ပြီး၊ ၁၈၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒ့ါအပြင် ချင်းပြည်နယ်၊ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာလည်းဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ကြပါတယ်။ ဧပြီလမှ စပြီး ဇွန် ၂၃ ရက်အထိ အဲဒီ ဒေသတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၂၂ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ကြပါတယ်။ ● အရပ်သား ၁၁၆ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၁၁၆ ဦးကျော် ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူ ၁၁၀ ဦးကျော် ရှိခဲ့ပါတယ်။ ဒီထဲကမှ ၂၅ ဦး ကျော်ဟာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့တဲ့အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူ ၃၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ၁၁ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ● စစ်ပြေးဒုက္ခသည် ၁၅၀,၀၀၀ ကျော်တိုးလာ တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ယခုတလအတွင်း စစ်ပြေး ဒုက္ခသည် ၁၅၀,၈၄၆ တိုးလာပြီး၊ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ပြေး ဒုက္ခသည် အရေအတွက် ၂၂၈,၀၀၀ ဦးကျော် ရှိလာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ကစပြီး အခု၂၀၂၁ ခုနှစ် ဇွန် တတိယပတ် ကာလအထိ စစ်ပြေး ဒုက္ခသည် အရေအတွက်ကိုကြည့်ရင် ၇၂၅,၅၀၀ ဦးကျော် ရှိလာခဲ့ပါတယ်။ တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၁၀၀,၀၀၀ ကျော်ဟာ ကယား ပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအပြီး ဘေးလွတ်ရာကို တိမ်းရှောင်လာကြတာပဲ ဖြစ်ပါတယ်။ ဒါက ကယားပြည်နယ်အတွင်း ရှိနေသူတွေထဲက သုံးပုံတပုံကျော်ဟာ စစ်ပြေးဒုက္ခသည် ဖြစ်လာကြတာ ဖြစ်ပါတယ်။အလားတူ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်မှာ စစ်ပြေးဒုက္ခသည် ၁၅,၀၀၀ ကျော်၊ စစ်ကိုင်းတိုင်းမှာ ၁၅,၀၀၀ ကျော်၊မကွေးတိုင်းမှာ ၁၀,၀၀၀ ကျော်နဲ့ ဧရာဝတီတိုင်းမှာ ၂,၀၀၀ ကျော်အထိ အသီးသီးရှိလာခဲ့ပါတယ်။ ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်က ၇၀၀,၀၀၀ ကျော်အထိ ရှိလာသလို၊ အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း ၉၇၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့‌ရှ်နယ်စပ်၊ ဘင်္ဂလား ဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခ သည်ပေါင်း ၈၈၀,၀၀၀ ကျော်၊ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၉၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၂၇) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူး ပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်း အားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
18 Jun 2021

လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များနှင့် လမ်းကြောင်းနှစ်သွယ်

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၂) Download PDF Version မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက် တိုင်းရင်းသား ဒေသတွေအတွင်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့တွေအကြား လက်နက်ကိုင်ပဋိပက္ခတွေ ပိုမို ကြီးထွားလာပါတယ်။ ဒါ့အပြင် ဒေသအချို့မှာလည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အာဏာသိမ်း စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာပြီး စစ်ဘေးရှောင်ပြည်သူတွေလည်း များပြားလာပါတယ်။ တခါ ရှိရင်းစွဲ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စိန်ခေါ်ချက်တွေအပြင် ကိုဗစ်-၁၉တတိယလှိုင်း ကူးစက်နှုန်းလည်း မြင့်မား လာပါတယ်။ တချိန်တည်းမှာပဲ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲအခြေအနေတွေကို အကြောင်းပြုပြီး နိုင်ငံအတွင်းရှိ လူဦးရေ သုံးသန်းခွဲလောက်ဟာ လာမယ့်လတွေအတွင်း အငတ်ဘေး ဆိုက်နိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ခန့်မှန်းထားပါတယ်။ ဒီအခါမှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စတွေက အရေးကြီးလာပါတယ်။ ∎ ဆိုလိုရင်း အနှစ်ချုပ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်ကြတဲ့ နိုင်ငံတကာ အဖွဲ့ တွေ ကို ယေဘုယျအားဖြင့် အုပ်စုအမျိုးအစားနှစ်ခု ခွဲခြားနိုင်ပါတယ်။ ပထမတခုက နိုင်ငံတကာ ကြက်ခြေနီအသင်းကို တည်ထောင်ခဲ့သူ Henry Dunant ရဲ့ အယူအဆကို လက်ခံကျင့်သုံးတဲ့အုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုမှာပါတဲ့ အဖွဲ့တွေက လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး လုပ်ငန်းတွေကို လုပ်တဲ့အခါ နိုင်ငံရေးနဲ့ ရော ယှက်မစဉ်းစားဘဲ ပဋိပက္ခအတွင်း အကူအညီလိုအပ်နေသူတွေအရေးကိုပဲ ဦးစားပေး ဆောင်ရွက်လေ့ရှိပါတယ်။ သူတို့ရဲ့ လုပ်ငန်းစဉ်တွေက ဘက်လိုက်မှု၊ ခွဲခြားမှု ကင်းရှင်းပြီး ကြားနေသဘောနဲ့ အမှီ အခိုကင်းကင်း လုပ်ကြ ပါတယ် (Barnett,2005)။ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) လို အဖွဲ့အစည်းတွေဟာ ဒီအယူအဆအတိုင်း လုပ်လေ့ရှိပါတယ်။ ဒုတိယ အမျိုးအစားက လူတွေကြုံနေရတဲ့ ဘေးဒုက္ခအကျပ်အတည်းတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့ ဆိုရင် အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကပ်ဘေးဒဏ်ခံနေရတဲ့ နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အုတ် မြစ်တွေကိုပါ ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ ယူဆချက်ကို အခြေပြုကျင့်သုံးပါတယ် (Barnett,2005)။ ဒါက အမေရိကန်သမ္မတဟောင်း Woodrow Wilson ရဲ့ လမ်းစဉ် ဖြစ်ပါတယ်။ ဒီယူဆချက်ကို လက်ခံကျင့်သုံး တဲ့ အဖွဲ့တွေဟာ အရေးပေါ် အကူအညီပေးရေးလုပ်ငန်းတွေအပြင် ဒေသဖွံ့ဖြိုးရေးနဲ့ လူသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ ယှဉ်တွဲလုပ်ကြပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၊ နိုင်ငံ တကာ ကယ်ဆယ်ရေးကော်မတီ (IRC)၊ CARE၊ Oxfam နဲ့ World Vision တို့လို အဖွဲ့အစည်းတွေက ဒီယူဆ ချက်အတိုင်း လုပ်လေ့ရှိပါတယ်။ ကမ္ဘာအရပ်ရပ်က လူသားလုံခြုံရေးကဏ္ဍအပေါ် စိန်ခေါ်မှုဖြစ်စေတဲ့ ဘေးဒုက္ခအကျပ်အတည်းတွေကို ကူညီ ဆောင်ရွက်တဲ့အခါဒီလမ်းနှစ်သွယ်အနက် ဘယ်နည်းလမ်းက ပိုအလုပ်ဖြစ်သလဲဆိုတာ သုတေသီတွေအကြား အကျယ်တဝင့် လေ့လာဆွေးနွေးကြပါတယ်။ ပဋိပက္ခကြောင့် ဆက်နွှယ်ဖြစ်ပေါ်လာတဲ့ ကပ်ဘေးတွေကို ကိုင် တွယ်ဖြေရှင်းရာမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်အပြင် နိုင်ငံရေးကိုပါ ယှဉ်တွဲ စဉ်းစား လေ့ရှိတဲ့ အချက်က အာရုံစိုက်စရာ ဖြစ်ပါတယ်။ ∎ ဘာကြောင့် အလေးထားသင့်သလဲ အာဏာရှင်နိုင်ငံတွေမှာ ပဋိပက္ခအကျပ်အတည်းအမျိုးမျိုးကြောင့် ပေါ်ပေါက်လာတဲ့ ကပ်ဘေးဒုက္ခတွေကို နိုင်ငံ တကာအသိုက်အဝန်းက အကူအညီပေးနိုင်ဖို့ ကြိုးပမ်းကြတဲ့အခါ အုပ်စိုးသူတွေဘက်က တုံ့ပြန်ပုံတွေကို သတိ ပြု အလေးထားသင့်ပါတယ်။ အထူးသဖြင့် လူ့အဖွဲ့အစည်းအတွင်း အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေ ဖော်ဆောင်နိုင်ဖို့ အပူတပြင်းလိုအပ်လာတဲ့အခါ အာဏာရှင်တွေအဖို့ နိုင်ငံရေးစနစ်နဲ့ ထဲထဲဝင်ဝင် ပတ်သက်မှုမရှိတဲ့ ကျန်းမာရေးကဏ္ဍလို ကိစ္စရပ်တွေအတွက်ပဲ ပူးပေါင်းဆောင်ရွက်လေ့ရှိကြတာက သတိ ပြုစရာ တခုဖြစ်ပါတယ်။ လူသားလုံခြုံရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်တဲ့ကျန်းမာရေးဝန်ဆောင်မှု၊ အစားအသောက်နဲ့ဆေးဝါးတွေ လက်လှမ်းမီရရှိနိုင်ဖို့ကလည်း အရေးတကြီးလိုအပ်ပါတယ်။ ဒါပေမဲ့ ဒီအကူ အညီတွေကို ဘယ်သူကပေးတာလဲ (ဝါ) ဘယ်သူကတဆင့် ပေးတာလဲဆိုတာမျိုးကလည်း အရေးကြီးပါတယ်။ ဥပမာကျူးကျော်နယ်ချဲ့တဲ့နိုင်ငံရဲ့စစ်တပ်က ဒေသခံပြည်သူတွေကို ဆေးပေးဝေမယ်ဆိုရင် ဒေသခံတွေ က နှစ်သက်ကြည်ဖြူလက်ခံယူချင်ပါ့မလား။ တခါအကူအညီပေးတဲ့ အရင်းခံ စိတ်စေတနာကလည်း အရေးပါ ပြန်ပါတယ်။ ဥပမာ အာဏာရှင်တွေက ထောက်ပံကြေးပေးတာဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ဆိုရင် အာဏာရှင် ဆန့်ကျင်တဲ့ ပြည်သူတွေက ဒီအကူအညီယူပြီး အာဏာရှင်တွေလူရာဝင်စေမယ့် အရေးကိုတော့ မလုပ်ချင်ဘူး ဆိုတဲ့ ခံယူချက်မျိုး ရှိနေမှာပါပဲ။ ဘယ်သူပေးပေး၊ ဘာကြောင့်ပေးပေး ယူမယ်ဆိုသူတွေရှိနိုင်သလို မယူဘူး ဆိုတာမျိုးလည်း ရှိတဲ့အခါ လူသားချင်းစာနာမှုအကူအညီပေးတာဟာ အားလုံးကို ညီတူညီမျှအကျိုးပြုတယ်လို့ မှတ်ယူဖို့ ခက်လာပါတယ်။ ဒါကြောင့် နိုင်ငံရေးပဋိပက္ခတွေနဲ့ ဆက်နွှယ်လာတဲ့ အကူအညီဆိုတိုင်း သန့်စင်တဲ့ပရဟိတသက်သက်လို့ မြင်ဖို့ခက်ပါတယ်။ အရင်းခံအကြောင်းတရားဖြစ်တဲ့ နိုင်ငံရေးပဋိပက္ခတွေကိုပါ တစိတ် တပိုင်း ဆက်နွှယ်ဖြေရှင်းနိုင်မယ့် အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းစဉ်တွေ ဖော် ဆောင် နိုင်ဖို့ အရေးကြီးတယ်ဆိုတဲ့ ရှုမြင်ပုံဟာ အလေးထားသင့်တဲ့ အကြောင်းအချက်တရပ်ပဲ ဖြစ်ပါတယ်။ ∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား စစ်ကောင်စီရဲ့ အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ပိုများပြားလာပြီး စစ်ဘေးရှောင် ပြည်သူအရေအတွက် ၂၀၀,၀၀၀ ကျော် ရှိလာပါတယ်။ နဂိုရှိပြီးသား စစ်ဘေး ရှောင်အရေအတွက် အပါအဝင်ဆိုရင် မြန်မာနိုင်ငံရဲ့လူဦးရေ ခြောက်သိန်းနီးပါးဟာ စစ်ဘေးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရပါ တယ်။ ဒါ့အပြင် ရခိုင်ဒေသတွင်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ရိုဟင်ဂျာ တသိန်းကျော်အပါအဝင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရှိနေသူတွေပါ ပေါင်းရင် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း တသန်းကျော်လည်း ရှိနေပါတယ်။ အခုချိန်မှာ တိုးမြင့်လာတဲ့ စစ်ဘေးရှောင်ဒေသတွေနဲ့ စခန်းတွေမှာ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ နည်းပါးနေရုံသာမက သောက်သုံးရေကြောင့် ဝမ်းပျက်ဝမ်းလျော ရောဂါတွေ လည်း ဖြစ်ပွားနေပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် ကျန်းမာရေးကဏ္ဍ ပြိုဆင်းလာမှုနဲ့အတူ ပြီးခဲ့တဲ့ ဇွန်လက စပြီး ကိုဗစ်ပိုး တွေ့နှုန်းက ပြန်မြင့်လာပါတယ်။ ဇွန် ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ တရက်အတွင်း ကိုဗစ်ပိုး စစ်ဆေးမှု ၂၉၀၂ ခု အနက် ၃၇၃ ယောက်မှာ ပိုးတွေ့ရှိပြီးကူးစက်နှုန်း ၁၃ ရာခိုင်နှုန်းအထိ ရောက်လာပါတယ်။ ဒါဟာ စစ် အာဏာ သိမ်းပြီးနောက် တရက်အတွင်း ပိုးတွေ့ရှိမှုနှုန်း အများဆုံး ဖြစ်ပါတယ်။ တခါ အခြားကူးစက် ရောဂါတွေရဲ့ ကာကွယ်ကုသရေး လုပ်ငန်းတွေမှာလည်း ယို့ယွင်းမှုတွေ ရှိလာပါတယ်။အထူးသဖြင့် တီဗီရောဂါ တိုက်ဖျက်ရေးနဲ့ အိပ်ချ်အိုင်ဘီ၊ အေအိုင်ဒီအက်စ် လူနာတွေအတွက် အေအာရ်တီ ဆေးပေးဝေနိုင်မှုတွေမှာ ကြီး မားတဲ့ စိန်ခေါ်မှုတွေ ရှိလာပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာက အကူအညီပေးရေး အဖွဲ့အစည်းတွေကို အုပ်ချုပ်ရေးယန္တရား အပေါ် အနှောင့်အယှက် ပြုသူတွေအဖြစ်စစ်အစိုးရအဆက်ဆက်က ရှုမြင်ခဲ့ကြပါတယ်။ အခုလည်း ဒီအမြင် ဟာ ပြောင်းလဲသွားပုံ မရှိပါဘူး။ စစ်ကောင်စီအနေနဲ့ စစ်ဘေးရှောင်စခန်းတွေဆီ ကူညီရေး ပစ္စည်းတွေ ပို့ဆောင် ပေး နေတဲ့ လူငယ်တွေ ၊ ဒုက္ခသည် တွေကို အကူအညီပေးနေတဲ့ ဆရာဝန်တွေကို ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေကိုလည်း လုပ်နေ ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေး ဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှု ၁၇၉ ခုအထိ ရှိခဲ့ပြီး ၁၃ ဦး အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၉ ရက်ကလည်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ကျန်းမာရေးနဲ့ ဆေးဝါး စောင့်ရှောက်မှုတွေ လုပ်နေတဲ့ နယ်စည်း မထားဆရာဝန်များအဖွဲ့ (MSF) ကို လုပ်ငန်းတွေရပ်ဆိုင်းဖို့ စစ်အာဏာပိုင်တွေက အမိန့်ပေးခဲ့ပါတယ်။ ဒါကို ကြည့်ရင်လည်းနိုင်ငံရေးနဲ့ နှီးနွှယ်ပြီး လုပ်ဆောင်လေ့မရှိဘဲ ဟန်နရီဒူးနန့်ရဲ့ အယူအဆ အပေါ်ကိုသာ အခြေခံ ဆောင်ရွက်ကြတဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေကိုပင်လျှင် စစ်ကောင်စီဘက်က တားမြစ် ပိတ်ပင်မှုတွေ လုပ်တာကို ထင်ရှားပါတယ်။ ဒီမတိုင်ခင် ဇွန် ၃ ရက်မှာတော့ ICRC အဖွဲ့ အကြီးအကဲ Peter Maurer နဲ့ အာဏာသိမ်း စစ်ကောင်စီတို့တွေ့ဆုံခဲ့ပြီး အကျဉ်းထောင်တွေကို ပြန်လည်သွားရောက်ခွင့်ပြုဖို့၊ ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေဆီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုမိုရရှိစေနိုင်ဖို့ ICRC က တောင်းဆိုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးအရ ဖိအားလည်းပေး၊ လူသားချင်းစာနာမှု အကူအညီပေးတဲ့ လမ်း‌ကြောင်း ပုံစံ က လည်း စဉ်းစားစရာပါ။ မြန်မာနိုင်ငံအတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ ဒီသဘော တရားအတိုင်း ချဉ်းကပ်ထားတယ်လို့ယူဆနိုင်ပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် အမှတ်လေးမှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေပေးရေးဆိုတာပါဝင်တယ်။ ဒီအချက်ကို တခုတည်းကွက် ဖြေရှင်းတာမျိုး မဟုတ်ဘဲ ကျန်နိုင်ငံရေးအဖြေရှာရေးအချက်တွေဖြစ်တဲ့အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ အာဆီယံအထူးကိုယ်စားလှယ်ခန့်ဖို့၊ အင်အားစုအသီးသီး အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ ဆိုတာတွေနဲ့ ချိတ်ဆက်ထားမှသာ ဖြစ်ပါလိမ့်မယ်။ အာဆီယံရဲ့ လမ်းစဉ်ဟာ အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံ ရေးအရတစုံတရာဖိအားပေးနိုင်သလို မြန်မာနိုင်ငံကို အကူအညီပေးနိုင်မယ့် ဖြေရှင်းချက်အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ဥရောပသမဂ္ဂလို အဖွဲ့အစည်းတွေရဲ့ ရှုမြင်ထားပုံကလည်း ဒီချိတ်ဆက် အကောင် အထည်ဖော်ရေး အယူအဆ အရေးပါတယ်ဆိုတာကို ထင်ရှားစေပါတယ်။ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု ဆိုင်ရာအကူအညီပေးရေး အစီအစဉ်တွေကအာဏာသိမ်းစစ်ကောင်စီအတွက် နိုင်ငံရေး ထွက်ပေါက်သဖွယ် အသုံးချနိုင်မယ့် အခင်းအကျင်း မဖြစ် သွားစေဖို့ ဂရုပြုသင့်တာအမှန်ပါပဲ။ လူသားချင်း စာနာမှုကိစ္စရပ်တွေကို နိုင်ငံရေးနဲ့ခွာပြီး ချဉ်းကပ်တာ (သို့မဟုတ်) ယှဉ်တွဲပြီး စဉ်းစားလေ့ ရှိတဲ့ပုံစံတွေကအကျိုးရလဒ် ကွဲပြားလေ့ရှိတာကြောင့် လက်ရှိ မြန်မာ့အရေးအတွက် အလေးထားသင့်တဲ့ အကြောင်းအချက် ဖြစ်ပါတယ်။ ∎ Further Readings  Barnett, M. (2005). Humanitarian transformed. Perspectives on Politics, 3(4), 723–740. Allen, T., & Schomerus, M. (2012). Complex emergencies and humanitarian responses. University of London. International Crisis Group. (2002). […]
12 Jun 2021

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား မဟာမိတ်ဖွဲ့ခြင်း၏ အရေးပါမှု

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၁) Download PDF Version စစ်အာဏာသိမ်းမှုနဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေဟာ အချိန်လေးလကျော် ရှိလာပါပြီ။ စစ်အာဏာသိမ်း ကောင်စီက လူထုအပေါ် အကြမ်းဖက် နှိမ်နှင်းမှုတွေ ပြင်းပြင်းထန်ထန် ရှိခဲ့သလို လူထုလှုပ်ရှားမှု ပုံစံကလည်း လက်နက်ကိုင် တော်လှန်ရေးဘက်ကိုဦးတည် ပြောင်းလဲလာတာ တွေ့ရပါတယ်။ နေရာဒေသအသီးသီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာပြီး ရရာ လက်နက်စွဲကိုင်တော်လှန်လာတဲ့ အခြေအနေတွေကိုလည်း တွေ့လာရပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်ရဲ့ရှေ့ပြေးအဖြစ် ပြည်သူ့ ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဖယ်ဒရယ် မဟာမိတ်တပ်ပေါင်းစု ပုံစံမျိုး ကနေတဆင့် ဖယ်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းသွားမယ်လို့ ပြောထားတာတွေလည်း ရှိပါတယ်။ ဒီအချိန်မှာ အာဏာသိမ်း စစ်ကောင်စီနဲ့အမျိုးသား ညီညွတ်ရေးအစိုးရ NUG တို့အကြား ပါဝါချိန်ခွင်လျှာ အပြောင်းအလဲက NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ EAOs တွေအကြား မဟာမိတ် ဖွဲ့နိုင်မှုအပေါ် အဓိက မူတည်လာပါတယ်။ ဒါကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေးနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းအကြား မဟာမိတ်ဖွဲ့မှုဟာ အလေးထားရမယ့် အကြောင်းအချက်တခုဖြစ်လာပါတယ်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ∎ ဆိုလိုရင်း အနှစ်ချုပ် တော်လှန်ရေးအဖွဲ့တွေ အရေအတွက် အများအပြား ပါဝင် တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ အခြေအနေမျိုးမှာတော်လှန်ရေး အုပ်စုတွေအကြား ဘာကြောင့် မဟာမိတ် ဖွဲ့ကြသလဲ၊ အဖွဲ့စည်းအသီးသီးဟာ သူတို့ရဲ့ ရှိရင်းစွဲ အခြေအနေတွေမှာအပြောင်းအလဲ အဖြစ်ခံ စွန့်စားပြီး မဟာမိတ်ဖွဲ့မှု အခြေနေသစ်၊ စိန်ခေါ်မှုအသစ်မျိုးကို ဘယ်လို အကြောင်းချက်တွေရဲ့ ဆွဲဆောင်မှုကြောင့် အရဲကိုးလက်ခံဖို ဆုံးဖြတ်ရသလဲ၊ ဒါ့အပြင် မဟာမိတ်ဖွဲ့တယ် ဆိုရင်ရော ဘယ်လိုပုံစံ စုဖွဲ့မှုမျိုးနဲ့ မဟာမိတ် ဖွဲ့ကြသလဲ ဆိုတဲ့ မေးခွန်းတွေကို သုတေသီတွေ၊ ပညာရှင်တွေက ရှာဖွေ လေ့လာကြပါတယ်။ သုတေသနတခုကတော့တော်လှန်ရေးတပ်ဖွဲ့တွေ အများအပြား ပါဝင်နေတဲ့ လက် နက်ကိုင် ပဋိပက္ခ အခြေအနေမျိုးမှာ တော်လှန်ရေး တပ်ဖွဲ့တွေအကြားမဟာမိတ်ဖွဲ့မှုကို စဉ်းစားတဲ့ အခါ လွှမ်းမိုးနေတဲ့ အဓိက အချက်ကြီး သုံးချက်ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချက်တွေကတော့ (၁) တော်လှန်ရေး အိုင်ဒီရော် လိုဂျီ (Revolutionary Ideology)၊ (၂) ပါဝါ (Power) နဲ့ (၃) ပြင်ပနိုင်ငံတခုခုရဲ့ကျောထောက် နောက်ခံပေးမှု(State Sponsorship) တို့ ဖြစ်ပါတယ် (Gade, Gabbay, Hafez, & Kelly, 2019)။ ပထမဆုံး အချက်ဖြစ်တဲ့ တော်လှန်ရေး အိုင်ဒီရော်လိုဂျီကို စဉ်းစားကြတဲ့အခါ ရန်-ငါ ခွဲပြီး ပဋိပက္ခကို ရှု့မြင်ပုံ (တနည်းအားဖြင့်) ဒီပဋိပက္ခမှာ ဘယ်သူက ကိုယ့်လူလဲ၊ ဘယ်သူက သူ့လူလဲ ကတ္တားခြား ရှုမြင်ပုံမျိုးက အခရာ ကျပါတယ်။ တခါ ပဋိပက္ခအလွန်မှာပေါ်ပေါက်လာမယ့် အခင်းအကျင်း အသစ်အောက်မှာ မျှော်လင့်ထားတဲ့ အနာဂတ် မျှော်ရည်ချက် စံပြု နိုင်ငံရေး စုဖွဲ့မှုမျိုး၊ ဒါ့အပြင် နယ်မြေခွဲဝေမှုနဲ့ ပတ်သတ်တဲ့ မျှော်မှန်းချက်များ စတာတွေအပေါ် အခြေခံတတ်ကြပါတယ်။ ဒုတိယ လွှမ်းမိုးနေတဲ့ အချက်ဖြစ်တဲ့ ပါဝါ (Power) စဉ်းစားချက်မှာတော့ အဓိကအားဖြင့် အင်အားအသုံးပြုနိုင်စွမ်း ဘယ်လောက်အထိ တူညီတယ်၊ဘယ်လောက်အထိ ကွာဟတယ် ဆိုတဲ့အပေါ် အခြေပြု စဉ်းစားတာမျိုး ဖြစ်ပါတယ်။ သဘောကတော့ တော်လှန်ရေး အဖွဲ့တွေအကြား အိုင်ဒီရော် လော်ဂျီတင်မက တပ်အင်အား ဘယ်လောက်ကြီးလဲ၊ လက်နက်ဘယ်လောက် ပေါသလဲ၊ စွမ်းရည်ဘယ်လောက် ထက်သလဲ၊ အရင်းအမြစ်ဘယ်လောက်ရှိသလဲ ဆိုတဲ့အချက်တွေကို ထည့်စဉ်းစားတဲ့ သဘောပါပဲ။ မဟာမိတ်ဖွဲ့တယ် ဆိုပြီး နူတ်ခမ်းပဲ့ခြင်း မီးမှုတ်နေတာမျိုး မဖြစ်ချင်ကြလို့ ပါဝါစဉ်းစားချက်ဟာ အရေးပါတာ ဖြစ်ပါတယ်။ တတိယ အချက်ဖြစ်တဲ့ ပြင်ပနိုင်ငံ တခုခုရဲ့ ကျောထောက် နောက်ခံပေးမှု မှာဆိုရင် တူညီတဲ့ တတိယ နိုင်ငံတခုခုက ကျောထောက် နောက်ခံပေးထားတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအချင်းချင်းအကြား မဟာမိတ်ဖွဲ့မှုဟာ ဖြစ်ဖို့ လွယ်ကူလေ့ရှိပြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံမတူညီရင်တော့ မဟာမိတ်ဖွဲ့မှု အတွက် အကန့်အသတ် ရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ ∎ ဘာကြောင့် အလေးထားသင့်သလဲ လက်နက်ကိုင် ပုန်ကန်မှုတွေ ဖြစ်နေတဲ့ အခြေအနေတွေမှာ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေ အကြားက မဟာမိတ်ဖွဲ့မှုတွေဟာ ကစားပွဲအပြောင်းအလဲ (Game-Changer) လို့ ညွှန်းကြတဲ့အထိ ဖြစ်စဉ်တခုလုံး အပြောင်းအလဲတွေကို ဖြစ်စေပါတယ်။ ဒါကြောင့်လည်း အင်အား ကြီးမားတဲ့ အုပ်စိုးသူတပ် (ဝါ) ပြိုင်ဖက်တပ် တွေအနေနဲ့ သူတို့ရဲ့ ဆန့်ကျင်ဘက် တော်လှန်ရေး တပ်ဖွဲ့တွေမဟာမိတ်ဖွဲ့ပြီး အင်အား ကြီးမားလာမှု မရှိအောင် နည်းမျိုးစုံနဲ့ ကြိုးစားလေ့ ရှိကြပါတယ်။ ဒါ့အပြင် မဟာမိတ်ဖွဲ့မှုနဲ့ ပတ်သက်ပြီးသုတေသီ Akcinaroglu က ၁၉၄၆ ခုနှစ်ကနေ ၂၀၀၈ ခုနစ်အတွင်း တကမ္ဘာလုံးမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေရဲ့ တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၃၄၅ ခုကို လေ့လာခဲ့ပါတယ်။ ဒီသုတေသနရဲ့ ရလဒ်အရတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်သုံးချက်အပေါ်အခြေခံပြီး တော် လှန်ရေး အဖွဲ့အစည်းပေါင်း ၁၈၁ ခု (စုစုပေါင်း ၅၂ ရာခိုင်နှုန်း) ဟာ အခက်အခဲတွေကြားထဲက မဟာမိတ် ဖွဲ့မှုတွေကို ပြုလုပ်ခဲ့ကြတယ်လို ဆိုပါတယ် (Akcinaroglu 2012)။ ဒါကြောင့် ဒီလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ အကြားကမဟာမိတ်ဖွဲ့မှု အယူအဆဟာ အင်မတန်မှ အရေးကြီးလှပြီး အလေးထားဖို့ လိုအပ်ပါတယ်။ ∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား ကမ္ဘာ့အကြာဆုံး ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ တော်လှန်ရေး တပ်ဖွဲ့တွေ အကြား မဟာမိတ်စုဖွဲ့မှုဟာ ကြန်အင် လက္ခဏာတရပ် ဖြစ်နေပါပြီ။ ဒါ့အပြင် စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက် ဖြစ်တဲ့ စစ်ရေး ပဋိပက္ခများလည်း ကျယ်ပြန့်လာတာမို့လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအကြား မဟာ မိတ်ဖွဲ့မှုတွေကို လေ့လာတာဟာ မြန်မာနိုင်ငံအတွက် ဆီ‌လျော်မှုရှိပါတယ်။ ရှေ့မှာ ဖော်ပြခဲ့တဲ့ သုတေသနအရ ပထမဆုံးအချက် ဖြစ်တဲ့ တော်လှန်ရေးအိုင်ဒီရော်လိုဂျီဟာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေအကြား မဟာမိတ်ဖွဲ့မှုအပေါ် အတော်လေး လွှမ်းမိုးမှု ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင် တော်လှန်ပုန်ကန်မှုတွေရဲ့ နောက်ဆုံး နိုင်ငံရေးရည်မှန်းချက်ဟာ ဖယ်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးလို့အကြမ်းဖျင်းယူဆနိုင်ပါတယ်။ ဒါပေမဲ့ ရခိုင့်တပ်တော်လို့ အချိန်အနည်းငယ် အတွင်းမှာ အင်အား တောင့်တင်းလာတဲ့ အဖွဲ့အစည်းကတော့ အနိမ့်ဆုံးအဆင့် ကွန်ဖက်ဒရေးရှင်းပုံစံမျိုး လိုချင်တယ်လို့ ပေါ်ပေါ်ထင်ထင် ပြောဆိုထားတာမျိုးလည်း ရှိပါတယ်။ ဒါ့အပြင် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ထိန်းချုပ်ထားတဲ့ ဝ ပြည်နယ်လို ဟာမျိုးဆိုရင် တရားဝင်ပြည်နယ်ဆိုတဲ့ အသိအမှတ်ပြုမှုမျိုး မပေးထားပေမဲ့ သာမန်ပြည်နယ် တခုထက် ပိုတဲ့ ပုံစံမျိုးအဖြစ် ရှိနေတာပါ။ ဒီလို မတူညီတဲ့မျှော်မှန်းချက်၊ အခွင့်အလမ်း ဖန်တီးနိုင်စွမ်းတွေကြောင့်လည်း တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ အခုဖြစ်နေတဲ့ စစ်အာဏာသိမ်းမှုကနေ ပေါ်ပေါက်လာတဲ့ ပဋိပက္ခအပေါ် ရှုမြင်ပုံ၊ ဒီပဋိပက္ခကနေ ဖြစ်လာနိုင်မယ့် နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းနဲ့အာဏာသိမ်း စစ်ကောင်စီက လုပ်နေတဲ့ စစ်ဆင်ရေးတွေကြောင့် ဖြစ်ပေါ်လာမယ့် နယ်မြေစိုးမိုးမှု၊ နယ်မြေလက်လွှတ် ဆုံးရှုံးရမှုကိစ္စတွေပေါ်မူတည်ပြီး ဘယ်သူတွေနဲ့ မဟာမိတ်ဖွဲ့ရမလဲ ဆိုတာကို စဉ်းစားနိုင်ခြေရှိတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒုတိယ အချက်ဖြစ်တဲ့ ပါဝါကတော့ အခုလို စစ်အာဏာသိမ်းထားတဲ့ နိုင်ငံရေးအခြေအနေမျိုးမှာ ပိုပြီး အရေးကြီးတဲ့ အချက်တခုဖြစ်ပါတယ်။ စစ်ရေးအင်အား မတူညီသော်လည်း နိုင်ငံရေးအရ ဆွေးနွေးပြီး စုဖွဲ့မှု လုပ်ထားတဲ့ NCA ဖြစ်စဉ်ထဲက PPST လိုအဖွဲ့မျိုးဟာ နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချဖို့အတွက် လိုအပ်တဲ့အချိန်မှာ ဖွဲ့ခဲ့တဲ့ စုဖွဲ့မှုမျိုး ဖြစ်ပါတယ်။ အဲ့ဒီအချိန်တွေတုန်းကလည်းအင်အားချင်း သိပ်မကွာတဲ့ အဖွဲ့တွေအကြားမှာ မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ဆိုပြီး စစ်ရေးမဟာမိတ် ဖွဲ့တာမျိုးတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးအင်အားကို ပိုအသားပေးတဲ့ အခုလို နိုင်ငံရေး အခြေအနေမျိုး ပြောင်းလဲသွားတဲ့ အခါမှာတော့ မဟာမိတ်စုဖွဲ့မှု စဉ်းစားချက်က “နိုင်ငံရေးလျို စစ်အင်အားပို” ဆိုတဲ့ တွက်ချက်မှုဘက်ကို ပိုကဲလာမလားဆိုတာ ဆင်ခြင်ကြည့်စရာပါ။ ဥပမာပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ PPST ရဲ့ အစည်းဝေး (၁၅/၂၀၂၁) အရဆိုရင် စုဖွဲ့မှုအသစ် ဖော်ဆောင်နိုင်ဖို့အတွက် ညီနောင် တိုင်းရင်းသား လက်နက်ကိုင်များအားလုံးနဲ့ပါ ချိတ်ဆက် မဟာမိတ်ဖွဲ့ဖို့ ထုတ်ဖော် ပြောဆိုလာတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ မဟာမိတ်ဖွဲ့မှုတွေမှာ ဒီဒုတိယအချက်ကလည်း အရေး ပါပါတယ်။ တတိယအချက်ဖြစ်တဲ့ ပြင်ပ နိုင်ငံတခုခုရဲ့ ကျောထောက် နောက်ခံရယူမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေက အတိအလင်း ငြင်းဆန်ကြပေမယ့် မကင်းရာ မကင်းကြောင်းတွေ ရှိနေကြတာကိုတော့အားလုံးလိုလို လက်ခံကြပါတယ်။ မြောက်ပိုင်း မဟာမိတ်လို စစ်ရေး မဟာမိတ်အဖွဲ့တွေနဲ့ FPNCC လို နိုင်ငံရေး မဟာမိတ်အဖွဲ့တွေအပေါ်မှာ တရုတ်နိုင်ငံရဲ့ သြဇာ အထိုက်အလျောက် လွှမ်းမိုးနေတာ ကိုလည်း တွေ့ရပါတယ်။ အဲ့ဒီအထဲ ပါဝင်တဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အများစုဟာ တရုတ် – မြန်မာ နယ်စပ်မှာ လှုပ်ရှားလေ့ ရှိကြပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား တချို့ဟာလည်းအဲ့ဒီအဖွဲ့အစည်းတွေနဲ့ ဆက်စပ်တဲ့ နယ်မြေတွေမှာ ရှိနေပါတယ်။ ဒါကြောင့် အဲ့ဒီတရုတ်-မြန်မာနယ်စပ်ဒေသတလျောက် လှုပ်ရှားနေတဲ့ လက်နက်ကိုင် တပ်တွေရဲ့ မဟာမိတ် စုဖွဲ့မှု စဉ်းစားချက်မှာ ပြင်ပနိုင်ငံရဲ့အခန်းကဏ္ဍကို ထည့်သွင်း တွက်ချက်ရတာဟာအချက် တချက်အဖြစ် ပါဝင်နေတာပါပဲ။ အလားတူပဲ ထိုင်း-မြန်မာ နယ်စပ်တလျောက် လှုပ်ရှားနေတဲ့ လက်နက်ကိုင် တော် လှန်ရေးတပ်တွေရဲ့ မဟာမိတ် စုဖွဲ့မှုမှာလည်း ဆိုင်ရာ ပြင်ပနိုင်ငံရဲ့ အခန်းကဏ္ဍဟာ အရေးပါတဲ့အချက် တချက် ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း အပြန်အလှန် အကျိုးစီးပွားတွေအရ ဒီမဟာမိတ် အဖွဲ့ဝင်တွေ ဟာ ဆက်စပ်မှုရှိတဲ့ ပြင်ပနိုင်ငံရဲ့ တိုက်ရိုက်(ဝါ) သွယ်၀ိုက် ထောက်ပံ့မှုမျိုးကို ရနေတာလို့ ဆိုရမှာပါ။ အချုပ်အားဖြင့် ဆိုရရင်တော့ ဖော်ပြခဲ့တဲ့ အချက် သုံးချက်စလုံးက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေအကြား မဟာမိတ်ဖွဲ့ဖို့ စဉ်းစားရာမှာ လွှမ်းမိုးမှုရှိတဲ့ အကြောင်းအချက်တွေ ဖြစ်ပါတယ်။ ဒီသုတေသနမှာ ထည့်သွင်းထားခြင်း မရှိတဲ့ အချက်တခုအဖြစ် လက်နက်ကိုင်တပ်တွေအနေနဲ့ စစ်စီးပွားရေး (war economy) ကြောင့် ရရှိတဲ့ အကျိုးစီးပွား ချိတ်ဆက်ယှက်ဖြာနေမှုလိုမျိုးတွေကလည်း လက်နက်ကိုင် တပ်တွေ အကြား မဟာမိတ်စုဖွဲ့မှု စဉ်းစားပုံကို သက်ရောက်စေနိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဖော်ပြပါ အကြောင်းအချက် သုံးချက်ကို လေ့လာထားခြင်းဟာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေးနဲ့တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းအကြား မဟာမိတ်ဖွဲ့မှု အကြောင်းတရားတွေအပေါ် သိမြင်နားလည်မှု ပိုတိုးစေပြီး တိုင်းပြည်မှာ အပြောင်းအလဲ ဖန်တီးလိုသူများအတွက် စဉ်းစားစရာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ∎ Further Readings  Akcinaroglu, S. (2012). Rebel interdependencies and civil war outcomes. Journal of Conflict Resolution, 56(5), 879-903. Gade, E. K., Gabbay, M., Hafez, M. […]