ISP Products

What Matters

29 Dec 2021

အထည်ချုပ်လုပ်ငန်း အပ်နှံထားသည့် နိုင်ငံခြားကုမ္ပဏီများအပါအဝင် လုပ်ငန်းများ ဆက်လက် ရပ်နားထွက်ခွာနေ

မကြာသေးခင်ကပဲ ဆွီဒင်နိုင်ငံက H&M၊ စပိန်နိုင်ငံက Inditex၊ ဗြိတိန်နိုင်ငံက Primark တို့အပါအဝင် ကမ္ဘာကျော် အဝတ်အထည်ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၂၀ ကျော် ဟာ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်း အပ်နှံလုပ်ဆောင်နေတာတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံထားကြတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတချို့ အာဏာသိမ်းပြီး နောက်ပိုင်း ပြန်လည်ထွက်ခွာသွားကြတာဟာ လုပ်ငန်းပေါင်း ၂၁ ခုအထိ ရှိလာပြီ ဖြစ်ပါတယ်။ ထွက်ခွာသွားတဲ့ လုပ်ငန်းများအနက် ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးကတော့ အခြေခံ အဆောက်အဦကဏ္ဍ ဖြစ်ပါတယ်။ ဒါ့အပြင် အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်ရတဲ့ ကုမ္ပဏီမှတ်ပုံတင် အရေအတွက်လည်း ဆက်လက် ကျဆင်းနေပါတယ်။ သြဂုတ်မှာ မှတ်ပုံတင်တဲ့ ကုမ္ပဏီ အရေအတွက် ၃၆၀ သာ ရှိတာကြောင့် ဇူလိုင်နဲ့ နှိုင်းယှဉ်ရင် ၇၃ ခု လျော့ကျသွားတာ ဖြစ်ပါတယ်။ အာဏာမသိမ်းခင် ဇန်နဝါရီနဲ့ နှိုင်းယှဉ်ရင် သြဂုတ်မှာ ကုမ္ပဏီမှတ်ပုံတင် အရေအတွက် လေးဆနီးပါး ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
28 Dec 2021

ခုနစ်လအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်သာရှိ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အရေးကြီးတဲ့ စီးပွားရေး ဒေါက်တိုင်တခု ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပါဘူး။ သယံဇာတခေါင်းပုံဖြတ်မှုကို အခြေခံတဲ့၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားတဲ့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု မရှိတဲ့၊ ဒေသခံပြည်သူလူထုရဲ့ ဘဝတိုးတက်မှုတွေကိုထောက်ပံ့မှု မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လည်း တိုင်းပြည်ဟာ ပိုမိုချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေပါလိမ့်မယ်။ ဒီလို အဖြစ်အပျက်မျိုး စစ်အစိုးရအဆက်ဆက် မြန်မာနိုင်ငံမှာ ကြုံခဲ့ကြရပြီးပါပြီ။ တခါ မြန်မာနိုင်ငံမှာဘယ်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိက ဝင်ရောက်နေသလဲ ဆိုတာဟာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းအတွင်း နိုင်ငံတကာပါဝင်မှုကို နားလည်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူ လူထုတွေရဲ့ နေ့စဉ်ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲ ဆိုတဲ့အပေါ် မျက်ခြေမပြတ် ရှိနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်မှာ စစ်ကောင်စီက အတည်ပြုလိုက်တဲ့ စီမံကိန်းတွေ၊ ခွင့်ပြုလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်းမြင်သာမှု ရှိသလား၊ သက်ရောက်မှုဘယ်လိုဖြစ်နိုင်သလဲ စတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းတွေကအလေးထား စောင့်ကြည့်စရာ ဖြစ်ပါတယ်။
27 Dec 2021

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ကျဆင်း

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (သြဂုတ်အထိ)နဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (သြဂုတ်အထိ) နှိုင်းယှဉ်ကြည့်တဲ့အခါ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ကျဆင်း သွားပါတယ်။ သြဂုတ်လမှာ တရုတ်နိုင်ငံက မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှာ အမေရိကန် ဒေါ်လာ ၄သိန်းကျော် ထပ်တိုးရင်းနှီးမြှုပ်နှံသာဝင်ခဲ့ပြီး ကျန်နိုင်ငံများက ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့ခြင်းမရှိပါဘူး။ စစ်ကောင်စီရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် သြဂုတ်လဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အနိမ့်ဆုံးလ ဖြစ်ခဲ့ပါတယ်။
24 Dec 2021

ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော် ကျဆင်း

(အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၇၁) အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ အရင်ဘဏ္ဍာနှစ်နဲ့ ကာလတူ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံကျော် ကျဆင်းသွားပါတယ်။ ပို့ကုန်နည်းတူ သွင်းကုန်လည်း ကျဆင်းနေပြီး အမေရိကန်ဒေါ်လာ လေးဘီလီယံကျော် ကျခဲ့ပါတယ်။ ဒါဟာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် (ဇူလိုင် အထိ) စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေကို အခြေတည် တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။ Download as PDF ∎ ဘာကြောင့်အလေးထားသင့်သလဲ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသလို ၂၀၂၂ ခုနှစ်ဆန်းပိုင်းမှာ နိုင်ငံ့လူဦးရေရဲ့ […]
23 Dec 2021

တရုတ်-မြန်မာ ကုန်သွယ်မှု အနိမ့်ဆုံး ကျဆင်းခဲ့

(အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၇၀) အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာကုန်သွယ်မှု ဆက်လက် ကျဆင်းနေပါတယ်။ စစ်ကောင်စီက နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ တရုတ်-မြန်မာ ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ သန်း ၃၈၀ အထိ ကျဆင်းခဲ့ပြီး ဒါဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ကျဆင်းခဲ့တဲ့ ပမာဏ ဖြစ်ပါတယ်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုကလည်း အာဏာသိမ်းပြီးနောက်ပိုင်း ကျဆင်းနေရာက ၂၀၂၁ ခုနှစ် ဇူလိုင်မှာ အာဏာသိမ်းပြီး နောက်ပိုင်း အနိမ့်ဆုံး ပမာဏ ရောက်သည်အထိ အဆိုးရွားဆုံး ကျဆင်းခဲ့ပါတယ်။ Download as PDF ∎ ဘာကြောင့်အလေးထားသင့်သလဲ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ […]
22 Dec 2021

ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံကျော် ကျဆင်း

(အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၆၉) မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အားကောင်းမောင်းသန် ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စရပ်တွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေကြောင့် စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့တာ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်တာတွေအပြင် စီးပွားရေး ပိတ်ဆို့ အရေးယူခံရတာနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ ပုံရိပ်ကျဆင်းတာတွေလည်း ဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေ အဘက်ဘက်မှာ ပြိုဆင်းခဲ့ပါတယ်။ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု တန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိခဲ့ရာကနေ […]
19 Dec 2021

နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ၆,၀၀၀ ကျော်တိုးလာ

∎ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၈) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အခု အချိန်အထိလည်း ပုံသဏ္ဌာန် မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ(EAOs) အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်းEAOs တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ EAOs အချို့ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ (PDF/LDF/CDF/KNDF စသည်ဖြင့်) နဲ့ စစ်ကောင်စီတို့ အကြားအပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြင့် လာပါတယ်။ တိုက်ပွဲနဲ့ ပဋိပက္ခ အရှိန်မြင့်လာခြင်းနဲ့အတူ နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ရသူတွေလည်း ပိုများလာသလို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း အရေးပေါ်လိုအပ်နေပါတယ်။ Download as PDF ● နှစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ၆,၀၀၀ ကျော်တိုးလာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၁၆ ရက်အထိ နေရာအနှံ့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၃၉၀,၉၂၇ ဦးကျော် ရှိလာပါတယ်။ စစ်အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည် ၄၉၇,၂၀၀ ဦးကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၈၈၈,၁၂၇ ဦးကျော် ရှိလာပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၉၇၂,၀၀ ဦးကျော် ရှိနေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း EAOs တွေ၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသတွေမှာ စစ်ဘေးဒုက္ခသည်အရေအတွက် ပိုတိုးနေပါတယ်။ ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည် အများဆုံး ရှိနေပြီး စုစုပေါင်း၁၁၀,၂၀၀ ဦးကျော် ရှိပါတယ်။ စစ်ကိုင်းတိုင်းမှာ ၉၇,၂၅၀ ဦး ကျော်ရှိပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။ ဒီဇင်ဘာပထမပတ်နဲ့ဒုတိယပတ်အတွင်းမှာတော့ နေရပ်စွန့်ခွာ စစ်ဘေးဒုက္ခသည် ၆,၂၀၀ ကျော်အထိ ထပ်မံ တိုးလာခဲ့ပါတယ်။ ● ဒီဇင်ဘာလ အခြေအနေ ၂၀၂၁ ခုနှစ် ဒီဇင်ဘာပထမပတ်အတွင်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇင်ကလဲကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တပ်စွဲလာမှုကြောင့် အနီးအနားရှိ ကျေးရွာလေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့အကြား လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ရှိနေပြီး စစ်ရေးတင်းမာမှုတွေကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းကိုင်မြို့က ဒေသခံ ၁,၀၀၀ ကျော်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်က ဒေသခံ ၂၀၀ ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာတော့ ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့အတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်လာရာမှ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ စစ်ကောင်စီတို့အကြား စစ်ရေးတင်းမာခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်မှစကာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၄,၀၀၀ ကျော်ထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အဲ့ဒီ ၄,၀၀၀ ကျော်အနက်၂,၅၀၀ ကျော်ဟာ မြန်မာ-ထိုင်းနယ်စပ် ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရ ပြီး ကျန် ၁,၀၀၀ ကျော်ကတော့ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းဘက်ခြမ်းကို မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့ရတယ်လို့ သိရပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ် သုတေသနပြုဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
18 Dec 2021

ခြောက်လအတွင်း KNU နယ်မြေ၌ တိုက်ပွဲ ၁,၀၀၀ ကျော် ဖြစ်ခဲ့

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၇) ပြီးခဲ့တဲ့ ခြောက်လတာ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေ (EAOs) ရဲ့ နယ်မြေတွေမှာ စစ်ကောင်စီနဲ့ EAOs အကြားတိုက်ပွဲ အကြိမ်ရေ ၁,၁၅၇ ကြိမ်ထက်မနည်း ဖြစ်ခဲ့တာ တွေ့ရပါတယ်။ အဲဒီအထဲကမှ ၁,၀၂၃ ကြိမ်ထက်မနည်း (၉၆ ရာခိုင်နှုန်း) ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်းမှာ ဖြစ်ခဲ့တာပါ။ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း KNU တပ်မဟာ ၆ထိန်းချုပ်နယ်မြေ လေကေ့ကော်မြို့အတွင်း စစ်ကောင်စီ တပ်တွေ ဝင်ရောက်ပြီး၊ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်နေပါတယ်။ Download as PDF တဆက်တည်းမှာပဲ ဒေသအသီသီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF/CDF/KNDF စသဖြင့်) တို့အကြားတိုက်ပွဲဖြစ်ပွားမှုတွေကလည်း ပိုမို ကျယ်ပြန့်လာပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်နေ ဒီဇင်ဘာ ၁၆ ရက်အထိ ခြောက်လတာကာလအတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှု ၃၃၆ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။စစ်ကိုင်းတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုအများဆုံး ဖြစ်ခဲ့ပြီး ၁၁၉ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ ဒါဟာ သတင်းမီဒီယာတွေနဲ့ လွတ်လပ်သော အဖွဲ့အစည်းတွေက ဖော်ပြထားတဲ့ တရားဝင် အချက်အလက်တွေကို စုစည်းပြီး ကောက်ယူထားတာ ဖြစ်ပါတယ်။ မြေပြင်အခြေအနေမှာတော့ အခုဖော်ပြတဲ့ ကိန်းဂဏန်းတွေထက် ပိုများနိုင်ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပြီး လက်ရှိအချိန်ထိ လက်နက်ကိုင်ပဋိပက္ခတွေ တင်းမာမှု ရှိနေဆဲ ဖြစ်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခနဲ့ တိုက်ပွဲတွေကို စောင့်ကြည့်ပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူအရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်း အားဖြင့်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာတရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်တဲ့အတွက် အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
8 Dec 2021

ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ပွဲဆင်မှု အရေအတွက် အမြင့်ဆုံးသို့ရောက်လာ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၆) ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်ကနေ ဒီဇင်ဘာ ၃ ရက်အတွင်း အခြေအနေတွေကို ကြည့်ရင် မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ် ဒေသတိုင်းနီးပါးမှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိလာပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်း အခြေအနေမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့ တိုက်ပွဲဆင်မှုဟာ ရှစ်လတာကာလအတွင်း အရေအတွက် အမြင့်ဆုံး ဖြစ်လာပါတယ်။ EAOs နယ်မြေတွေဘက်ကို ကြည့်တဲ့အခါ တိုက်ပွဲအရှိန် ကောင်းနေဆဲ ဖြစ်ပေမဲ့ အောက်တိုဘာနဲ့ ယှဉ်မယ်ဆိုရင်တော့ တိုက်ပွဲ ဖြစ်မှု ၃၈ရာခိုင်နှုန်းကျော် ကျဆင်းသွားတာ တွေ့ရပါတယ်။ Download as PDF ● သုံးလအတွင်း တိုက်ပွဲနှင့် ပစ်ခတ်မှု အကြိမ် ၁,၀၀၀ နီးပါးရှိ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီဇင်ဘာ ၃ ရက်အထိ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁,၉၄၈ ကြိမ်ထက် မနည်း ဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာ ၁,၀၀၀ နီးပါးခန့်ဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ဖြစ်ခဲ့တာပါ။ ဒီတိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုက၂၈၆ ဦးထက်မနည်း ရှိခဲ့ပါတယ်။ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဟာ စက်တင်ဘာမှာ အများဆုံးဖြစ်ခဲ့ပြီး တလအတွင်း၃၄၄ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ● ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ပွဲဆင်မှု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲဆင်မှုက နိုဝင်ဘာမှာ အမြင်ဆုံးဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာတလတည်းမှာ ၁၁၆ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး ရှစ်လတာ ကာလအတွင်း အကြိမ်ရေ အများဆုံး ဖြစ်လာတာပါ။ ရှစ်လအတွင်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၃၅၆ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲတွေထဲက ၆၄ရာခိုင်နှုန်းကျော်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခုခံတွန်းလှန်စစ် ကြေညာပြီးတဲ့နောက်ပိုင်း သုံးလအတွင်း ဖြစ်ခဲ့တာပါ။ နိုဝင်ဘာအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲဆင်မှု အမြင့်ဆုံး ရောက်ခဲ့ရတဲ့ အကြောင်းတခုကတော့ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေအတွင်း စစ်ကောင်စီ ဘက်က အနော်ရထာစစ်ဆင်ရေး အမည်နဲ့ ထိုးစစ်ဆင်ခဲ့မှုကြောင့်လည်း ဖြစ်ပါတယ်။ နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း မှာပဲ စစ်ကောင်စီက လေကြောင်းကတဆင့် ထိုးစစ်ဆင်မှုတွေ လုပ်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း အရပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားအရေအတွက်က ၁၄၁ ဦးထက်မနည်း ရှိခဲ့ပါတယ်။ နှစ်ဖက် တပ်ဖွဲ့ဝင်တွေရဲ့ ကျဆုံးမှုကို ဒီစာရင်းမှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ ● EAOs နယ်မြေအတွင်း တိုက်ပွဲဖြစ်မှုကျဆင်း ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နှိုင်းယှဉ်ရင်တော့ EAOs နယ်မြေတွေအတွင်း တိုက်ပွဲဖြစ်မှုဟာ နိုဝင်ဘာလမှာ ၃၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း EAOs နယ်မြေတွေအတွင်း တိုက်ပွဲ ၁၁၈ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး၊ ဒီအထဲက ၈၃ ရာခိုင်နှုန်းဟာKNU တပ်မဟာ ၅ နယ်မြေအတွင်း ဖြစ်ခဲ့တာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီဇင်ဘာ ၃ ရက် အထိ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်း အစရှိတဲ့ ဒေသတွေက EAOs နယ်မြေ တွေမှာ တိုက်ပွဲဖြစ်မှု ၁,၆၃၈ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ပဋိပက္ခနဲ့ တိုက်ပွဲတွေကို စောင့်ကြည့်ပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူအရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာတရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
3 Dec 2021

ဒုက္ခသည် လေးသိန်းနီးပါး တိုးလာ

ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ၂ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၅) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အခု အချိန်အထိလည်း ပုံသဏ္ဌာန် မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်းတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ အရှိန်မြင့် လာပါတယ်။ တိုက်ပွဲနဲ့ပဋိပက္ခ အရှိန်မြင့်လာခြင်းနဲ့အတူ နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ရသူတွေလည်း ပိုများလာသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း လိုအပ်နေပါတယ်။ Download as PDF ● စစ်ပြေးဒုက္ခသည် လေးသိန်းနီးပါးတိုးလာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အထိ နေရာအနှံ့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၃၈၄,၇၂၇ ဦးကျော် ရှိလာပါတယ်။ စစ်အာဏာမသိမ်းခင်က စစ်ပြေးဒုက္ခသည် ၄၉၇,၂၀၀ ဦးကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် ၈၈၁,၉၂၇ ဦးကျော် ရှိလာပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၉၇၂,၀၀ ဦးကျော် ရှိနေပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသတွေမှာ စစ်ပြေးဒုက္ခသည်အရေအတွက် ပိုတိုးနေပါတယ်။ ကယားပြည်နယ်မှာ စစ်ပြေးဒုက္ခသည် အများဆုံး ရှိနေပြီး စုစုပေါင်း၁၁၀,၂၀၀ ဦးကျော် ရှိပါတယ်။ စစ်ကိုင်းတိုင်းမှာ ၉၆,၂၅၀ ဦး ကျော်ရှိပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။ ● နိုဝင်ဘာနောက်ဆုံးပတ် အခြေအနေ ၂၀၂၁ ခုနှစ် နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ကျွန်းလှမြို့နယ်၊ တန့်ဆည်မြိုန့ယ်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ဒေသခံ ၁၈,၀၀၀ ကျော်ဟာနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂,၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ အရာတော်မြို့နယ်တွေမှာ ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးတဲ့နောက် လူဦးရေ ၃,၀၀၀ နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ် သုတေသနပြုဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။
2 Dec 2021

သေဒဏ်ချမှတ်ခံထားရသူများ

အလေးထားရမည့် အကြောင်းအချက်များ (အမှတ် – ၆၄) စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဒီဇင်ဘာ ၁ ရက်အထိ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု တွေမှာ နည်းလမ်းပေါင်းစုံနဲ့ပါဝင်ခဲ့တဲ့အတွက် ထောင်ဒဏ်ချမှတ် ခံရသူ ၃၄၃ ဦးရှိခဲ့ပြီး၊ သေဒဏ်ချ မှတ်ခံရသူ ၈၆ ဦးအထိ ရှိလာပါတယ်။ သေဒဏ် ချမှတ်ခံထားရသူတွေထဲမှာ ၄၇ ဦးက လက်ရှိ ဖမ်းဆီးချုပ်နှောင် ခံထားရသူတွေဖြစ်ပြီး၊ ၃၉ ဦးကိုတော့မျက်ကွယ်သေဒဏ်ချမှတ်ထားပါတယ်။ သေဒဏ်ချမှတ်မှု အားလုံးကို စစ်ခုံရုံးတွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သေဒဏ်ချမှတ် ခံထားရသူတွေထဲက ၃၅ ဦးဟာ မြောက်ဥက္ကလာပ မြို့နယ်မှာ ဖြစ်ပြီး၊ ၂၄ ဦးဟာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က ဖြစ်ပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ၁၅ ဦး၊ လှိုင်သာယာ မြို့နယ်မှာ ခုနစ်ဦးနဲ့ ရွှေပြည်သာ မြို့နယ်မှာ ငါးဦးရှိပါတယ်။ ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေး အမိန့်ကြေညာထားတဲ့ မြို့နယ် ခြောက်ခုရှိတဲ့အထဲက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ကလွဲပြီး ကျန်မြို့နယ်တွေမှာ ရှိတဲ့ စစ်ခုံရုံးတွေမှာ သေဒဏ်စီရင်ခြင်းကို လုပ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ခုံရုံးတွေမှာစွဲချက်တင်ပြီး သေဒဏ်စီရင်တဲ့အခါ အသုံးပြုခဲ့တဲ့ ပုဒ်မတွေက ရာဇသတ်ကြီး ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၃၄၊ ပုဒ်မ ၁၁၄၊ ပုဒ်မ ၃၀၂၊ပုဒ်မ ၃၉၆၊ ပုဒ်မ ၃၉၇ စတာတွေ ဖြစ်ပါတယ်။ Download as PDF သေဒဏ်ချမှတ်ခံထားရသူ ၈၆ ဦးထဲမှာ အမျိုးသား ၇၉ ဦး နဲ့ အမျိုးသမီး ၇ ဦး ပါဝင်ပြီး၊ အသက်မ ပြည့်သေးတဲ့ အမျိုးသားနှစ်ဦးလည်း ပါဝင်နေပြီး သူတို့ နှစ်ဦးကို သန်လျင် လူငယ်ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူလူထုအရေအတွက်ကို လေ့လာခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ ၎င်းတို့ကို ဆန့်ကျင်ကန့်ကွက်သူ များအပေါ် တရားရေးမဏ္ဍိုင်အသုံးချပြီး ဖိနှိပ်မှုတွေအကြောင်း သုတေသနပြုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် နေ့စဉ်နဲ့အမျှ အင်အားသုံးအကြမ်းဖက်ဖမ်းဆီး ၀ရမ်းထုတ်နေမှု ပမာဏကို လေ့လာခြင်းအားဖြင့် အာဏာသိမ်းစစ်ကောင်စီ ရဲ့ဆန္ဒပြ ပြည်သူတွေကို လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊မရှိ ဆိုတဲ့ အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။
1 Dec 2021

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်(Omicron) နှင့် မြန်မာနိုင်ငံအတွက် သတိပြုစရာ

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၃) ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တောင်အာဖရိကနဲ့ ဘော့ဆွာနာ နိုင်ငံတွေမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် (Omicron) ဗိုင်းရပ်စ်ကိုစတွေ့ခဲ့ပါတယ်။ နိုဝင်ဘာ ၃၀ မှာ ပြည်ပ ခရီးသွားတွေကတဆင့် အိုမီခရွန် ပြန့်နှံ့ရောက်ရှိသွားတဲ့ နိုင်ငံ ၁၉ နိုင်ငံထက်မနည်း ရှိလာပါတယ်။ အချိန်တိုအတွင်းမှာပဲ ခရီးသွားတွေက တဆင့် ဩစတြေးလျ၊ ဩစတြီးယား၊ ဗြိတိန်၊ ကနေဒါ၊ ချက်၊ ဒိန်းမတ်၊ဂျာမနီ၊ အစ္စရေး၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ဟောင်ကောင်၊ ဂျပန်၊ ဘရာဇီးနဲ့ ဆွစ်ဇာလန် နိုင်ငံတွေဆီ ရောက်သွားပြီး သံသယ လူနာ ၁,၀၀၀ ကျော် ရှိလာပါတယ်။ Download as PDF မျိုးကွဲသစ် အိုမီခရွန်က အန္တရာယ်ကြီးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပြောထားပါတယ်။ တချိန်တည်းမှာပဲ ကူးစက်မှုနှုန်း မြန်မယ့် အခြေအနေရှိနိုင်တာကြောင့် နိုင်ငံပေါင်းများစွာက ကိုယ့်နည်းလမ်းနဲ့ကိုယ် ကာကွယ် တားဆီး ကန့်သတ်မှုလုပ်မယ့်အစီအစဉ်တွေ ချက်ချင်း ဆိုသလို လုပ်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၄၀ ကျော်ဟာ တောင်အာဖရိကနဲ့ ဆက်စပ်နိုင်ငံတွေက လာမယ့်သူတွေကို တားဆီး ကန့်သတ်မယ့် အစီအစဉ်တွေ လုပ်ခဲ့ပြီး ဂျပန်၊ အစ္စရေးနဲ့ မော်ရိုကို အစရှိတဲ့ နိုင်ငံတွေကတော့ နိုင်ငံခြားက ဝင်လာမယ့်သူ အားလုံးကို ပိတ်ပင်လိုက်ပါတယ်။ တချိန်တည်းမှာ ခရီးသွားလုပ်ငန်းတွေ ပြန်စပြီး စီးပွားရေးနာလံထဖို့ အားယူနေတဲ့အာရှနိုင်ငံတွေအဖို့ အိုမီခရွန် ပြန့်နှံ့လာမှုက ထိုးနှက်ချက် ဖြစ်လာပါတယ်။ အခုပေါ်လာတဲ့ ကိုဗစ် မျိုးကွဲသစ် အိုမီခရွန်ဟာ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းတုန်းက အိန္ဒိယနိုင်ငံမှာ စတွေ့ခဲ့တဲ့ ကိုဗစ်မျိုးကွဲ ဒယ်လ်တာ (Delta) ကူးစက်မှုလှိုင်း အကျပိုင်းရောက်ချိန်မှာ အသစ်ပေါ်လာတာ ဖြစ်ပါတယ်။ ကိုဗစ်မျိုးကွဲသစ်ကို နာမည်ပေးပုံကထူးခြားခဲ့ပါတယ်။ ပုံမှန်အတိုင်းဆိုရင် ဗိုင်းရပ်စ်မျိုးကွဲတွေကို ဂရိအက္ခရာနဲ့ အစဉ်လိုက် နာမည်ပေးရာ အလှည့်ကျတဲ့ အက္ခရာတွေထဲမှာ အက္ခရာ ရှီ (Xi) ကို ကျော်ပြီး အိုမီခရွန်လို့ ပေးလိုက်တာ ဖြစ်ပါတယ်။ တရုတ်ရဲ့ နိုင်ငံရေးအကဲဆတ်မှုကို ကျော်လွှားချင်တဲ့အတွက် အက္ခရာစဉ်ကို ကျော်ခဲ့ပုံရပါတယ်။ မြန်မာနိုင်ငံအဖို့ ဒေသတွင်း နိုင်ငံတွေနည်းတူ သတိထားရမယ့် အခြေအနေ ဖြစ်လာပါတယ်။ စစ်အာဏာ သိမ်းခံရပြီး နောက်ပိုင်းကိုဗစ်တတိယလှိုင်းဒဏ်ကိုပါ အလူးအလဲ ခံခဲ့ရတာကြောင့် နိုင်ငံတွင်း ကိုဗစ်မျိုးကွဲ အိုမီခရွန်နဲ့အတူ ဖြစ်လာမယ့် လှိုင်းကိုပါရင်ဆိုင်ရဦးမယ် ဆိုရင် ကြီးမားတဲ့ အခက်တွေ့မှု ထပ်ဖြစ်လာနိုင်ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါခဲ့တဲ့ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းဆီး၊ တရားစွဲဆို၊ ၀ရမ်းထုတ်မှုတွေ လုပ်ခဲ့တဲ့အတွက် ချည့်နဲ့ခဲ့ရတဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားဟာ အခုထိ အပြည့်အ၀ ပြန်လည် လည်ပတ်နိုင်စွမ်း မရှိသေးပါဘူး။ ကိုဗစ်ကြောင့် ကျဆင်းနေတဲ့စီးပွားရေးကလည်း အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပိုဆိုးတဲ့ အခြေအနေကို ဦးတည်နေပါတယ်။ အခုလည်း ကုန်သွယ်မှုကျဆင်းနေတာကို ကျားကန်တဲ့အနေနဲ့ အပြည့်အဝ ပြန်ဖွင့်ဖို့ စိုင်းပြင်းနေတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေလည်းအိုမီခရွန်ကြောင့် ပြန်ပိတ်သွားမယ့် အခြေအနေ ရှိပါတယ်။ ◉ အိုမီခရွန် (Omicron) ဟာ ပိုပြီး ကူးစက်မှု မြန်စေမှာလား ပညာရှင်တွေက နိဂုံးချုပ်ကောက်ချက် မဆွဲနိုင်သေးပါဘူး။ ဒါပေမဲ့ အိုမီခရွန်မှာ အရင်က မမြင်တွေ့ဖူးသေးတဲ့ မျိုးရိုးဗီဇပြောင်းအတွဲ (mutation) ၅၀ ကို တွေ့ရပါတယ်။ ဒါ့အပြင် လူ့ခန္ဓာကိုယ် ဆဲလ်အတွင်း တွယ်ငြိနိုင်တဲ့ ဆူးချွန်ပရိုတင်း (spike proteins) ၃၀ကျော်လည်း ပါဝင်ပြီး ရောဂါကူးစက်မှု မြန်ဆန်စေနိုင်ပါတယ်။ ဒါ့အပြင် အခြားမျိုးကွဲတွေလိုပဲ ဗီဇပြောင်းလဲမှု ရှိနိုင်တာကြောင့်ကူးစက်မှု မြင့်တက်လာနိုင်ဖွယ် ရှိပါတယ်။ ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းလောက်မှာ အိန္ဒိယနိုင်ငံကနေ စတင်ကူးစက်ခဲ့တဲ့ ဒယ်လ်တာမျိုးကွဲ (Delta) ကူးစက်မှုဟာ လှိုင်းတခုလို မြင့်မားခဲ့ပြီး အခုအချိန်မှာ အကျပိုင်းကို ပြန်ရောက်လာပါတယ်။ ဒီအခြေအနေမှာအိုမီခရွန် (Omicron) က အစားထိုးပြီး နောက်ထပ် ကူးစက်မှု လှိုင်းတခုဖြစ်လာမှာကို နိုင်ငံတကာက စိုးရိမ်နေကြတာပါ။ ◉ အိုမီခရွန် (Omicron) က ပြင်းထန်ရောဂါ ဖြစ်စေမှာလား အိုမီခရွန်က ပြင်းထန်ရောဂါ ဖြစ်စေမှာလားဆိုတာ အရေးကြီးတဲ့ မေးခွန်းတခုဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံမှာ တွေ့ရတဲ့ ကူးစက်မှုလောက်နဲ့ သုံးသပ်အဖြေထုတ်လို့ မရနိုင်သေးပါဘူး။ ဒါပေမဲ့ အရင် ကိုဗစ် ကူးစက်မှုတွေမှာ ကူးစက်မှု သိပ်မခံရတဲ့အသက် ငယ်ရွယ်သူတွေမှာ ရောဂါလက္ခဏာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ အခြားနာတာရှည်ရောဂါ ရှိနေတဲ့သူတွေအတွက်ဘယ်လို ဖြစ်နိုင်သလဲဆိုတာ အတိအကျ သိရဖို့ အနည်းဆုံးအချိန် တလ၊ နှစ်လ လိုအပ်ပါသေးတယ်။ ◉ ကာကွယ်ဆေးတွေ အလုပ်ဖြစ်ဦးမှာလား လက်ရှိထိုးနေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေက အိုမီခရွန်ကို ကာကွယ်ပေးနိုင်မလား ဆိုတာက အရေးကြီးတဲ့ မေးခွန်း ဖြစ်နေပါတယ်။ ကာကွယ်ဆေး ထိုးပြီးတဲ့ လူတချို့ ကူးစက်ခံရတယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့ သေချာမှုမရှိသေးဘဲ အချိန်ယူလေ့လာဖို့ လိုအပ်နေပါသေးတယ်။ ကျွမ်းကျင်သူတွေ ပြောဆိုချက်အရတော့ အိုမီခရွန် ကူးစက်ခံထားရသူတွေထဲမှာကာကွယ်ဆေး ထိုးထားသူ နည်းတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးသူတွေမှာလည်း ရောဂါ မပြင်းထန်နိုင်ဘူးလို့ ပြောကြပါတယ်။ ကာကွယ်ဆေး ထုတ်နေတဲ့ ဆေးကုမ္ပဏီတွေကတော့ အသေးစိတ် လေ့လာမှုတွေ ဆက်လုပ်နေပြီးကာကွယ်ဆေးတွေကို အဆင့်မြှင့်တင်မှု လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ ◉ ဘာဆက်လုပ်ကြမလဲ ဆေးကုမ္ပဏီတွေဘက်က ကာကွယ်ဆေး အသစ်တွေ ဆက်လက် စမ်းသပ်ဖို့ လိုအပ်နေတဲ့အချိန်မှာ၊ အုပ်စိုးသူတွေ၊ ပြည်သူ့ကျန်းမာရေးဌာနတွေကတော့ ရှိထားပြီးဖြစ်တဲ့ ဆေးတွေနဲ့ ကာကွယ်ဆေး ထိုးပေးတာ၊ ကိုဗစ်စည်းမျဉ်းတွေအတိုင်း လိုက်နာစေတာ၊ ကူးစက်ခံရသူ စတင်တွေ့ရှိတာနဲ့ ခြေရာကောက် – လူနာရှာဖွေ ကုသ (Track and trace) လုပ်ငန်းလုပ်တာ တွေကိုပဲ အားထည့်ဆောင်ရွက်ရမယ့်ပုံ ရှိပါတယ်။ အိုမီခရွန်က အရင်မျိုးကွဲတွေထက် ပိုပြီး ကူးစက်လာရင် အရင်လို တားမြစ်ပိတ်ဆို့တာတွေလည်း ဖြစ်နိုင်ပါတယ်။ စီးပွားရေးအရထိခိုက်နစ်နာမှု အကျိုးဆက်က ဆက်ဖြစ်လာဦးမှာမို့ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) ကိုစနစ်တကျတပ်ဆင်တာ၊ လက်ကို မကြာခဏ ဆေးတာ၊ မလိုအပ်ဘဲ လူအုပ်ထဲ မသွားတာတွေ၊ တဦးနဲ့ တဦး တတ်နိုင်သမျှ ခပ်ခွာခွာနေတာတွေ ဆက်လုပ်ကြရပါဦးမယ်။ ကာကွယ်ဆေး ထိုးခြင်းက အရေးအကြီးဆုံး အချက်တခု ဖြစ်နေပြီး ရတဲ့နေရာမှာ ရတဲ့ကာကွယ်ဆေး ထိုးနှံထားမှ ကိုဗစ်မျိုးကွဲသစ်တွေကို ရင်ဆိုင်ရာ ထိခိုက်မှု နည်းစေပါမယ်။ ကာကွယ်ဆေးထိုးထားပြီးရင်တောင်ပေါ့ပေါ့ဆဆ မနေဘဲ သတိဝီရိယ ထားပြီး ကာကွယ်ကြရမှာ ဖြစ်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်လဲ အိုမီခရွန်က ကူးစက်မြန်နိုင်ခြေရှိပြီး ပြီးပြည့်စုံတဲ့ နိုင်ငံတွေမှာတောင် မျိုးကွဲသစ်အကြောင်း သိဖို့ အချိန်ယူ လေ့လာနေရဆဲ ဖြစ်ပါတယ်။ အခုချိန်မှာ ရာသီတုပ်ကွေးနဲ့အတူ ကိုဗစ်ကူးစက်ခံရမှု ကျဆင်းမသွားသေးတဲ့ အပြင်၊ ကာကွယ်ဆေးထိုးနှံထားမှု ၅၀ရာခိုင်နှုန်း ပြည့်မှီခြင်း မရှိသေးပါဘူး။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ယန္တရားက အပြည့်အ၀ ပြန်လည် လည်ပတ်နိုင်စွမ်း မရှိသေးပါဘူး။ ဒါကြောင့် ကိုဗစ်ကူးစက်မှုအခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး တဦးချင်းကစလို့ ထိရောက်တဲ့ ကာကွယ်တားဆီးမှု လုပ်နိုင်ရေးက အလေးအထားသင့်တဲ့ အကြောင်းအချက်တခု ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းအချက်အလက်တွေ၊ ထုတ်ပြန်ကြေညာ ချက်တွေ နဲ့ ဒေသအလိုက်ကူးစက်ပြန့်နှံ့မှုတွေကို ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) က ဝက်ဘ်ဆိုက်နဲ့ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနတွေရဲ့ ဝက်ဘ်ဆိုက်မှာ ဝင်ရောက်လေ့လာနိုင်ပါ တယ်။ ကပ်ရောဂါကူးစက်မှုနဲ့ ကာကွယ်ဆေးထိုးနှံမှု ဆိုင်ရာ အချက်အလက်တွေကို ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ Coronavirus Resource Center ဝက်ဘ်ဆိုက်၊ Our World in Data ဝက်ဘ်ဆိုက်တွေအပြင် ရိုက်တာသတင်းဌာနကဖော်ပြထားတဲ့ Covid-19 Tracker မှာလည်း ကြည့်နိုင်ပါတယ်။
27 Nov 2021

သေဆုံးမှုအချက်အလက်များ

ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၂) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်ကောင်စီရဲ့ အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးခံရစဉ် ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရသူ အားလုံးကို ပေါင်းလိုက်ရင် (နိုဝင်ဘာ ၂၅ ရက်အထိ စာရင်းအရ) အရပ်သား အရေအတွက် ၁,၂၉၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ လွတ်လပ်သော အဖွဲ့အစည်းတရပ် ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) က နိုဝင်ဘာ ၂၅ ရက်အထိ ပြုစုထားတဲ့ မှတ်တမ်းတွေအရ သေဆုံးသူ၁,၂၂၄ ဦးရဲ့ အချက်အလက်တွေကို ရရှိထားပြီး၊ ဒီစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘဲ ကျန်နေသူ အများအပြားလည်း ရှိနိုင်ပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီဘက်ကလည်း သေဆုံးသူ အရေအတွက် ထုတ်ပြန် လာတာတွေ ရှိပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ သေဆုံးသူ ၁,၅၆၄ ဦး ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲ့ဒီ၁,၅၆၄ ဦးထဲမှာ ဒလန်လို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခံရသူ ၄၀၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်နဲ့ မိသားစု ၂၅၃ ဦး၊ အခြားအကြောင်း တွေကြောင့် သေဆုံးသူ ၂၂၈ ဦး၊ မြို့နယ် အဆင့်နဲ့ ရပ်/ကျေးတာဝန်ရှိသူ ၁၉၈ ဦး၊ ဆန္ဒပြစဉ် ဖြိုခွင်းခံရမှုကြောင့် သေဆုံးရသူ ၁၉၂ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦး၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၅ ဦး၊ ဗုံးဖောက်ခွဲမှုတွေကြောင့် သေဆုံးသူ ၆၉ ဦး၊ အစိုးရဝန်ထမ်း ၃၈ ဦးနဲ့သံဃာတော် ၁၂ ပါးတို့ ပါဝင်ကြောင်း စစ်ကောင်စီက ဆိုထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ သူတို့ရဲ့ထုတ်ပြန်မှုသာ ဖြစ်ပြီးလွတ်လပ်တဲ့အဖွဲ့ အစည်းတွေရဲ့ သီးခြားအတည်ပြုချက်တော့ မရှိပါဘူး။ Download as PDF တခါ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်တွေအရ ဇွန်ကနေ နိုဝင်ဘာ ၆ ရက် အထိ ဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ပဋိပက္ခ ဖြစ်စဉ်များအတွင်း ပြည်သူ ၉၀၈ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီဘက်က ၂,၉၄၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။ဒီကိန်းဂဏန်းတွေ အတွက်လည်း လွတ်လပ်သော အဖွဲ့အစည်းများရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ◉ သေဆုံးသူ ဆက်တိုးနေဆဲ AAPP ရဲ့ မှတ်တမ်းတွေကို အခြေခံပြီး နိုဝင်ဘာ ၁၅ ရက်က ဖော်ပြခဲ့တဲ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၉) နဲ့ နှိုင်းယှဉ်ကြည့်ရင်သေဆုံးသူ အရေအတွက်က ၁,၂၅၈ ဦးကနေ အခု ၁,၂၉၃ ဦးထက်မနည်း ဖြစ်လာတာကြောင့် နှစ်ပတ်ကျော်ကာလအတွင်း သေဆုံးသူ ၃၅ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ ◉ လူငယ်၊ လူလတ်ပိုင်း သေဆုံးရမှုများ AAPP မှတ်တမ်းကို အခြေပြုထားတဲ့ သေဆုံးသူ အရေအတွက် ၁,၂၉၃ ဦးကို အသက် အုပ်စုအလိုက် ကြည့်တဲ့အခါ အသက် ၁၈နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေရော၊ အသက် ၃၁ နှစ်နဲ့ ၄၀နှစ် အကြား လူရွယ်တွေက အများဆုံး ဆက်ဖြစ်နေဆဲပါ။ သူတို့ပြီးရင်၄၁ နှစ်နဲ့ ၅၀အကြား အသက်အုပ်စုကလည်း သေဆုံးရမှု အများဆုံးဖြစ်ပါတယ်။ အများဆုံး သေဆုံးခဲ့ကြတဲ့ ဒေသကစစ်ကိုင်းတိုင်း ဖြစ်ပြီး၊ ရန်ကုန်က ဒုတိယနေရာမှာ ရှိနေပါတယ်။ ➥ အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၉) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ [link] ◉ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူများ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးနောက် သေဆုံးခဲ့ရသူ ၁၆၁ ဦးထက်မနည်း ရှိပါတယ်။ အဲ့ဒီအထဲမှာ ဖမ်းဆီးခံရစဉ် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးခဲ့ရသူ ၇၈ ဦး၊ စစ်ကြောရေးမှာ သေဆုံးခဲ့ရသူ ၆၃ ဦး၊ရဲစခန်း၊ အကျဉ်းထောင် စတဲ့နေရာတွေမှာ သေဆုံးခဲ့ရသူ ၂၀ ဦး ပါဝင်ပါတယ်။ စစ်ကြောရေး၊ ရဲစခန်း၊ အကျဉ်းထောင်လို နေရာမျိုးတွေမှာ သေဆုံးခဲ့ရသူ ၈၃ ဦးအနက် မန္တလေးတိုင်းက အများဆုံးဖြစ်ပြီး ၁၉ ဦးအထိ ရှိပါတယ်။ မန္တလေးတိုင်းက ဒုတိယအများဆုံးဖြစ်ပြီး ၁၈ ဦး၊ ရန်ကုန်တိုင်းက ၁၆ ဦးအထိ ရှိနေပါတယ်။ အသက်အရွယ်အားဖြင့် လူငယ်၊ လူရွယ်အများအပြားသေဆုံးခဲ့ရပြီး ၅၀ ဦးအထိ ရှိခဲ့ပါတယ်။ ကျား၊မ အရေအတွက်အားဖြင့် အမျိုးသား ၇၈ ဦးထက်မနည်း သေဆုံးပြီး အမျိုးသမီး ၅ဦးထက်မနည်း သေဆုံးခဲ့ကြရပါတယ်။ ◉ ဦးခေါင်းပစ်ခတ်ခံရသူ ၁၂၃ ဦးကျော်ရှိ AAPP မှတ်တမ်းတွေကို အခြေခံထားတဲ့ သေဆုံးရသူ အရေအတွက်အထဲမှာ ဦးခေါင်းကို ပစ်ခတ်ခံရတာကြောင့် သေဆုံးရသူအရေအတွက်က ၁၂၃ ဦးကျော် (သေဆုံးရသည့် အကြောင်းအရင်း သိရှိရသူ ၁,၀၁၄ ဦး၏ ၁၂ ရာခိုင်နှုန်း) အထိ ရှိပါတယ်။ဦးခေါင်းကို ပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးခဲ့ရသူတွေ ထဲမှာ အသက် ၁၈ နှစ်နဲ့ ၃၀ နှစ်အကြား လူငယ်တွေက ၅၂ ရာခိုင်နှုန်းအထိ အများဆုံး ဖြစ်ခဲ့ပါတယ်။ ဦးခေါင်း ပစ်ခတ်ခံရသူ အများဆုံး ဒေသက စစ်ကိုင်းတိုင်း ဖြစ်ပြီး ၃၀ ဦးအထိ ရှိပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အကြမ်းဖက် အင်အားသုံး ဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ အရေအတွက်နဲ့ ပစ်မှတ်ထား ပစ်ခတ်ခံရသူတွေ၊ ပစ်ခတ်ခံခဲ့ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လေ့လာကြည့်ခြင်းအားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဓိကရုဏ်း ဖြစ်စဉ်တွေကိုကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း ကျင့်ထုံးများနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိဆိုတဲ့အပေါ် လူ့အခွင့်ရေး ရှုထောင့်နဲ့အသွင် ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့အလေးထားသင့်သော ဒေတာ အချက်လက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အကြောင်းအချက်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု ကိစ္စတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။ နေ့စဉ် စုစည်း ဖော်ပြနေတဲ့ မှတ်တမ်းတွေကိုလည်း AAPP ရဲ့ ဝက်ဘ်ဆိုက်၊ Facebook စာမျက်နှာတွေမှာကြည့်ရှုနိုင်ပြီး၊ စာရင်းမှာ ပါဝင်ခြင်း မရှိသေးသူတွေ အတွက်လည်း AAPP ကို အချက်အလက်တွေ ပေးပို့နိုင်ပါတယ်။
24 Nov 2021

တိုက်ပွဲများ၊ အရပ်သားသေဆုံးမှုများနှင့် စစ်ပြေးဒုက္ခသည်များ

ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ (၂၀၂၁) အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၁) ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အခုအချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသားဒေသများမှာလည်းတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ တခါ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာပဲ တတိုင်းပြည်လုံးကို အရေးပေါ် အခြေအနေ ကြေညာပြီးအုံကြွခုခံစစ် စတင်ကြဖို့ တိုက်တွန်းခဲ့တာကြောင့် နိုင်ငံအနှံ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပိုများ လာပြီး ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေရဲ့ လှုပ်ရှားမှုတွေလည်း အရင်ထက် ပိုမို ပေါ်ထွက်လာပါတယ်။ Download as PDF ● ၁,၆၉၇ ကြိမ် ထက်မနည်း ဖြစ်ပွား စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက်ပိုင်း တိုင်းရင်းသား ဒေသတွေအပါအဝင် ဒေသအချို့မှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁,၆၉၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ် အတွင်းက KNU တပ်မဟာ နယ်မြေတွေမှာတော့အာဏာသိမ်း စစ်ကောင်စီနဲ့ KNU တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေ အများဆုံး ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ KIA ၊ MNDAA တို့အကြား တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ တဖန် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအစောပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားမှုရပ်နားနေတဲ့ ရခိုင်ပြည်နယ်မှာလည်း ယခုလအစောပိုင်းကမောင်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA တို့အကြားမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ တဆက်တည်းမှာပဲ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့အပြင် ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း တို့မှာပါအာဏာသိမ်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်က စပြီး နိုဝင်ဘာ ၂၀ ရက်အထိ ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအကြားအပြန်အလှန်ပစ်ခတ်မှု အကြိမ် ၂၃၀ ထက်မနည်း ဖြစ်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ခုခံတော်လှန်စစ်ကြေညာပြီးနောက်ပိုင်း စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၂၀ ရက် အတွင်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ၁၂၉ ကြိမ်ထက် မနည်း ရှိလာခဲ့ပါတယ်။ ● အရပ်သား ၁,၅၃၃ ဦးကျော် သေဆုံး စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ အရေအတွက်ဟာ(နိုဝင်ဘာ ၂၀ ရက်အထိ) ၁,၅၃၃ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒီအထဲကမှ ၁,၂၈၁ ဦးဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖြိုခွင်းမှုနဲ့ဖမ်းဆီးခံရစဉ် ရခဲ့တဲ့ ဒဏ်ရာတွေ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။ တိုက်ပွဲတွေနဲ့အပြန်အလှန် ပစ်ခတ်မှုတွေ ကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ အရေအတွက်က ၂၅၂ ဦး ထက်မနည်း ရှိခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) နဲ့ ISP-Myanmar က စုဆောင်းထားတဲ့မှတ်တမ်းတွေ ဖြစ်ပါတယ်။ အခြားတဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီတို့ကလည်း သေဆုံးမှု ကိန်းဂဏန်းတွေ ထုတ်ပြန်ထားပါတယ်။ NUG ရဲ့ စာရင်းအရ ငါးလကျော်ကြာ ကာလအတွင်း တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ် ၂,၅၃၀ ကြိမ်ရှိခဲ့ပြီး၊ အရပ်သားသေဆုံးမှုက ၉၀၈ ဦး ရှိပါတယ်။ စစ်ကောင်စီဘက်မှ သေဆုံးသူ ၂,၉၄၁ ဦး ရှိတယ်လို့လည်း NUG က ဆိုပါတယ်။ စစ်ကောင်စီကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာတော့ အောက်တိုဘာ ၂၁ ရက်အထိ သေဆုံးသူ ၁,၃၃၇ ဦးရှိတယ်လို့ ပြောပါတယ်။ ဒီအထဲမှာမှ၁,၁၉၀ ဦးကို အမျိုးအစားခွဲတဲ့အခါ ဒလန်လို့ စွပ်စွဲခံရပြီး သေဆုံးသူ ၄၀၆ ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင်၊ မိသားစုတွေနဲ့ ပါတီထောက်ခံသူ ၂၅၃ ဦး၊ အစိုးရဝန်ထမ်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄၀ ဦး၊ မြို့နယ်အဆင့်နဲ့ ရပ်ကွက်ကျေးရွာ တာဝန်ရှိသူ ၃၂၂ ဦးနဲ့ ဗုံးဖောက်ခွဲမှု တွေကြောင့် သေဆုံးသူ ၆၉ ဦးရှိတယ်လို့ ဆိုပါတယ်။ NUG နဲ့ စစ်ကောင်စီက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအတွက်လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ သီးခြားအတည်ပြုချက် မရှိပါဘူး။ ● နေအိမ် ၈၇၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရ ၂၀၂၁ ခုနှစ် ဇွန်မှ နိုဝင်ဘာ ၂၀ ရက်အထိ ငါးလတာကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှု များအတွင်းအရပ်သားပြည်သူတွေရဲ့ နေအိမ်များ မီးရှို့ဖျက်ဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ အများစုက ချင်းပြည်နယ် နဲ့မကွေးတိုင်းမှ ဖြစ်ပြီး ချင်းပြည်နယ်မှာ ၄၄၇ လုံးထက်မနည်း၊ မကွေးတိုင်းမှာ ၃၂၈ လုံး ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။မီးရှို့မှုတွေကို စစ်ကောင်စီဘက်မှ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဖော်ပြကြပေမဲ့ အိမ်ခြေ ၂၄၀ ကျော်အနက် ၂၀၀ ခန့် မီးလောင်ကျွမ်းခဲ့တဲ့ ကင်းမရွာ ဖြစ်စဉ်နဲ့ အောက်တိုဘာ ၂၉ ရက် ထန်တလန်ဖြစ်စဉ်တို့ကို တော့ သူတို့ လုပ်တာမဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ထားပါတယ်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်က ဖော်ပြခဲ့တဲ့ အချက်အလက်တွေနဲ့ နှင့်နှိုင်းယှဉ်တဲ့အခါ(အလေးထားရမည့် အကြောင်းအချက်များ အမှတ်-၅၆ ကို ရှုပါ) မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၄၂ လုံးထက်မနည်း တိုးလာခဲ့တာဖြစ်ပါတယ်။ ● စစ်ပြေးဒုက္ခသည် ၅၃,၀၀၀ ကျော် တိုးလာ တိုက်ပွဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နိုဝင်ဘာလအတွင်း စစ်ပြေးဒုက္ခသည် ၅၃,၀၇၀ ဦးကျော် ထပ် တိုးလာပါတယ်။နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနဲ့ ရေဦးမြို့နယ်များမှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ခန့်ကို စစ်ကောင်စီဘက်မှ ဝင်ရောက်စီးနင်းမှုများရှိခဲ့ပြီး အဆိုပါရွာများမှ ဒေသခံပြည်သူ ၃၅,၀၀၀ ကျော်မှာ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။ ကသာမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ ကာကွယ်‌ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက အနီးရှိ မိုးတားလေးရွာအတွင်းက လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ၁,၀၀၀ ခန့် မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ Myanmar Now သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တဖန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ဟိုင်းပုကျေးရွာအတွင်း SSPP/SSA အဖွဲ့ပါဝင်တဲ့ တပ်ပေါင်းစု ဝင်ရောက်လာပြီးနောက် ဟိုင်းပုကျေးရွာအပါအဝင် အနီးအနားရှိ ဒေသခံ ၁,၀၀၀ ကျော်မှာ ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။ ဒါ့အပြင်တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သစ်ကတိုးနဲ့ ဟာမြင်းကြီးကျေးရွာတို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာများမှ လူအချို့ကို ဝင်ရောက်ဖမ်းဆီးမှုများ ရှိတာကြောင့် အနီးအနားရှိ ကျေးရွာလေးရွာမှ ဒေသခံ ၅၀၀ ကျော်မှာထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ တဖန် ၂၀၁၉ နှစ်ဦးပိုင်းမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာအထိ ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ AA အဖွဲ့တို့ အကြား တိုက်ပွဲများကြောင့်စစ်ပြေးရှောင်နေရတဲ့ ဒုက္ခသည်တွေအနက် အချို့မှာ နေရပ်ပြန်မှုများ ရှိခဲ့ပါတယ်။ ယခုလအစောပိုင်းမှာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က စစ်ဘေးရှောင် ၃၀၀ခန့်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်အချို့ နေရပ်ပြန်လာခဲ့ကြပါတယ်။ နေရပ်ပြန်စစ်ဘေးရှောင်များအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှုများ ရှိပေမဲ့ မြေမြှုပ်မိုင်း အန္တရာယ်နဲ့ ပတ်သက်ပြီး စိုးရိမ်နေရကြောင်း သိရပါတယ်။ ➥အလေးထားရမည့် အကြောင်းအချက်များ အမှတ် (၅၆) ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။ ∎ ဘာကြောင့်အလေးထားသင့်သလဲ အာဏာသိမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကိုလေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိအပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။ ∎ တွဲဖက်လေ့လာသင့်သည်များ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။