ISP Products

What Matters

15 Nov 2021

အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၉) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (နိုဝင်ဘာ ၁၂ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၁,၂၅၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ လွတ်လပ်သော အဖွဲ့အစည်းတရပ် ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) က နိုဝင်ဘာ ၁၂ ရက်အထိ ပြုစုထားတဲ့ မှတ်တမ်းတွေအရသေဆုံးသူ ၁,၁၉၀ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ Download as PDF ◉ သေဆုံးသူ အရေအတွက် ထုတ်ပြန်ချက်များ AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှု မရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆို ထားသလိုစစ်ကောင်စီဘက်ကလည်း သေဆုံးသူ အရေအတွက် ထုတ်ပြန် လာတာတွေ ရှိပါတယ်။ စစ်ကောင်စီရဲ့ အောက်တိုဘာ ၂၃ ရက်ထုတ်ပြန်ချက်အရ အောက်တိုဘာ ၂၁ ရက်အထိ သေဆုံးသူ စုစုပေါင်း ၁,၃၃၇ ဦး ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီ ၁,၃၇၇ဦးထဲမှာ အရပ်သား ၁,၁၅၅ ဦး၊ တပ်မတော်သား ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦး နဲ့ အစိုးရ ဝန်ထမ်း ၁၄ ဦး ပါဝင်ကြောင်း စစ်ကောင်စီက ဆိုထားပါတယ်။ တဖန် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာလထုတ် အစီရင်ခံစာအရ ဖေဖော်ဝါရီ ၁ ရက်မှစက်တင်ဘာ ၃၀ ရက်အထိ ဆန္ဒပြသူများဘက်မှ သေဆုံးသူ ၄၂၀ ဦး ရှိကြောင်း ဖော်ပြထားပါတယ်။ အဆိုပါ ၄၂၀ ဦးအနက် ဆန္ဒပြနေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ အကြမ်းဖက်နှိမ်နှင်းခံရမှုများကြောင့် သေဆုံးသူ ၁၉၂ ဦး၊ အခြားအကြောင်းအရာများ ကြောင့် သေဆုံးသူ ၂၂၈ ဦး ရှိကြောင်း ဆိုပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သူတို့ရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် တော့ မရှိပါဘူး။ တခါ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်တွေအရ ဇွန်ကနေ နိုဝင်ဘာ ၆ ရက် အထိ ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပဋိပက္ခ ဖြစ်စဉ်များအတွင်း ပြည်သူ ၉၀၈ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်က ၂,၉၄၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်သော အဖွဲ့အစည်းများရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ◉ သေဆုံးသူ ဆက်တိုးနေဆဲ AAPP ရဲ့ မှတ်တမ်းတွေကို အခြေခံပြီး အောက်တိုဘာ ၂၄ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ်(၅၅) နဲ့ နှိုင်းယှဉ်ကြည့်ရင်သေဆုံးသူ အရေအတွက်က ၁,၁၈၃ ဦးကနေ အခု ၁,၂၅၈ ဦးထက်မနည်း ဖြစ်လာတာကြောင့် တလတာကာလအတွင်း သေဆုံးသူ ၇၅ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၅) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ AAPP မှတ်တမ်းကို အခြေပြုထားတဲ့ သေဆုံးသူ အရေအတွက် ၁,၂၅၈ ဦးကို အသက် အုပ်စုအလိုက် ကြည့်တဲ့အခါ အသက် ၁၈နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင်၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသကစစ်ကိုင်းတိုင်း ဖြစ်ပြီး၊ ရန်ကုန်က ဒုတိယနေရာမှာ ရှိနေပါတယ်။ ◉ စစ်ကြောရေးအတွင်း သေဆုံးရသူ ၆၀ ဦးကျော်ရှိ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၂ ရက်အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးနောက် စစ်ကြောရေးအတွင်း သေဆုံးခဲ့ရသူ၆၀ ဦးထက်မနည်း ရှိပါတယ်။ ဒီလို သေဆုံးရသူတွေအနက် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး ၁၇ ဦး၊ မန္တလေးတိုင်းမှ ဒုတိယအများဆုံးဖြစ်ပြီး ၁၃ ဦး၊ ရန်ကုန်တိုင်းမှ ၁၀ ဦးအထိ ရှိနေပါတယ်။ အသက်အရွယ်အားဖြင့် လူငယ်၊ လူရွယ်အများအပြားသေဆုံးခဲ့ရပြီး ၃၆ ဦးအထိ ရှိခဲ့ပါတယ်။ ကျား၊မ အရေအတွက်အားဖြင့် အမျိုးသား ၅၈ ဦးထက်မနည်း သေဆုံးပြီး အမျိုးသမီး ၂ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။ ◉ ဦးခေါင်းပစ်ခတ်ခံရသူ ၁၂၃ ဦးကျော်ရှိ AAPP မှတ်တမ်းတွေကို အခြေခံထားတဲ့ သေဆုံးရသူ အရေအတွက်အထဲမှာ ဦးခေါင်းကို ပစ်ခတ်ခံရတာကြောင့် သေဆုံးရသူအရေအတွက်က ၁၂၃ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၉၈၁ ဦး၏ ၁၂ ရာခိုင်နှုန်း) အထိ ရှိပါတယ်။ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးခဲ့ရသူတွေ ထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေက ၅၂ ရာခိုင်နှုန်းအထိ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဦးခေါင်း ပစ်ခတ်ခံရသူ အများဆုံး ဒေသက စစ်ကိုင်းတိုင်း ဖြစ်ပြီး ၃၀ ဦးအထိ ရှိပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ အရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကိုကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
11 Nov 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၈) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ စီးပွားရေး ပြိုလဲမှု အန္တရာယ်ကိုရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကိုဗစ် ကပ်ဘေးကြောင့် နာလံမထူနိုင် ဖြစ်ခဲ့ရာကနေ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း လပိုင်းအတွင်းမှာပဲ စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်တာ၊ ရှိပြီးသား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ မရေမရာမှု တွေကြောင့်ကတိကဝတ် ပြုထားတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားတာ စတာတွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ခဲ့ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှု တွေကြောင့် မြန်မာနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်ကုန် (ဂျီဒီပီ) ကလည်း အခု ဘဏ္ဍာနှစ်မှာပဲ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ် လို့လည်း Oxford Economics က ခန့်မှန်းထားပါတယ်။ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ကိုဗစ် ကပ်ရောဂါကြောင့် ဖြစ်ပွားခဲ့တဲ့ စီးပွားရေး ဆုတ်ယုတ်မှုတွေရဲ့ပေါင်းစပ်မှုကြောင့် အခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကဏ္ဍအားလုံးမှာ ဖွံ့ဖြိုးမှု နှေးကွေးသွားမယ် လို့ စက်တင်ဘာ ဒုတိယပတ်မှာအာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)က ထုတ်ပြန်ခဲ့တဲ့ “ ဖွံ့ဖြိုးမှုညွှန်းကိန်းများ ကြိုတင်ခန့်မှန်းမှု” အစီရင်ခံစာမှာ ခန့်မှန်းပါတယ်။မြန်မာနိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းဟာ ကျန်တဲ့ အာဆီယံ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဆိုးဆိုးရွားရွားပဲ အနုတ်လက္ခဏာ ပြနေပါတယ်။ ဒါ့အပြင် အမေရိကန် ဒေါ်လာဈေး သိသိသာသာ မြင့်တက်ပြီး ငွေကြေး ဖောင်းပွမှုနှုန်းက ဆက်လက်မြင့်တက်နေမယ်လို့ADB အစီရင်ခံစာက သုံးသပ်ပါတယ်။ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ပထမနှစ်ဝက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၅၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နိုင်ငံရဲ့ အခြေအနေ မတည်ငြိမ်မှု တွေကြောင့် ၂၀၂၂ ခုနှစ်အတွက် အလားအလာကိုတောင် ADB က ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပါဘူး။ Download as PDF ∎ ဘာကြောင့်အရေးကြီးတာလဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတ ခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မရှိတဲ့၊ ဒေသခံ ပြည်သူလူထုရဲ့ ဘဝ တိုးတက်မှုတွေကိုထောက်ပံ့မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကြောင့်လည်း တိုင်းပြည်ဟာ ပိုမို ချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရ ပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ် ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်း မြင်သာမှုရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက် ကာလတူ ရင်းနှီး မြှုပ်နှံမှုတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ် တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေ၊ Oxford Economics နဲ့Economist Intelligence Unit က ထုတ်ပြန်တဲ့ စာတမ်းတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။
3 Nov 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-တရုတ် ကုန်သွယ်မှု အပါအဝင် ပြည်ပ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၇) မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အားကောင်းမောင်းသန် ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စရပ်တွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေကြောင့်စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့တာ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်တာတွေအပြင် စီးပွားရေး ပိတ်ဆို့ အရေးယူခံရတာနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ ပုံရိပ်ကျဆင်းတာတွေလည်း ဖြစ်လာခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေ အဘက်ဘက်မှာ ပြိုဆင်းခဲ့ပါတယ်။စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု တန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိခဲ့ရာကနေ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း၁,၇၀၀ ကျော်ပဲ ရှိခဲ့ပြီး ထက်ဝက်ကျော်ခန့် ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေပြုလုပ်တဲ့ ကုန်သွယ်မှုပမာဏကိုလည်း အာဏာမသိမ်းခင်ကာလနဲ့အာဏာသိမ်းပြီးကာလကို နှိုင်းယှဉ်ကြည့်ပါက သိသိ သာသာ ကျဆင်းနေတာတွေ့ရပါတယ်။ Download as PDF ဒါ့အပြင် ၂၀၂၁ ခုနှစ် သြဂုတ်အထိ ခြောက်လတာ ကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ ပြည်ပစီမံကိန်းတွေ ရပ်ဆိုင်းသွားသလို ပြည်တွင်းက အလုပ်သမား ၅၀၀,၀၀၀ လောက်ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားတဲ့ ပို့ကုန် အထည်ချုပ် လုပ်ငန်းတွေဟာလည်း နိုင်ငံတွင်းကနေ တဖြည်းဖြည်း ဆုတ်ခွာသွားကြပြီ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို မမှုဘဲ အိမ်နီးချင်း နိုင်ငံအချို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု (အထူးသဖြင့် တရုတ်နဲ့ ရုရှား) နဲ့တင်ဆက်လက်ရှင်သန် ရပ်တည် နိုင်တယ်လို့ ဆိုထားပါတယ်။ သမိုင်း အတွေ့အကြုံအရလည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကို အင်အားသုံး ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပေးခြင်း မရှိဘဲ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူ နှိပ်ကွပ်ခဲ့ခြင်းတွေ ရှိခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုတွေအပေါ် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမဲ့အိမ်နီးချင်း တရုတ်၊ ထိုင်းနဲ့ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုတွေကြောင့်နိုင်ငံတကာ ဖိအားတွေဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ နိုင်ငံတခု၊ အုပ်ချုပ်မှု အဖွဲ့အစည်းတရပ် ရပ်တည် ရှင်သန်နိုင်ဖို့ဆိုရင် ကုန်သွယ်မှု ကဏ္ဍကလည်း အရေးပါတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှု ဆိုင်ရာ အချက်အလက်တွေကို အလေးထားစောင့်ကြည့်ရမဲ့ ကိန်းဂဏန်းအချက်အလက်များအဖြစ် လစဉ် ထုတ်နုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ စစ်အာဏာ မသိမ်းခင် ကုန်သွယ်ရေး အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ဘယ်လို ပြောင်းလဲလာတယ်၊ ကုန်သွယ်ရေးမှာ ဘယ်နိုင်ငံတွေကို ပိုပြီး အားကိုးလာရတယ် ဆိုတာကို အထောက်အထားအားဖြင့် ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်သလို အာဏာသိမ်း စစ်ကောင်စီကို အဓိက ကျောထောက် နောက်ခံပြုပေးနိုင်တဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး အခြေအနေတွေကို အလေးပေးစောင့်ကြည့် တင်ပြသွားမှာ ဖြစ်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ မြန်မာ့ စီးပွားရေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ်အတွင်းမှာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးသန်းကျော်လောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေကို လာမဲ့ သုံးလကနေ ခြောက်လအတွင်း ကြုံတွေ့ရတော့မယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဧပြီက ခန့်မှန်းထားပါတယ်။ တခါ မြန်မာ့ လူဦးရေရဲ့ ထက်ဝက်ကျော်ခန့်ဟာလည်း လာမဲ့နှစ်ဆန်းပိုင်းမှာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်မှာကို ရင်ဆိုင်ရတော့မယ်လို့ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ပိုဆိုးတာက အခုအချိန်မှာ ကိုဗစ်-၁၉ တတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို နိုင်ငံတဝန်း ပြင်းပြင်းထန်ထန် ရင်ဆိုင် နေရတာကြောင့်စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေဟာ ခန့်မှန်းထားတာတွေထက် ပိုပြီး ဆိုးနိုင်ခြေ ရှိပါတယ်။ အာဏာသိမ်းမှုအပြီးမှာ ဖြစ်ပွားခဲ့တဲ့စီးပွားရေး အကျပ်အတည်းတွေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေက မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိမလဲ ဆိုတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်အရေးပါပါတယ်။ ဒါ့အပြင် စီးပွားရေး ကိန်းဂဏန်းတွေဟာ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ အကျိုးစီးပွား စဉ်းစားချက်တွေကို များစွာ ထင်ဟပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ပြည်ပနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးထဲထဲဝင်ဝင်နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ ပြည်တွင်း-ပြည်ပ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက်၊ ကာလတူကုန်သွယ်မှု တန်ဖိုးတွေကို ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ ဒါ့အပြင်အဲဒီက အချက်အလက်တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာပါတဲ့ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ် လေ့လာနိုင်ပါတယ်။
3 Nov 2021

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ

ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၆ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၆) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အခု အချိန်အထိလည်း ပုံသဏ္ဌာန် မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်းတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန် အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ တခါ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာပဲ တတိုင်းပြည်လုံးကို အရေးပေါ် အခြေအနေ ကြေညာပြီးအုံကြွခုခံစစ် စတင်ကြဖို့ တိုက်တွန်းခဲ့ တာကြောင့် နိုင်ငံအနှံ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပိုများ လာပြီး ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေလည်း အရင်ထက် ပိုမို ပေါ်ထွက်လာပါတယ်။ Download as PDF ● ၁,၃၅၂ ကြိမ် ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁,၃၅၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ် အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ KIA ၊ MNDAA တို့အကြား တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့အကြားမှာလည်းတိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ တဆက်တည်းမှာပဲ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာအာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး အောက်တိုဘာ ၂၆ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု အကြိမ် ၁၈၀ ထက်မနည်း ဖြစ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ခုခံတော်လှန်စစ် ကြေညာပြီးနောက်ပိုင်း စက်တင်ဘာ၈ ရက်မှ အောက်တိုဘာ ၂၆ရက်အတွင်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ၇၉ ကြိမ်ထက်မနည်း ရှိလာခဲ့ပါတယ်။ ● အရပ်သား ၁,၄၆၀ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ အရေအတွက်ဟာ(အောက်တိုဘာ ၂၆ ရက်အထိ) ၁,၄၆၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၁,၂၁၈ ဦးဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ဖမ်းဆီးခံရစဉ် ရခဲ့တဲ့ ဒဏ်ရာတွေ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ တိုက်ပွဲတွေနဲ့အပြန်အလှန် ပစ်ခတ်မှုတွေ ကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ အရေအတွက်က ၂၄၂ ဦး ထက်မနည်း ရှိခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) နဲ့ ISP-Myanmar က စုဆောင်းထားတဲ့မှတ်တမ်းတွေ ဖြစ်ပါတယ်။ အခြားတဖက်မှာလည်း အ မျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီတို့ကလည်း သေဆုံးမှုကိန်းဂဏန်းတွေ ထုတ်ပြန်ထားပါတယ်။ NUG ရဲ့ စာရင်းအရ လေးလတာကာလအတွင်း တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ် ၁,၈၆၂ ကြိမ်ရှိခဲ့ပြီး၊ အရပ်သား သေဆုံးမှုက ၅၉၅ ဦး ရှိပါတယ်။ စစ်ကောင်စီဘက်မှ သေဆုံးသူ ၂,၄၇၈ ဦး ရှိတယ်လို့လည်း NUG က ဆိုပါတယ်။ စစ်ကောင်စီက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာတော့ အောက်တိုဘာ ၂၁ ရက်အထိ သေဆုံးသူ ၁,၃၃၇ ဦးရှိတယ်လို့ ပြောပါတယ်။ ဒီ အထဲမှာမှ ၉၇၀ ဦးကို အမျိုးအစားခွဲတဲ့အခါ ဒလန်လို့ စွပ်စွဲခံရပြီး သေဆုံးသူ ၄၀၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်၊ မိသားစုတွေနဲ့ ပါတီထောက်ခံသူ ၂၅၃ ဦး၊ အစိုးရဝန်ထမ်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄၀ ဦး၊ မြို့နယ်အဆင့်နဲ့ ရပ်ကွက်ကျေးရွာ တာဝန်ရှိသူ၁၀၂ ဦးနဲ့ ဗုံးဖောက်ခွဲမှု တွေကြောင့် သေဆုံးသူ ၁၄၀ ဦးရှိတယ်လို့ ဆိုပါတယ်။ NUG နဲ့ စစ်ကောင်စီက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအတွက် လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ●နေအိမ် ၈၃၃ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရ ၂၀၂၁ ခုနှစ် ဇွန်မှ အောက်တိုဘာ ၂၉ အထိ ငါးလတာကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှု များအတွင်းအရပ်သားပြည်သူတွေရဲ့ နေအိမ်များ မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ အများစုက ချင်းပြည်နယ် နဲ့မကွေးတိုင်းမှ ဖြစ်ပြီး ချင်းပြည်နယ်မှာ ၄၂၇ လုံးထက်မနည်း၊ မကွေးတိုင်းမှာ ၃၂၈ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။မီးရှို့မှုတွေကို စစ်ကောင်စီဘက်မှ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဖော်ပြကြပေမဲ့ အိမ်ခြေ ၂၄၀ ကျော်အနက် ၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့တဲ့ ကင်းမရွာ ဖြစ်စဉ်နဲ့ အောက်တိုဘာ ၂၉ ရက် ထန်တလန်ဖြစ်စဉ်တို့ကို တော့ သူတို့ လုပ်တာမဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ထားပါတယ်။ ချင်းပြည်နယ်လွှတ်တော် ကိုယ်စားပြု ကော်မတီရဲ့ အောက်တိုဘာ ၃၀ ရက် ကြေညာချက်အရအောက်တိုဘာလအတွင်း ချင်းပြည်နယ် ထန်တလန်မြို့၊ ဖလမ်းမြို့နယ်နဲ့ မင်းတပ်မြို့နယ်အတွင်းက ကျေးရွာများမှ ဘုရားကျောင်း တလုံးနဲ့ အိမ်ခြေ ၄၀၇ လုံးထက်မနည်း မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၅ရက်က ဖော်ပြခဲ့တဲ့ အချက်အလက်တွေနဲ့ နှင့်နှိုင်းယှဉ်တဲ့အခါ (အလေးထားရမည့် အကြောင်းအချက်များ အမှတ်-၅၂ ကို ရှုပါ) မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၃၄၀ ထက်မနည်း တိုးလာခဲ့တာ ဖြစ်ပါတယ်။ ● စစ်ပြေးဒုက္ခသည် ၈,၀၀၀ ကျော် တိုးလာ တိုက်ပွဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အောက်တိုဘာလအတွင်း စစ်ပြေးဒုက္ခသည် ၈,၁၀၁ ဦးကျော် ထပ် တိုးလာပါတယ်။ အောက်တိုဘာလအတွင်း ချင်းပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေ ဖြတ်သန်းသွားလာမှုတွေ ရှိခဲ့ပြီး နေအိမ်မီးရှို့ဖျက်ဆီးခံရမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကြောင်း ဖြတ်သန်းရာ လမ်းတလျှောက်မှာရှိတဲ့ ဒေသခံ ပြည်သူအချို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ခြင်းတွေ ရှိပါတယ်။ ဥပမာအားဖြင့် စစ်ကြောင်းဖြတ်သန်းရာ ဟားခါး-ဖလမ်း လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာ‌ခုနစ်ရွာထက် မနည်းမှ ဒေသခံပြည်သူ ၄,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် ခဲ့ခြင်းတွေ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ကျေးရွာအချို့မှာလည်း စစ်ကောင်စီ တပ်စွဲထား မှုကြောင့် အနီးတဝိုက်မှ ဒေသခံပြည်သူ ၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်အတွင်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား တိုက်ပွဲတွေကြောင့် ဒေသခံ ၁,၁၀၀ ကျော်ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊မုံးကိုး မြို့နယ်အတွင်းမှာလည်း MNDAA အဖွဲ့နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေကြောင့် ဒေသခံ ၄၀၀ ကျော်ခန့်မှာ တရုတ်-မြန်မာနယ်စပ် အနီးက လယ်ကွင်းတွေမှာ တိမ်းရှောင်နေကြရပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အနီးအနားက ပြည်သူ ၅၀၀ ကျော်မှာလည်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၂) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
25 Oct 2021

အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၅) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (အောက်တိုဘာ၂၁ ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၁,၁၈၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ လွတ်လပ်သော အဖွဲ့အစည်းတရပ်ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) က အောက်တိုဘာ ၂၁ ရက်အထိ ပြုစုထားတဲ့ မှတ်တမ်းတွေအရ သေဆုံးသူ ၁,၁၁၅ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ Download as PDF ◉ သေဆုံးသူ အရေအတွက် ထုတ်ပြန်ချက်များ AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှု မရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆို ထားသလိုစစ်ကောင်စီဘက်ကလည်း သေဆုံးသူ အရေအတွက် ထုတ်ပြန် လာတာတွေ ရှိပါတယ်။ စစ်ကောင်စီရဲ့ အောက်တိုဘာ ၂၃ ရက်ထုတ်ပြန်ချက်အရ အောက်တိုဘာ ၂၁ ရက်အထိ သေဆုံးသူ စုစုပေါင်း ၁,၃၃၇ ဦး ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီ ၁,၃၇၇ဦးထဲမှာ အရပ်သား ၁,၁၅၅ ဦး၊ တပ်မတော်သား ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦး နဲ့ အစိုးရ ဝန်ထမ်း ၁၄ ဦး ပါဝင်ကြောင်း စစ်ကောင်စီက ဆိုထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သူတို့ရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့အဖွဲ့ အစည်းတွေရဲ့ သီးခြားအတည်ပြုချက်တော့ မရှိပါဘူး။ တခါ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်တွေမှာ ဇွန်ကနေ စက်တင်ဘာအထိ ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်များအတွင်း ပြည်သူ ၅၉၅ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်က ၂,၄၇၈ ဦး သေဆုံးတယ်လို့ ဆိုထားပါတယ်။ NUG ရဲ့အောက်တိုဘာ ၉ ရက် ထုတ်ပြန်ချက်မှာ (NUG ၏ ခုခံတွန်းလှန်စစ် ကြေညာပြီး) စက်တင်ဘာ ၇ ရက် နောက်ပိုင်း အရပ်သားတွေအပေါ် စစ်ကောင်စီဘက်က လုပ်ဆောင်တဲ့ အကြမ်းဖက်မှု အနည်းဆုံး ၁၅၃ ခု ဖြစ်ပွားခဲ့ပြီး ၁၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်သော အဖွဲ့အစည်းများရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ◉ သေဆုံးသူ ဆက်တိုးနေဆဲ AAPP ရဲ့ မှတ်တမ်းတွေကို အခြေခံပြီး စက်တင်ဘာ ၁၇ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ်(၄၈) နဲ့ နှိုင်းယှဉ်ကြည့်ရင်သေဆုံးသူ အရေအတွက်က ၁,၀၈၉ ဦးကနေ အခု ၁,၁၈၃ ဦးထက်မနည်း ဖြစ်လာတာကြောင့် တလတာကာလအတွင်း သေဆုံးသူ ၉၄ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ ဒီအတိုင်းပဲ စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့ စာရင်းတွေအရ သေဆုံးမှုတွေဟာ အရင်လက ၉၃၃ ဦး ရှိခဲ့ရာကနေ အခု ၁၃၃၇ ဦးအထိ ဖြစ်လာတာကြောင့် တလအတွင်း ၄၀၀ ကျော် တိုးလာပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၈) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ AAPP မှတ်တမ်းကို အခြေပြုထားတဲ့ သေဆုံးသူ အရေအတွက် ၁,၁၈၃ ဦးကို အသက် အုပ်စုအလိုက် ကြည့်တဲ့အခါ အသက် ၁၈နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင်၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသကစစ်ကိုင်းတိုင်း ဖြစ်ပြီး၊ ရန်ကုန်က ဒုတိယနေရာမှာ ရှိနေပါတယ်။ ◉ စစ်ကြောရေးအတွင်း သေဆုံးရသူ ၄၈ ဦးကျော်ရှိ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးနောက် စစ်ကြောရေးအတွင်း သေဆုံးခဲ့ရသူ ၄၈ ဦးထက်မနည်း ရှိပါတယ်။ ဒီလို သေဆုံးရသူတွေအနက် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး ၁၅ ဦး၊ မန္တလေးတိုင်းမှ ဒုတိယအများဆုံးဖြစ်ပြီး ၁၂ ဦး၊ ရန်ကုန်တိုင်းမှ ၇ ဦးအထိ ရှိနေပါတယ်။ အသက်အရွယ်အားဖြင့် လူငယ်၊ လူရွယ်အများအပြား သေဆုံးခဲ့ရပြီး ၂၈ ဦးအထိ ရှိခဲ့ပါတယ်။ ကျား၊မ အရေအတွက်အားဖြင့် အမျိုးသား ၄၆ ဦးထက်မနည်း သေဆုံးပြီး အမျိုးသမီး ၂ ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။ ◉ ဦးခေါင်းပစ်ခတ်ခံရသူ ၁၂၇ ဦးကျော်ရှိ AAPP မှတ်တမ်းတွေကို အခြေခံထားတဲ့ သေဆုံးရသူ အရေအတွက်အထဲမှာ ဦးခေါင်းကို ပစ်ခတ်ခံရတာကြောင့် သေဆုံးရသူအရေအတွက်က ၁၂၇ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၉၀၄ ဦး၏ ၁၄ ရာခိုင်နှုန်း) အထိ ရှိပါတယ်။ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးခဲ့ရသူတွေ ထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေက ၅၀ ဒဿမ ၄ရာခိုင်နှုန်း အထိ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဦးခေါင်း ပစ်ခတ်ခံရသူ အများဆုံး ဒေသက စစ်ကိုင်းတိုင်း ဖြစ်ပြီး ၃၀ ဦးအထိ ရှိပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ အရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကိုကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
10 Oct 2021

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၄) စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အောက်တိုဘာ ၇ ရက်နေ့အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၈,၇၉၀ ဦးရှိခဲ့ပြီး ယခုအချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၇,၁၁၉ ဦးရှိပါသည်။ ဖမ်းဆီး ခံထားရသူအများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သား ပြည်သူတွေနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေသာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ ဖမ်းဆီးထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကို လေ့လာကြည့်ရင် ပုဒ်မ ၅၀၅-က ကို အများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့က ဖော်ပြခဲ့သော ကိန်းဂဏန်းများ (အလေးထားရမည့်အကြောင်း အချက်များ အမှတ်-၅၀ ကို ရှုပါ) နှင့် နှိုင်းယှဉ်ပါက ဖမ်းဆီးချုပ်နှောင်ခံရသူ ၄၃၉ ဦး တိုးလာပါတယ်။ Download as PDF ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၀) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
7 Oct 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု အခြေအနေ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၃) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ စီးပွားရေး ပြိုလဲမှု အန္တရာယ်ကိုရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကိုဗစ် ကပ်ဘေးကြောင့် နာလံမထူနိုင် ဖြစ်ခဲ့ရာကနေ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း လပိုင်းအတွင်းမှာပဲ စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်တာ၊ ရှိပြီးသား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ မရေမရာမှု တွေကြောင့်ကတိကဝတ် ပြုထားတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ နောက်ဆုတ်သွားတာ စတာတွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ခဲ့ပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှု တွေကြောင့် မြန်မာနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်ကုန် (ဂျီဒီပီ) ကလည်း အခု ဘဏ္ဍာနှစ်မှာပဲ ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တယ် လို့လည်း Oxford Economics က ခန့်မှန်းထားပါတယ်။ Download as PDF အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ကိုဗစ် ကပ်ရောဂါကြောင့် ဖြစ်ပွားခဲ့တဲ့ စီးပွားရေး ဆုတ်ယုတ်မှုတွေရဲ့ပေါင်းစပ်မှုကြောင့် အခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ကဏ္ဍအားလုံးမှာ ဖွံ့ဖြိုးမှု နှေးကွေးသွားမယ် လို့ စက်တင်ဘာ ဒုတိယပတ်မှာအာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)က ထုတ်ပြန်ခဲ့တဲ့ “ ဖွံ့ဖြိုးမှုညွှန်းကိန်းများ ကြိုတင်ခန့်မှန်းမှု” အစီရင်ခံစာမှာ ခန့်မှန်းပါတယ်။မြန်မာနိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းဟာ ကျန်တဲ့ အာဆီယံ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဆိုးဆိုးရွားရွားပဲ အနုတ်လက္ခဏာ ပြနေပါတယ်။ ဒါ့အပြင် အမေရိကန် ဒေါ်လာဈေး သိသိသာသာ မြင့်တက်ပြီး ငွေကြေး ဖောင်းပွမှုနှုန်းက ဆက်လက်မြင့်တက်နေမယ်လို့ADB အစီရင်ခံစာက သုံးသပ်ပါတယ်။ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ရဲ့ ပထမနှစ်ဝက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၅၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး နိုင်ငံရဲ့ အခြေအနေ မတည်ငြိမ်မှု တွေကြောင့် ၂၀၂၂ ခုနှစ်အတွက် အလားအလာကိုတောင် ADB က ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပါဘူး။ ∎ ဘာကြောင့်အရေးကြီးတာလဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတ ခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစား လိုက်နာမှု မရှိတဲ့၊ ဒေသခံ ပြည်သူလူထုရဲ့ ဘဝ တိုးတက်မှုတွေကိုထောက်ပံ့မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကြောင့်လည်း တိုင်းပြည်ဟာ ပိုမို ချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရ ပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ် ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်း မြင်သာမှုရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက် ကာလတူ ရင်းနှီး မြှုပ်နှံမှုတွေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ် တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေ၊ Oxford Economics နဲ့Economist Intelligence Unit က ထုတ်ပြန်တဲ့ စာတမ်းတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။
6 Oct 2021

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုနှင့် စစ်ပြေးဒုက္ခသည်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၂) ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ (၂၀၂၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန် အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ တခါ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာပဲ တတိုင်းပြည်လုံးကို အရေးပေါ်အခြေအနေ ကြေညာပြီး အုံကြွခုခံစစ် စတင်ကြဖို့ တိုက်တွန်းခဲ့ တာကြောင့် နိုင်ငံအနှံ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပိုများလာပြီးဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေလည်း အရင်ထက် ပိုမို ပေါ်ထွက်လာပါတယ်။ Download as PDF ● ၁,၁၅၄ ကြိမ် ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁,၁၅၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ် အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ KIA ၊ MNDAA တို့အကြား တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့အကြားမှာလည်းတိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ တဆက်တည်းမှာပဲ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီးစက်တင်ဘာ ၃၀ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၁၅၇ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ခုခံတော်လှန်စစ် ကြေညာပြီးနောက်ပိုင်း စက်တင်ဘာ၈ ရက်မှ ၃၀ ရက်အတွင်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ၅၁ ကြိမ်ထက်မနည်း ရှိလာခဲ့ပြီး ခြောက်လတာကာအတွင်း အများဆုံး ဖြစ်ခဲ့ တာပါ။ ● အရပ်သား ၁,၃၅၄ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ အရေအတွက်ဟာ(စက်တင်ဘာ ၃၀ ရက်အထိ) ၁,၃၅၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၁,၁၄၆ ဦးဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ဖမ်းဆီးခံရစဉ် ရခဲ့တဲ့ ဒဏ်ရာတွေ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ တိုက်ပွဲတွေနဲ့အပြန်အလှန် ပစ်ခတ်မှုတွေ ကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ အရေအတွက်က ၂၀၈ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ● နေအိမ် ၄၁၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရ ၂၀၂၁ ခုနှစ် ဇွန်မှ စက်တင်ဘာ လေးလတာကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှု များအတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ်များ မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ အများစုက မကွေးတိုင်းမှာရှိတဲ့ ကျေးရွာတွေဖြစ်ပြီး နေအိမ် စုစုပေါင်း ၃၂၁ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ မီးရှို့မှုတွေကို စစ်ကောင်စီဘက်မှ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ ဒါပေမဲ့ အိမ်ခြေ ၂၄၀ ကျော်အနက် ၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့တဲ့ ကင်းမရွာ ဖြစ်စဉ်ကိုတော့ သူတို့ လုပ်တာမဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ထားပါတယ်။ ● စစ်ပြေးဒုက္ခသည် ၃၀,၄၀၀ ကျော် တိုးလာ တိုက်ပွဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် စက်တင်ဘာလအတွင်း စစ်ပြေးဒုက္ခသည် ၃၀,၄၀၀ ကျော် ထပ်မံ တိုးလာပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့နဲ့ ဟားခါးမြို့တွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် နေအိမ်အချို့မီးလောင်ကျွမ်းခဲ့ပြီး အဲဒီမြို့နှစ်ခုက ဒေသခံ ၂၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတယ်။ မကွေးတိုင်းအတွင်းမှကျေးရွာအချို့မှာလည်း စစ်ကောင်စီရဲ့ ဝင်ရောက်စီးနင်းခြင်း၊ မီးရှို့ဖျက်ဆီးခံရခြင်းတွေ ကြုံတွေခဲ့ရပြီး ဒေသခံပြည်သူ ၈,၀၀၀နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စက်တင်ဘာ ၁၄ ရက်နေ့က မိုင်းကိုင်မြို့နယ်အတွင်းရှိတဲ့ ဒေသခံပြည်သူ ၂,၃၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၇) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/ISPMyanmarpage/posts/2648749025429313 ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
29 Sep 2021

ပြည်တွင်းစစ် တာရှည်နိုင်သော အချက်သုံးရပ်

အလေးထားရမည့်အကြောင်းအချက်များ အမှတ် – (၅၁) ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုက ခုနှစ်လကျော် ကြာလာတဲ့အခါ မြန်မာ့နိုင်ငံရေး မြင်ကွင်းတွေမှာ နေရာအနှံ့လက်နက်ကိုင်တော်လှန်မှုတွေ၊ အပြန်အလှန် အကြမ်းဖက် တုန့်ပြန်မှုတွေနဲ့ စစ်ရေး တင်းမာမှုတွေ ပြည့်နှက်လာပါတယ်။ တချိန်တည်းမှာပဲ မြန်မာ့အနာဂတ်က ကျရှုံးနိုင်ငံ (Failed State) ဖြစ်တော့မလား၊ ဒါမှမဟုတ် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဖယ်ကျဉ်ခံနိုင်ငံ (Pariah State) ဖြစ်လာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ကြီးစိုးလာပါတယ်။ ဒီနိုင်ငံရဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ မလွယ်သေးပေမဲ့ ပဋိပက္ခဒဏ်ကိုတော့ အရပ်သားပြည်သူတွေ ခါးစည်းခံနေရပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်ကို အပြုတ်တိုက်အပြတ်ရှင်းနည်းနဲ့ ရန်ငါစည်းခြား တော်လှန်းခြင်းက လူအများလက်ခံကြတဲ့ လမ်းစဉ်တခု ဖြစ်လာပါတယ်။ အခု ဖြစ်နေတဲ့ အဆိုးကျော့ သံသရာ ဘယ်အချိန်မှာ ပြီးမလဲဆိုတာ ခန့်မှန်းရခက်ပေမဲ့ ဘာကြောင့် ရှည်ကြာစေသလဲဆိုတဲ့အပေါ် နိုင်ငံတကာဖြစ်စဉ်တွေကို အခြေခံပြီး ပြောဆိုဆွေးနွေးကြတာမျိုး ရှိကြပါတယ်။ အဲဒီ ဆွေးနွေးမှုတွေဟာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကနေခဏခွာပြီး တစုံလုံး ခြုံငြုံကြည့်တဲ့ ပုံစံမျိုး ဖြစ်တာကြောင့် ဒီလို အချိန်မှာ လေ့လာသင့်တဲ့ အကြောင်းအရာ တခု ဖြစ်ပါတယ်။ Download as PDF ∎ ဆိုလိုရင်းအနှစ်ချုပ် နိုင်ငံအတွင်းထဲ တငွေ့ငွေ့နဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေဟာ နိုင်ငံတခုနဲ့တခု ဖြစ်ကြတဲ့ စစ်ပွဲတွေ၊ ပဋိ ပက္ခတွေလောက်အဖြေရဖို့ ပိုမလွယ်ဘူးလို့ နိုင်ငံတကာ သုတေသီတွေက ဆိုပါတယ် (Mason & Fett, 1996)။ ဒါ့အပြင် ပြည်တွင်းစစ်တွေဟာ နိုင်ငံတခုနဲ့တခု ဖြစ်ကြတဲ့ စစ်ပွဲတွေနဲ့ သဘော သဘာ၀မတူဘဲ အချိန်ကာလ ပိုကြာစေတဲ့ တွန်းအားတွေနဲ့ အရင်းခံအကြောင်းတရားတွေလည်း ရှိပါတယ်။ ပြည်တွင်းစစ် တာရှည်စေနိုင်တဲ့ အကြောင်းအချက်များစွာထဲက သုတေသီ Elshelmani (2015) ဆွေးနွေးထားတဲ့ အဓိက ကျတဲ့ အချက် သုံးချက်ကို ကောက်နုတ်ပါမယ်။ အဲ့ဒီအချက်တွေက (၁) ပြည်တွင်းစစ်မှာ ပါဝင်တဲ့ ဘက်အသီးသီးအကြား အပေးအယူလုပ်နိုင်တဲ့ ဘောင်အကန့်အသတ်ရှိခြင်း၊ (၂) ပဋိပက္ခထဲမှာ ပါဝင်နေတဲ့ အဖွဲ့ အစည်းတိုင်းရဲ့အတွင်းပိုင်းမှာ သဘောထားတင်းမာသူ နဲ့ ပျော့ပြောင်းသူ စသဖြင့် အားပြိုင်မှု ရှိတတ်ခြင်း (၃) ဆက်တိုက် ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေထဲမှာ စစ်စီးပွားရေးစတဲ့ အကျိုးစီးပွားတွေ အမြစ်တွယ် လာခြင်းတို့ ဖြစ်ပါတယ် (Elshelmani, 2015)။ စစ်ပွဲတွေဟာ နည်းအမျိုးမျိုးနဲ့ အဆုံးသတ်ကြပါတယ်။ ဘယ်လိုပုံစံနဲ့ အဆုံးသတ်ကြတာပဲ ဖြစ်ဖြစ် တဖက်နဲ့ တဖက် နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ပြောဆိုဆွေးနွေး ညှိနှိုင်းခြင်းကို အဆင့်တခုအဖြစ် ကျော်ဖြတ်ရမြဲဖြစ်ပါတယ်။ ဒီအခါမှာ ဘက်အသီးသီးအကြား အပေးအယူ၊ အညှိအနှိုင်း လုပ်ရတာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ပြဿနာတွေမှ တဖက်နဲ့တဖက် အပေးအယူ လုပ်နိုင်တဲ့ ဘောင်က အကန့်အသတ် ရှိပါတယ်။ ဒီနေရာမှာလည်း တော်လှန်သူတွေဘက်က ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေက လူမှု့အဖွဲ့အစည်းတစုံလုံးကို အပြောင်းအလဲလုပ်ချင်တဲ့အထိ ကြီးမားရင်အပေးအယူ လုပ်ဖို့ဆိုတာ အထူးခက်ခဲပါတယ်။ အုပ်စိုးသူ အာဏာရှိသူတွေကလည်း ဒီလိုမျိုး ရည်မှန်ချက်မြင့်မားတဲ့တော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရေးဘောင်ကနေ ထုတ်ပြီး စစ်ရေးအရ ပြင်း ပြင်းထန်ထန် ဖြေရှင်းဖို့ တံဆိပ်အမျိုးမျိုးကပ်ပြီး တုန့်ပြန်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါကြောင့် နှစ်ဖက်စလုံး အစွန်းကိုယ်စီရောက်သွားပြီးပြည်တွင်းစစ်ဟာ ပိုပြီးရှည်ကြာသွားပါတယ်။ ဒုတိယတချက်က ငြိမ်းချမ်းရေး သဘောတူညီမှုတွေရဖို့၊ နိုင်ငံရေးအရ ညှိနှိုင်းတဲ့ စားပွဲဝိုင်းပေါ် ရောက်ဖို့ အတွက် အင်အားကြီးမားပြီး၊ ကိုယ်စားပြုမှု အပြည့်အ၀ ရှိတဲ့ ခေါင်းဆောင်မှုက ပါဝင်ဖက်တိုင်းမှာ လိုအပ်ပါတယ်။ ဒီလိုအပ်ချက်မှာလည်းပြည်တွင်းစစ် အခြေအနေမှာ အခက်အခဲတွေ အများကြီး ရှိတတ်ပါတယ်။ အထူးသဖြင့် အဖွဲ့အစည်းအတွင်း သဘောထားတင်းမာသူတွေနဲ့ သဘာထား ပျော့ပျောင်းတဲ့ အုပ်စုတွေအကြား အားပြိုင်မှုတွေ၊ ကိုယ်စားပြုမှု မသေချာတာမျိုးတွေကိုပြည်တွင်းစစ် အခြေအနေတွေမှာ အများဆုံး မြင်ရလေ့ရှိပါတယ်။ တခါတလေမှာ စားပွဲဝိုင်းပေါ် ရောက်နေတဲ့ ခေါင်းဆောင်တွေက အောက်ခြေမှာ ဖြစ်နေတဲ့ စစ်ရေးတင်းမာမှုတွေကို မထိန်းချုပ်နိုင်တာ မျိုးတွေတောင် ရှိတတ်ပါတယ်။ ဒါတွေ ကြောင့်လည်းပြည်တွင်းစစ်တွေဟာ အဖြေရှာဖို့ ပိုပြီး ကြန့်ကြာတတ်ပါတယ်။ နောက်ဆုံး အချက်ကတော့ နိုင်ငံရေး ဘောဂဗေဒ ရှုထောင့်ကနေ ချဉ်းကပ်ပြီး သုတေသီတွေ ထောက်ပြတဲ့ အကျိုးစီးပွားပြဿနာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်တွေမှာ သဘာ၀အရင်းအမြစ် ပေါကြွယ်တဲ့ ဒေသတွေကို ဘက်တခုခုက ထိန်းချုပ်ထားနိုင်ပြီး စီးပွားရေးအရ အကျိုးအမြတ် ရရှိတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အဲဒီဒေသတွေဟာ ပဋိပက္ခဖြစ်စဉ်ဝဲဩဃထဲမှာ တဝဲလည်လည် ဖြစ်နေတတ်ပြီး ရုန်းထွက်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ တရားမဝင် ကုန်သွယ်မှုနဲ့ ငွေကြေးကိစ္စတွေ၊မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွေ၊ လူကုန်ကူးမှု ပြဿနာတွေ အစရှိတဲ့ ကိစ္စများမြောင်ဟာလည်း ကျွဲကူးရေပါသဘောဖြစ်လာတတ်ပါတယ်။ ဒီလို အခြေအနေမှာ အသစ်၊အသစ်သော ဇာတ်ကောင်များကိုလည်း မွေးဖွားစေနိုင်တဲ့အပြင်လူ့အဖွဲ့အစည်းကိုလည်း အဆိုးကျော့ စက်ဝန်းဆီကို ဦးတည်စေပါတယ်။ ဒါကြောင့်လည်း ဒီအချက်ဟာ ပြည်တွင်းစစ်ကိုရှည်ကြာစေနိုင်တဲ့ အချက်တွေထဲမှာ တချက်အဖြစ် ပါဝင်နေပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ပြည်တွင်းစစ်တွေဟာ နှစ်ကာလရှည်ကြာလာတာနဲ့အမျှ ပျက်စီးဆုံးရှုံးမှုတွေ၊ သေကြေမှုတွေဟာ တရိပ်ရိပ်နဲ့ တိုးလာနေမှာဖြစ်ပါတယ်။ အဲ့ဒီ လူ့အဖွဲ့အစည်းအနေနဲ့လည်း ငြိမ်းချမ်းရေးယဉ်ကျေးမှုကို မွေးဖွားနိုင်မှာ မဟုတ်ဘဲ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေကိုသာ တိုးပွားစေမှာ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်မှု သံသရာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေက အဲဒီ နိုင်ငံတခုတည်းရဲ့ ပြဿနာမျိုး မဟုတ်ဘဲ ဒေသတွင်း နိုင်ငံတွေ အတွက်ပါ ၀န်ထုပ်၀န်ပိုး ဖြစ်စေတတ်ပါတယ်။ ဒါကြောင့်လည်း ဘယ်အချက်တွေက ပြည်တွင်းစစ်ကို တာရှည်စေ သလဲဆိုတာကို […]
24 Sep 2021

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၅၀) စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် စက်တင်ဘာ ၂၂ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၈,၃၅၁ ဦးရှိခဲ့ပြီး ယခုအချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၆,၆၉၈ ဦးရှိပါသည်။ ဖမ်းဆီး ခံထားရသူအများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သား ပြည်သူတွေနဲ့ ကျောင်းသားတွေဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေသာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ လက်ရှိ အချိန်ထိဖမ်းဆီးချုပ်နှောင်ခံရသူတွေထဲမှာ ဆရာဝန် ၄၈ ဦးပါဝင်နေပြီး ကိုဗစ်ကာလ ဆေးကုသမှု လှည့်လည် ပြုလုပ်ပေးနေတဲ့ ပရဟိတဆရာဝန်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။ ဖမ်းဆီးထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကိုလေ့လာ ကြည့်ရင် ပုဒ်မ ၅၀၅ (က) ကို အများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ စက်တင်ဘာ ၇ ရက်နေ့က ဖော်ပြခဲ့သောကိန်းဂဏန်းများ (အလေးထားရမည့်အကြောင်းအချက်များ အမှတ်-၄၆ ကိုရှုပါ) နှင့်နှိုင်းယှဉ်ပါက ဖမ်းဆီးချုပ်နှောင်ခံရသူ ၄၇၅ဦး တိုးလာပါသည်။ Download as PDF ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၆) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
21 Sep 2021

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-တရုတ် ကုန်သွယ်မှု အပါအဝင် ပြည်ပ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၉) မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အားကောင်းမောင်းသန် ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စရပ်တွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေကြောင့်စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့တာ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်တာတွေအပြင် စီးပွားရေး ပိတ်ဆို့ အရေးယူခံရတာနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ ပုံရိပ်ကျဆင်းတာတွေလည်း ဖြစ်လာခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေ အဘက်ဘက်မှာ ပြိုဆင်းခဲ့ပါတယ်။စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု တန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိခဲ့ရာကနေ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း၁,၇၀၀ ကျော်ပဲ ရှိခဲ့ပြီး ထက်ဝက်ကျော်ခန့် ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေပြုလုပ်တဲ့ ကုန်သွယ်မှုပမာဏကိုလည်း အာဏာမသိမ်းခင်ကာလနဲ့အာဏာသိမ်းပြီးကာလကို နှိုင်းယှဉ်ကြည့်ပါက သိသိ သာသာ ကျဆင်းနေတာတွေ့ရပါတယ်။ Download as PDF ဒါ့အပြင် ၂၀၂၁ ခုနှစ် သြဂုတ်အထိ ခြောက်လတာ ကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ ပြည်ပစီမံကိန်းတွေ ရပ်ဆိုင်းသွားသလို ပြည်တွင်းက အလုပ်သမား ၅၀၀,၀၀၀ လောက်ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထားတဲ့ ပို့ကုန် အထည်ချုပ် လုပ်ငန်းတွေဟာလည်း နိုင်ငံတွင်းကနေ တဖြည်းဖြည်း ဆုတ်ခွာသွားကြပြီ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို မမှုဘဲ အိမ်နီးချင်း နိုင်ငံအချို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု (အထူးသဖြင့် တရုတ်နဲ့ ရုရှား) နဲ့တင်ဆက်လက်ရှင်သန် ရပ်တည် နိုင်တယ်လို့ ဆိုထားပါတယ်။ သမိုင်း အတွေ့အကြုံအရလည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကို အင်အားသုံး ဖြိုခွင်းပြီး အာဏာသိမ်းခဲ့တဲ့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပေးခြင်း မရှိဘဲ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူ နှိပ်ကွပ်ခဲ့ခြင်းတွေ ရှိခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုတွေအပေါ် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမဲ့အိမ်နီးချင်း တရုတ်၊ ထိုင်းနဲ့ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေရဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုတွေကြောင့်နိုင်ငံတကာ ဖိအားတွေဟာ ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ နိုင်ငံတခု၊ အုပ်ချုပ်မှု အဖွဲ့အစည်းတရပ် ရပ်တည် ရှင်သန်နိုင်ဖို့ဆိုရင် ကုန်သွယ်မှု ကဏ္ဍကလည်း အရေးပါတဲ့ ကိစ္စရပ်တခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှု ဆိုင်ရာ အချက်အလက်တွေကို အလေးထားစောင့်ကြည့်ရမဲ့ ကိန်းဂဏန်းအချက်အလက်များအဖြစ် လစဉ် ထုတ်နုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ စစ်အာဏာ မသိမ်းခင် ကုန်သွယ်ရေး အခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်ပြီး ဘယ်လို ပြောင်းလဲလာတယ်၊ ကုန်သွယ်ရေးမှာ ဘယ်နိုင်ငံတွေကို ပိုပြီး အားကိုးလာရတယ် ဆိုတာကို အထောက်အထားအားဖြင့် ပေါ်လွင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်သလို အာဏာသိမ်း စစ်ကောင်စီကို အဓိက ကျောထောက် နောက်ခံပြုပေးနိုင်တဲ့ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး အခြေအနေတွေကို အလေးပေးစောင့်ကြည့် တင်ပြသွားမှာ ဖြစ်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ မြန်မာ့ စီးပွားရေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း အခုနှစ်အတွင်းမှာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးသန်းကျော်လောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေကို လာမဲ့ သုံးလကနေ ခြောက်လအတွင်း ကြုံတွေ့ရတော့မယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဧပြီက ခန့်မှန်းထားပါတယ်။ တခါ မြန်မာ့ လူဦးရေရဲ့ ထက်ဝက်ကျော်ခန့်ဟာလည်း လာမဲ့နှစ်ဆန်းပိုင်းမှာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်မှာကို ရင်ဆိုင်ရတော့မယ်လို့ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ပိုဆိုးတာက အခုအချိန်မှာ ကိုဗစ်-၁၉ တတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို နိုင်ငံတဝန်း ပြင်းပြင်းထန်ထန် ရင်ဆိုင် နေရတာကြောင့်စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေဟာ ခန့်မှန်းထားတာတွေထက် ပိုပြီး ဆိုးနိုင်ခြေ ရှိပါတယ်။ အာဏာသိမ်းမှုအပြီးမှာ ဖြစ်ပွားခဲ့တဲ့စီးပွားရေး အကျပ်အတည်းတွေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေက မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိမလဲ ဆိုတာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်အရေးပါပါတယ်။ ဒါ့အပြင် စီးပွားရေး ကိန်းဂဏန်းတွေဟာ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ အကျိုးစီးပွား စဉ်းစားချက်တွေကို များစွာ ထင်ဟပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ပြည်ပနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးထဲထဲဝင်ဝင်နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ ပြည်တွင်း-ပြည်ပ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက်၊ ကာလတူကုန်သွယ်မှု တန်ဖိုးတွေကို ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ ဒါ့အပြင်အဲဒီက အချက်အလက်တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာပါတဲ့ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ် လေ့လာနိုင်ပါတယ်။
15 Sep 2021

အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုများကြောင့် သေဆုံးခဲ့ရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၈) ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ (၂၀၂၁) ◉ ၁,၀၈၉ ဦးထက်မနည်း သေဆုံး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း မတရားမှုကို ဆန့်ကျင်တဲ့ ပြည်သူများရဲ့ ဆန္ဒထုတ်ဖော်မှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်မှုတွေနဲ့ ဆက်စပ်ပြီး စစ်အာဏာသိမ်း ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (စက်တင်ဘာ ၁၂ရက်အထိ စာရင်းအရ) ပြည်သူအရေအတွက် ၁,၀၈၉ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒဏ်ရာရရှိသူ အမြောက်အမြားလည်း ရှိခဲ့သလို၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှုများစွာလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) ရဲ့ စက်တင်ဘာ ၁၂ ရက်အထိ မှတ်တမ်းပြုစုမှုအရ သေဆုံးသူ ၁,၀၂၀ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ Download as PDF ◉ သေဆုံးသူ ၄၅ ဦးတိုးလာ စက်တင်ဘာ ၅ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၅) နဲ့ နှိုင်းယှဉ်ကြည့်ရင် အသစ်ထပ်တိုးလာတဲ့ သေဆုံးသူအရေအတွက်က တပတ်ကျော်ကာလအတွင်း ၄၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ မကွေးတိုင်းအတွင်းသေဆုံးခဲ့ကြရသူတွေက အများဆုံး ဖြစ်ပါတယ်။ စက်တင်ဘာ ၉ ရက်မှာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီးနောက် ဒေသခံအချို့ နဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့ကြပါတယ်။ စစ်ကောင်စီဘက်ကလက်နက်ကြီးအသုံးပြုမှု၊ အင်အားသုံး ဖြိုခွင်းမှု တွေကြောင့် ဒေသခံပြည်သူ ၁၇ ဦး သေဆုံးခဲ့ကြရပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၅) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ [link] ◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ သေဆုံးခဲ့ရသူ ၁,၀၈၉ ဦးကို အသက် အုပ်စုအလိုက် ကြည့်ရင် အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင် ၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသက ရန်ကုန် ဖြစ်ပြီး၊ မန္တလေးက ဒုတိယနေရာမှာ ရှိနေပါတယ်။ ယခုတပတ် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာအတွင်း သေဆုံးခဲ့သူ ၁၇ ဦးအနက် အသက် ၁၈ နှစ်အောက် လူငယ် ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။ ◉ ဦးခေါင်းပစ်ခတ်ရသူ ၁၁၇ ဦးကျော်ရှိ တခါ ဦးခေါင်းကို သေဆုံးခဲ့ရသူတွေထဲမှာ ပစ်ခတ်ခံရသူ အရေအတွက်က ၁၁၇ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၈၁၄ ဦး၏ ၁၄ ရာခိုင်နှုန်း) အထိ ရှိနေဆဲ ဖြစ်ပါတယ်။ အဆိုပါသေဆုံး ရသူများ အနက် အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြားလူငယ်တွေက ၅၃ ရာခိုင်နှုန်း အထိ အများဆုံးသေဆုံးခဲ့ကြရပါတယ်။ ဦးခေါင်းပစ်ခတ်ခံရသူ အများဆုံးဒေသက မန္တလေးတိုင်းဖြစ်ပြီး ၂၇ ဦးအထိ ရှိပါတယ်။ ◉ သေဆုံးသူ အရေအတွက် ထုတ်ပြန်ချက်များ AAPP က ပြုစုထားတဲ့ စာရင်းတွေက ဖောင်းပွနေပြီး မှန်ကန်မှုမရှိဘူးလို့ အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲပြောဆိုထားသလိုတဖက်မှာလည်း စစ်ကောင်စီဘက်က သေဆုံးသူ အရေအတွက် ထုတ်ပြန်လာတာတွေ ရှိနေပါတယ်။ စစ်ကောင်စီ မှတ်တမ်းတွေအရ ဖေဖော်ဝါရီ ၁ ရက်ကနေ ဧပြီ ၁၅ ရက် အထိ ဆန္ဒပြသူတွေဘက်မှာ သေဆုံးသူ ၂၅၀ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။စက်တင်ဘာ ၉ ရက်က စစ်ကောင်စီ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံအခြေစိုက် သံသမန်များအား ရှင်းလင်းပွဲမှာ သေဆုံးသူအရေအတွက်ကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီမှ ဩဂုတ်လကုန်အထိ အစိုးရဝန်ထမ်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်၊မြို့နယ်အဆင့်နဲ့ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူ၊ ပြည်ခိုင်ဖြိုးပါတီဝင်၊ မိသားစု နဲ့ ထောက်ခံသူ၊ ဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံရသူအပြင် ဗုံးဖောက်ခွဲမှုတွေကြောင့်ပါ သေဆုံးရသူက စုစုပေါင်း ၉၃၃ ဦး ရှိနေကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သူတို့ရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီး လွတ်လပ်တဲ့အဖွဲ့ အစည်းတွေရဲ့ သီးခြားအတည်ပြုချက်တော့ မရှိပါဘူး။ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စက်တင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်မှာတော့ ဇွန်နဲ့ ဩဂုတ်လတွေအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်များအတွင်း ပြည်သူ ၄၃၁ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်မှ ၁,၇၁၀ ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်တဲ့ အဖွဲ့အစည်း များရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့မှုများ အပါအဝင် အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူအရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့်လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့ အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
9 Sep 2021

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုနှင့် စစ်ပြေးဒုက္ခများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၇) ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၇ ရက်အထိ (၂၀၂၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ မတရားမှုကို ဆန့်ကျင်တဲ့ လူထု လှုပ်ရှားမှုတွေနည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ လက်ရှိ အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက် လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန် အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ တခါ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာပဲ တတိုင်းပြည်လုံးကို အရေးပေါ်အခြေအနေ ကြေညာပြီး အုံကြွခုခံစစ် စတင်ကြဖို့ တိုက်တွန်းခဲ့တာကြောင့် နိုင်ငံအနှံ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပိုများလာပြီး ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေလည်း အရင်ထက် ပိုမို ပေါ်ထွက်လာပါတယ်။ Download as PDF ● ၈၇၈ ကြိမ် ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၈၇၈ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ စက်တင်ဘာ ပထမပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအနက် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အတွင်းက KNU တပ်မဟာ နယ်မြေတွေအတွင်း တိုက်ပွဲတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ ဖြစ်ပွားနေပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးဒေသအတွင်း MNDAA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ် ပွားနေပါတယ်။ တဖန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး စက်တင်ဘာ ၇ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှု ၁၁၁ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြပါတယ်။ ● အရပ်သား ၁၇၁ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ ၁၇၁ ဦးကျော် ရှိခဲ့ပြီးထိခိုက် ဒဏ်ရာရသူ ၁၃၈ ဦးကျော် ရှိခဲ့ပါတယ်။ အဆိုပါ သေဆုံးခဲ့ရသူတွေထဲမှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၅၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးလည်း ပါဝင်နေပါတယ်။ ● စစ်ပြေးဒုက္ခသည် ၂,၁၀၀ ကျော် နေရပ်ပြန် တခါ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ ယခုတပတ် အတွင်း စစ်ပြေးဒုက္ခသည် ၈၅၀ ဦးကျော် တိုးလာပြီး၊ တဖက်မှာလည်း ကချင်ပြည်နယ်အတွင်းက စစ်ရှောင် ပြည်သူ ၂,၁၀၀ ကျော်ခန့် နေရပ်ပြန်လာခဲ့ကြပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ရက် ကစပြီး အခု ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်အထိ စစ်ပြေး ဒုက္ခသည်အရေအတွက်ကို ကြည့်ရင် ၇၆၇,၆၅၆ ဦးကျော် ရှိလာခဲ့ပါတယ်။ ယခုတပတ်အတွင်း တိုးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေအနက် ၅၀၀ ကျော်ဟာ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က KNU တပ်မဟာ(၄) နယ်မြေတွေအတွင်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလှုပ်ရှားဖို့ ဝင်ရောက်စီးနှင်းပြီး နောက် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း အတွင်း ဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ MNDAA တို့အကြားတိုက်ပွဲတွေကြောင့် မုံးကိုးမြို့အနီးက ဒေသခံပြည်သူ ၂၀၀ ကျော် ထပ်မံ ထွက်ပြေးတိမ်းရှောင်လာခဲ့ရပါတယ်။ ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်က ၇၆၀,၀၀၀ ကျော်အထိ ရှိလာသလို၊အရင်ကတည်းက ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပြည်ပမှာ ခိုလှုံနေရတဲ့ ဒုက္ခသည် အရေအတွက်ကလည်း၉၇၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့‌ရှ်နယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ရိုဟင်ဂျာဒုက္ခသည်ပေါင်း၈၈၀,၀၀၀ ကျော်၊ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်းမှာ စစ်ရှောင်ဒုက္ခသည် ၉၂,၀၀၀ ကျော်အထိ ရှိနေပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၃) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
8 Sep 2021

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထောင်ချခံရသူများ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၄၆) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်း စက်တင်ဘာ ၄ ရက်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် နိုင်ငံတဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၇,၈၀၀ ကျော် အထိ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၆,၂၃၀ ဦးဟာ လက်ရှိအချိန်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရသူ အများစုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ သာမန်အရပ်သား ပြည်သူတွေနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့CDM ကို ထောက်ခံအားပေးသူတွေ၊ အနုပညာရှင်တွေနဲ့ သတင်းသမားတွေသာမက ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ လက်ရှိအချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံရသူတွေထဲမှာ ဆရာဝန် ၄၇ ဦးပါဝင်နေပြီး ကိုဗစ်ကာလ ဆေးကုသမှုလှည့်လည် ပြုလုပ်ပေးနေတဲ့ ပရဟိတဆရာဝန်တွေကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုတွေလုပ်နေပါတယ်။ ဖမ်းဆီးထားသူတွေအပေါ် တရားစွဲဆိုမှု လုပ်ထားတဲ့ ကိန်းဂဏန်းတွေကို လေ့လာကြည့်ရင် ပုဒ်မ ၅၀၅ (က) ကိုအများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။ ဩဂုတ် ၂၅ ရက် ဖော်ပြခဲ့သော ကိန်းဂဏန်းများ (အလေးထားရမည့်အကြောင်းအချက်များ အမှတ်-၄၁ ကိုရှုပါ) နှင့် နှိုင်းယှဉ်ပါက ဖမ်းဆီးချုပ်နှောင်ခံရသူ ၄၃၆ ဦး တိုးလာပါသည်။ Download as PDF ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၄၁) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူများအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြု လေ့လာနိုင် မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာ ခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီရဲ့ ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။