Latest ရှမ်းနှင့် ရခိုင်ရှိ အခြေစိုက်တပ်စခန်း အများစုကို စစ်ကောင်စီ လက်လွှတ်ထားရ ISP Mapping by bruce-makedotcom
Latest ငလျင်ကြီးနောက်ပိုင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိခဲ့ Insight Email by bruce-makedotcom
12 Jun 2021 Conflict, Peace & Security လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအကြား မဟာမိတ်ဖွဲ့ခြင်း၏ အရေးပါမှု အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၁) Download PDF Version စစ်အာဏာသိမ်းမှုနဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေဟာ အချိန်လေးလကျော် ရှိလာပါပြီ။ စစ်အာဏာသိမ်း ကောင်စီက လူထုအပေါ် အကြမ်းဖက် နှိမ်နှင်းမှုတွေ ပြင်းပြင်းထန်ထန် ရှိခဲ့သလို လူထုလှုပ်ရှားမှု ပုံစံကလည်း လက်နက်ကိုင် တော်လှန်ရေးဘက်ကိုဦးတည် ပြောင်းလဲလာတာ တွေ့ရပါတယ်။ နေရာဒေသအသီးသီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာပြီး ရရာ လက်နက်စွဲကိုင်တော်လှန်လာတဲ့ အခြေအနေတွေကိုလည်း တွေ့လာရပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်ရဲ့ရှေ့ပြေးအဖြစ် ပြည်သူ့ ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဖယ်ဒရယ် မဟာမိတ်တပ်ပေါင်းစု ပုံစံမျိုး ကနေတဆင့် ဖယ်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းသွားမယ်လို့ ပြောထားတာတွေလည်း ရှိပါတယ်။ ဒီအချိန်မှာ အာဏာသိမ်း စစ်ကောင်စီနဲ့အမျိုးသား ညီညွတ်ရေးအစိုးရ NUG တို့အကြား ပါဝါချိန်ခွင်လျှာ အပြောင်းအလဲက NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ EAOs တွေအကြား မဟာမိတ် ဖွဲ့နိုင်မှုအပေါ် အဓိက မူတည်လာပါတယ်။ ဒါကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေးနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းအကြား မဟာမိတ်ဖွဲ့မှုဟာ အလေးထားရမယ့် အကြောင်းအချက်တခုဖြစ်လာပါတယ်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ∎ ဆိုလိုရင်း အနှစ်ချုပ် တော်လှန်ရေးအဖွဲ့တွေ အရေအတွက် အများအပြား ပါဝင် တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ အခြေအနေမျိုးမှာတော်လှန်ရေး အုပ်စုတွေအကြား ဘာကြောင့် မဟာမိတ် ဖွဲ့ကြသလဲ၊ အဖွဲ့စည်းအသီးသီးဟာ သူတို့ရဲ့ ရှိရင်းစွဲ အခြေအနေတွေမှာအပြောင်းအလဲ အဖြစ်ခံ စွန့်စားပြီး မဟာမိတ်ဖွဲ့မှု အခြေနေသစ်၊ စိန်ခေါ်မှုအသစ်မျိုးကို ဘယ်လို အကြောင်းချက်တွေရဲ့ ဆွဲဆောင်မှုကြောင့် အရဲကိုးလက်ခံဖို ဆုံးဖြတ်ရသလဲ၊ ဒါ့အပြင် မဟာမိတ်ဖွဲ့တယ် ဆိုရင်ရော ဘယ်လိုပုံစံ စုဖွဲ့မှုမျိုးနဲ့ မဟာမိတ် ဖွဲ့ကြသလဲ ဆိုတဲ့ မေးခွန်းတွေကို သုတေသီတွေ၊ ပညာရှင်တွေက ရှာဖွေ လေ့လာကြပါတယ်။ သုတေသနတခုကတော့တော်လှန်ရေးတပ်ဖွဲ့တွေ အများအပြား ပါဝင်နေတဲ့ လက် နက်ကိုင် ပဋိပက္ခ အခြေအနေမျိုးမှာ တော်လှန်ရေး တပ်ဖွဲ့တွေအကြားမဟာမိတ်ဖွဲ့မှုကို စဉ်းစားတဲ့ အခါ လွှမ်းမိုးနေတဲ့ အဓိက အချက်ကြီး သုံးချက်ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချက်တွေကတော့ (၁) တော်လှန်ရေး အိုင်ဒီရော် လိုဂျီ (Revolutionary Ideology)၊ (၂) ပါဝါ (Power) နဲ့ (၃) ပြင်ပနိုင်ငံတခုခုရဲ့ကျောထောက် နောက်ခံပေးမှု(State Sponsorship) တို့ ဖြစ်ပါတယ် (Gade, Gabbay, Hafez, & Kelly, 2019)။ ပထမဆုံး အချက်ဖြစ်တဲ့ တော်လှန်ရေး အိုင်ဒီရော်လိုဂျီကို စဉ်းစားကြတဲ့အခါ ရန်-ငါ ခွဲပြီး ပဋိပက္ခကို ရှု့မြင်ပုံ (တနည်းအားဖြင့်) ဒီပဋိပက္ခမှာ ဘယ်သူက ကိုယ့်လူလဲ၊ ဘယ်သူက သူ့လူလဲ ကတ္တားခြား ရှုမြင်ပုံမျိုးက အခရာ ကျပါတယ်။ တခါ ပဋိပက္ခအလွန်မှာပေါ်ပေါက်လာမယ့် အခင်းအကျင်း အသစ်အောက်မှာ မျှော်လင့်ထားတဲ့ အနာဂတ် မျှော်ရည်ချက် စံပြု နိုင်ငံရေး စုဖွဲ့မှုမျိုး၊ ဒါ့အပြင် နယ်မြေခွဲဝေမှုနဲ့ ပတ်သတ်တဲ့ မျှော်မှန်းချက်များ စတာတွေအပေါ် အခြေခံတတ်ကြပါတယ်။ ဒုတိယ လွှမ်းမိုးနေတဲ့ အချက်ဖြစ်တဲ့ ပါဝါ (Power) စဉ်းစားချက်မှာတော့ အဓိကအားဖြင့် အင်အားအသုံးပြုနိုင်စွမ်း ဘယ်လောက်အထိ တူညီတယ်၊ဘယ်လောက်အထိ ကွာဟတယ် ဆိုတဲ့အပေါ် အခြေပြု စဉ်းစားတာမျိုး ဖြစ်ပါတယ်။ သဘောကတော့ တော်လှန်ရေး အဖွဲ့တွေအကြား အိုင်ဒီရော် လော်ဂျီတင်မက တပ်အင်အား ဘယ်လောက်ကြီးလဲ၊ လက်နက်ဘယ်လောက် ပေါသလဲ၊ စွမ်းရည်ဘယ်လောက် ထက်သလဲ၊ အရင်းအမြစ်ဘယ်လောက်ရှိသလဲ ဆိုတဲ့အချက်တွေကို ထည့်စဉ်းစားတဲ့ သဘောပါပဲ။ မဟာမိတ်ဖွဲ့တယ် ဆိုပြီး နူတ်ခမ်းပဲ့ခြင်း မီးမှုတ်နေတာမျိုး မဖြစ်ချင်ကြလို့ ပါဝါစဉ်းစားချက်ဟာ အရေးပါတာ ဖြစ်ပါတယ်။ တတိယ အချက်ဖြစ်တဲ့ ပြင်ပနိုင်ငံ တခုခုရဲ့ ကျောထောက် နောက်ခံပေးမှု မှာဆိုရင် တူညီတဲ့ တတိယ နိုင်ငံတခုခုက ကျောထောက် နောက်ခံပေးထားတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအချင်းချင်းအကြား မဟာမိတ်ဖွဲ့မှုဟာ ဖြစ်ဖို့ လွယ်ကူလေ့ရှိပြီး ကျောထောက် နောက်ခံပေးတဲ့နိုင်ငံမတူညီရင်တော့ မဟာမိတ်ဖွဲ့မှု အတွက် အကန့်အသတ် ရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ ∎ ဘာကြောင့် အလေးထားသင့်သလဲ လက်နက်ကိုင် ပုန်ကန်မှုတွေ ဖြစ်နေတဲ့ အခြေအနေတွေမှာ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေ အကြားက မဟာမိတ်ဖွဲ့မှုတွေဟာ ကစားပွဲအပြောင်းအလဲ (Game-Changer) လို့ ညွှန်းကြတဲ့အထိ ဖြစ်စဉ်တခုလုံး အပြောင်းအလဲတွေကို ဖြစ်စေပါတယ်။ ဒါကြောင့်လည်း အင်အား ကြီးမားတဲ့ အုပ်စိုးသူတပ် (ဝါ) ပြိုင်ဖက်တပ် တွေအနေနဲ့ သူတို့ရဲ့ ဆန့်ကျင်ဘက် တော်လှန်ရေး တပ်ဖွဲ့တွေမဟာမိတ်ဖွဲ့ပြီး အင်အား ကြီးမားလာမှု မရှိအောင် နည်းမျိုးစုံနဲ့ ကြိုးစားလေ့ ရှိကြပါတယ်။ ဒါ့အပြင် မဟာမိတ်ဖွဲ့မှုနဲ့ ပတ်သက်ပြီးသုတေသီ Akcinaroglu က ၁၉၄၆ ခုနှစ်ကနေ ၂၀၀၈ ခုနစ်အတွင်း တကမ္ဘာလုံးမှာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေရဲ့ တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၃၄၅ ခုကို လေ့လာခဲ့ပါတယ်။ ဒီသုတေသနရဲ့ ရလဒ်အရတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်သုံးချက်အပေါ်အခြေခံပြီး တော် လှန်ရေး အဖွဲ့အစည်းပေါင်း ၁၈၁ ခု (စုစုပေါင်း ၅၂ ရာခိုင်နှုန်း) ဟာ အခက်အခဲတွေကြားထဲက မဟာမိတ် ဖွဲ့မှုတွေကို ပြုလုပ်ခဲ့ကြတယ်လို ဆိုပါတယ် (Akcinaroglu 2012)။ ဒါကြောင့် ဒီလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ အကြားကမဟာမိတ်ဖွဲ့မှု အယူအဆဟာ အင်မတန်မှ အရေးကြီးလှပြီး အလေးထားဖို့ လိုအပ်ပါတယ်။ ∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား ကမ္ဘာ့အကြာဆုံး ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ တော်လှန်ရေး တပ်ဖွဲ့တွေ အကြား မဟာမိတ်စုဖွဲ့မှုဟာ ကြန်အင် လက္ခဏာတရပ် ဖြစ်နေပါပြီ။ ဒါ့အပြင် စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက် ဖြစ်တဲ့ စစ်ရေး ပဋိပက္ခများလည်း ကျယ်ပြန့်လာတာမို့လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအကြား မဟာ မိတ်ဖွဲ့မှုတွေကို လေ့လာတာဟာ မြန်မာနိုင်ငံအတွက် ဆီလျော်မှုရှိပါတယ်။ ရှေ့မှာ ဖော်ပြခဲ့တဲ့ သုတေသနအရ ပထမဆုံးအချက် ဖြစ်တဲ့ တော်လှန်ရေးအိုင်ဒီရော်လိုဂျီဟာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေအကြား မဟာမိတ်ဖွဲ့မှုအပေါ် အတော်လေး လွှမ်းမိုးမှု ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင် တော်လှန်ပုန်ကန်မှုတွေရဲ့ နောက်ဆုံး နိုင်ငံရေးရည်မှန်းချက်ဟာ ဖယ်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးလို့အကြမ်းဖျင်းယူဆနိုင်ပါတယ်။ ဒါပေမဲ့ ရခိုင့်တပ်တော်လို့ အချိန်အနည်းငယ် အတွင်းမှာ အင်အား တောင့်တင်းလာတဲ့ အဖွဲ့အစည်းကတော့ အနိမ့်ဆုံးအဆင့် ကွန်ဖက်ဒရေးရှင်းပုံစံမျိုး လိုချင်တယ်လို့ ပေါ်ပေါ်ထင်ထင် ပြောဆိုထားတာမျိုးလည်း ရှိပါတယ်။ ဒါ့အပြင် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ထိန်းချုပ်ထားတဲ့ ဝ ပြည်နယ်လို ဟာမျိုးဆိုရင် တရားဝင်ပြည်နယ်ဆိုတဲ့ အသိအမှတ်ပြုမှုမျိုး မပေးထားပေမဲ့ သာမန်ပြည်နယ် တခုထက် ပိုတဲ့ ပုံစံမျိုးအဖြစ် ရှိနေတာပါ။ ဒီလို မတူညီတဲ့မျှော်မှန်းချက်၊ အခွင့်အလမ်း ဖန်တီးနိုင်စွမ်းတွေကြောင့်လည်း တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ အခုဖြစ်နေတဲ့ စစ်အာဏာသိမ်းမှုကနေ ပေါ်ပေါက်လာတဲ့ ပဋိပက္ခအပေါ် ရှုမြင်ပုံ၊ ဒီပဋိပက္ခကနေ ဖြစ်လာနိုင်မယ့် နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းနဲ့အာဏာသိမ်း စစ်ကောင်စီက လုပ်နေတဲ့ စစ်ဆင်ရေးတွေကြောင့် ဖြစ်ပေါ်လာမယ့် နယ်မြေစိုးမိုးမှု၊ နယ်မြေလက်လွှတ် ဆုံးရှုံးရမှုကိစ္စတွေပေါ်မူတည်ပြီး ဘယ်သူတွေနဲ့ မဟာမိတ်ဖွဲ့ရမလဲ ဆိုတာကို စဉ်းစားနိုင်ခြေရှိတယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒုတိယ အချက်ဖြစ်တဲ့ ပါဝါကတော့ အခုလို စစ်အာဏာသိမ်းထားတဲ့ နိုင်ငံရေးအခြေအနေမျိုးမှာ ပိုပြီး အရေးကြီးတဲ့ အချက်တခုဖြစ်ပါတယ်။ စစ်ရေးအင်အား မတူညီသော်လည်း နိုင်ငံရေးအရ ဆွေးနွေးပြီး စုဖွဲ့မှု လုပ်ထားတဲ့ NCA ဖြစ်စဉ်ထဲက PPST လိုအဖွဲ့မျိုးဟာ နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချဖို့အတွက် လိုအပ်တဲ့အချိန်မှာ ဖွဲ့ခဲ့တဲ့ စုဖွဲ့မှုမျိုး ဖြစ်ပါတယ်။ အဲ့ဒီအချိန်တွေတုန်းကလည်းအင်အားချင်း သိပ်မကွာတဲ့ အဖွဲ့တွေအကြားမှာ မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ဆိုပြီး စစ်ရေးမဟာမိတ် ဖွဲ့တာမျိုးတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးအင်အားကို ပိုအသားပေးတဲ့ အခုလို နိုင်ငံရေး အခြေအနေမျိုး ပြောင်းလဲသွားတဲ့ အခါမှာတော့ မဟာမိတ်စုဖွဲ့မှု စဉ်းစားချက်က “နိုင်ငံရေးလျို စစ်အင်အားပို” ဆိုတဲ့ တွက်ချက်မှုဘက်ကို ပိုကဲလာမလားဆိုတာ ဆင်ခြင်ကြည့်စရာပါ။ ဥပမာပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ PPST ရဲ့ အစည်းဝေး (၁၅/၂၀၂၁) အရဆိုရင် စုဖွဲ့မှုအသစ် ဖော်ဆောင်နိုင်ဖို့အတွက် ညီနောင် တိုင်းရင်းသား လက်နက်ကိုင်များအားလုံးနဲ့ပါ ချိတ်ဆက် မဟာမိတ်ဖွဲ့ဖို့ ထုတ်ဖော် ပြောဆိုလာတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ မဟာမိတ်ဖွဲ့မှုတွေမှာ ဒီဒုတိယအချက်ကလည်း အရေး ပါပါတယ်။ တတိယအချက်ဖြစ်တဲ့ ပြင်ပ နိုင်ငံတခုခုရဲ့ ကျောထောက် နောက်ခံရယူမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေက အတိအလင်း ငြင်းဆန်ကြပေမယ့် မကင်းရာ မကင်းကြောင်းတွေ ရှိနေကြတာကိုတော့အားလုံးလိုလို လက်ခံကြပါတယ်။ မြောက်ပိုင်း မဟာမိတ်လို စစ်ရေး မဟာမိတ်အဖွဲ့တွေနဲ့ FPNCC လို နိုင်ငံရေး မဟာမိတ်အဖွဲ့တွေအပေါ်မှာ တရုတ်နိုင်ငံရဲ့ သြဇာ အထိုက်အလျောက် လွှမ်းမိုးနေတာ ကိုလည်း တွေ့ရပါတယ်။ အဲ့ဒီအထဲ ပါဝင်တဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အများစုဟာ တရုတ် – မြန်မာ နယ်စပ်မှာ လှုပ်ရှားလေ့ ရှိကြပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား တချို့ဟာလည်းအဲ့ဒီအဖွဲ့အစည်းတွေနဲ့ ဆက်စပ်တဲ့ နယ်မြေတွေမှာ ရှိနေပါတယ်။ ဒါကြောင့် အဲ့ဒီတရုတ်-မြန်မာနယ်စပ်ဒေသတလျောက် လှုပ်ရှားနေတဲ့ လက်နက်ကိုင် တပ်တွေရဲ့ မဟာမိတ် စုဖွဲ့မှု စဉ်းစားချက်မှာ ပြင်ပနိုင်ငံရဲ့အခန်းကဏ္ဍကို ထည့်သွင်း တွက်ချက်ရတာဟာအချက် တချက်အဖြစ် ပါဝင်နေတာပါပဲ။ အလားတူပဲ ထိုင်း-မြန်မာ နယ်စပ်တလျောက် လှုပ်ရှားနေတဲ့ လက်နက်ကိုင် တော် လှန်ရေးတပ်တွေရဲ့ မဟာမိတ် စုဖွဲ့မှုမှာလည်း ဆိုင်ရာ ပြင်ပနိုင်ငံရဲ့ အခန်းကဏ္ဍဟာ အရေးပါတဲ့အချက် တချက် ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း အပြန်အလှန် အကျိုးစီးပွားတွေအရ ဒီမဟာမိတ် အဖွဲ့ဝင်တွေ ဟာ ဆက်စပ်မှုရှိတဲ့ ပြင်ပနိုင်ငံရဲ့ တိုက်ရိုက်(ဝါ) သွယ်၀ိုက် ထောက်ပံ့မှုမျိုးကို ရနေတာလို့ ဆိုရမှာပါ။ အချုပ်အားဖြင့် ဆိုရရင်တော့ ဖော်ပြခဲ့တဲ့ အချက် သုံးချက်စလုံးက မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေအကြား မဟာမိတ်ဖွဲ့ဖို့ စဉ်းစားရာမှာ လွှမ်းမိုးမှုရှိတဲ့ အကြောင်းအချက်တွေ ဖြစ်ပါတယ်။ ဒီသုတေသနမှာ ထည့်သွင်းထားခြင်း မရှိတဲ့ အချက်တခုအဖြစ် လက်နက်ကိုင်တပ်တွေအနေနဲ့ စစ်စီးပွားရေး (war economy) ကြောင့် ရရှိတဲ့ အကျိုးစီးပွား ချိတ်ဆက်ယှက်ဖြာနေမှုလိုမျိုးတွေကလည်း လက်နက်ကိုင် တပ်တွေ အကြား မဟာမိတ်စုဖွဲ့မှု စဉ်းစားပုံကို သက်ရောက်စေနိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဖော်ပြပါ အကြောင်းအချက် သုံးချက်ကို လေ့လာထားခြင်းဟာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေးနဲ့တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းအကြား မဟာမိတ်ဖွဲ့မှု အကြောင်းတရားတွေအပေါ် သိမြင်နားလည်မှု ပိုတိုးစေပြီး တိုင်းပြည်မှာ အပြောင်းအလဲ ဖန်တီးလိုသူများအတွက် စဉ်းစားစရာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ∎ Further Readings Akcinaroglu, S. (2012). Rebel interdependencies and civil war outcomes. Journal of Conflict Resolution, 56(5), 879-903. Gade, E. K., Gabbay, M., Hafez, M. […]
7 Jun 2021 Conflict, Peace & Security အန်တုတော်လှန်ရေးနှင့် ပြည်တွင်းစစ်အကြား အဆက်အစပ်ကို လေ့လာခြင်း အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၃၀) Download PDF Version နွေဦးတော်လှန်ရေးလို့ ထင်ရှားလာတဲ့ မြန်မာ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုဟာ အကြမ်းမဖက် လူထုတိုက်ပွဲကနေ၊ လက်နက်ကိုင် တိုက်ပွဲအဖြစ် ပြောင်းလဲလာတာ (ဝါ) တိုက်ပွဲပုံစံ နှစ်ခုကို ပေါင်းစပ် ကျင့်သုံးလာတာ တွေ့လာရပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒေသအတော်များများမှာ ဖွဲ့စည်းလာကြပြီး အာဏာသိမ်း စစ်ကောင်စီ တပ်တွေနဲ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒီတိုက်ပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တချို့ပါ ပါဝင်လာပါတယ်။ တချိန်တည်းမှာပဲ ဒီအခြေနေတွေကြောင့် နဂိုကတည်းက အရှိန် ပြန်ရလာနေတဲ့ မြန်မာ့ပြည်တွင်းစစ်ဟာ ပိုမိုမီးတောက်လောက်တော့မလား ဆိုတဲ့ဆွေးနွေးမှုတွေလည်း ရှိလာပါတယ်။ ဒါကြောင့် မြန်မာ့နွေဦး တော်လှန်ရေးရဲ့လက္ခဏာကို ကနဦး ဆန်းစစ်သုံးသပ်မှုတွေ လုပ်ဖို့ သင့်လှပါတယ်။ ∎ ဆိုလိုရင်း အနှစ်ချုပ် သမားရိုးကျ ဖွင့်ဆိုချက်မှာ တော်လှန်ရေးဆိုတာ အုပ်စိုးသူ အစိုးရနဲ့ သူ့ရဲ့နိုင်ငံရေး၊ လူမှုစီးပွားရေးစနစ်တွေကို ရုတ်ခြည်းပြောင်းလဲပစ်ဖို့ ဦးတည်တယ်၊ ပဒေသရာဇ်တွေရဲ့နန်းလျာ အလွှဲအပြောင်း စနစ်လို၊ ရွေးကောက်ပွဲလို စတဲ့ တည်ဆဲ အင်စတီကျူးရှင်းတွေကို အသုံးမပြုဘဲ လူထု ထောက်ခံမှုကို တိုက်ရိုက် ရယူပြီး အုပ်စိုးသူတွေနဲ့ သူတို့ကို ထောက်ခံသူ ရေပေါ်ဆီ အီလစ်တွေကိုအကြမ်းဖက် တိုက်ခိုက် တော်လှန် ပြောင်းလဲတာ၊ နိုင်ငံတော် အာဏာကို ရယူဖို့ ကြိုးစားတာ ဖြစ်ပါတယ် (Goldstone and Ritter 2019)။ ၁၇၈၉ ခုနှစ် ပြင်သစ် တော်လှန်ရေး ကနေ၊ ၁၉၇၉ ခုနှစ် အထိ ပေါ်ပေါက်ခဲ့တဲ့ တော်လှန်ရေးတွေကို လေ့လာတဲ့ ဖွင့်ဆိုချက်တွေမှာ တော်လှန်ရေး လက္ခဏာ သုံးရပ် တွေ့ရပါတယ်။ ဒါတွေကတော့ (၁) လူအဖွဲ့ စည်းရဲ့တန်ဖိုးထားမှုနဲ့ အင်စတီ ကျူးရှင်းတွေမှာ သိသာ ထင်ရှားတဲ့၊ တိုးတက်သော သဘောဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်ထွန်းခြင်း၊ (၂) နန်းတွင်း အရှုပ်တော်ပုံတွေနဲ့ မတူဘဲ လူထုတွေကိုယ်တိုင် အင်နဲ့ အားနဲ့ ပါဝင်ဆင်နွှဲခြင်း (၃) အကြမ်းဖက် တိုက်ခိုက်ခြင်း တို့ပဲဖြစ်ပါတယ် (Huntington 1968; Skocpol 1979)။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ဒီအချက်တွေကြောင့်ပဲ တော်လှန်ရေးဟာ အကြမ်းမဖက် လူထုလှုပ်ရှားမှုနဲ့ မတူဘူးလို့ လက္ခဏာ ခွဲခြား ဖော်ပြကြပါတယ်။အကြမ်းမဖက် လူထုလှုပ်ရှားမှုဆိုတာကတော့ အစိုးရတွေရဲ့ မူဝါဒနဲ့ ပြုမူဆောင်ရွက် ပုံတွေကို ပြောင်းလဲစေဖို့နဲ့ လူအဖွဲ့အစည်းရဲ့လက်ခံမှုတွေကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်တယ်။ ဒါကြောင့် အကြမ်းမဖက် လူထုလှုပ်ရှားမှုရဲ့ ရလဒ်ဟာ တော်လှန်ရေး ရလဒ်လောက် အခြေခံကျတဲ့ ပြောင်းလဲမှုကြီးတွေကို မဖြစ်စေဘူးလို့ သုတေသီတွေက ဆိုပါတယ်။ ဒါပေမဲ့ ၁၉၇၉ ခုနှစ် အီရန်နိုင်ငံမှာ ရှားဘုရင်ကို ဆန့်ကျင် ဖြုတ်ချခဲ့တဲ့ လူထုလှုပ်ရှားမှု အပြီးမှာတော့ ဒီယူဆချက်တွေကို ပြန်သုံးသပ်လာကြပါတယ်။ ၁၉၇၉ ခုနှစ် အီရန် လူထုတိုက်ပွဲဟာ အထွေထွေသပိတ်နဲ့ မြို့ကြီးတွေမှာ ဖြစ်တဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေနဲ့ပဲ အာဏာရှင်ကို ဖြုတ်ချခဲ့တာပါ။ လူထုတရပ်လုံး အင်နဲ့အားနဲ့ ပါဝင် တိုက်ပွဲဝင်ခဲ့ကြသလို၊ လှုပ်ရှားမှုရဲ့ရလဒ်အဖြစ်လည်း အစ္စလာမ်မစ် သမ္မတ နိုင်ငံတော်ကို ထူထောင်ခဲ့တာမို့ လူ့အဖွဲ့စည်းတွင်း တန်ဖိုးထားမှုနဲ့ အင်စတီကျူးရှင်းတွေကို အခြေခံကျကျပြောင်းလဲ ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုဘက်က အာဏာပိုင်တွေကို အကြမ်းဖက် တိုက်ခိုက်တယ် ဆိုတာ လုံး၀မရှိသလောက်ပါပဲ။ ဒီ အီရန်လူထုလှုပ်ရှားမှုဟာ အကြမ်းဖက်မှု မရှိတာကလွဲလို့ တော်လှန်ရေး လက္ခဏာတွေနဲ့ အကုန် ပြည့်စုံနေတာမို့ပညာရှင်တွေရဲ့ တော်လှန်ရေးနဲ့ လူထုလှုပ်ရှားမှုအကြား ခြားထားတဲ့မျဉ်းဟာ ပျက်ပြယ်သလို ဖြစ်သွားရပါတယ်။ နောက်ပိုင်းပေါ်ထွက်လာတဲ့ ဖီလစ်ပိုင်နိုင်ငံက အာဏာရှင် မားကို့စ်ကို ဖြုတ်ချတဲ့ ၁၉၈၆ ပြည်သူ့အာဏာတော်လှန်ရေး၊ ၁၉၈၉ ကနေ၁၉၉၁အတွင်း ဆိုဗီယက် ပြည်ထောင်စုနဲ့ အရှေ့ ဥရောပနိုင်ငံတွေမှာပေါ်ပေါက်ခဲ့တဲ့ ကွန်မြူနစ် အာဏာရှင်စနစ် တော်လှန်ရေးတွေ၊၂၀၀၀ ပြည့်နှစ်မှာ ဖြစ်ခဲ့တဲ့ ဆာဘီးယားရဲ့ ဘူလ်ဒိုဇာတော်လှန်ရေး၊ ၂၀၀၄ ခုနှစ် ယူကရိန်းနိုင်ငံရဲ့ လိမ္မော်ရောင် တော်လှန်ရေး၊၂၀၁၁ ခုနှစ်တွေက အာရပ်နွေဦးလို့ တင်စားခဲ့တဲ့ တူနီးရှားနဲ့ အီဂျစ်မှာ ဖြစ်ခဲ့တဲ့ အာဏာရှင် ဆန့်ကျင်ရေး တော်လှန်ရေးတွေကြောင့် တော်လှန်ရေးဆိုင်ရာ အယူအကောက်တွေ ပြောင်းလဲလာပါတယ်။ ဒါကြောင့် ပညာရှင်တွေက အန်တု တိုက်ပွဲဝင်တဲ့ နိုင်ငံရေး (contentious politics) ဆိုတဲ့ ယူဆချက် ဖော်ထုတ်ကြပြီး အကြမ်းမဖက်အန်တုတော်လှန်ရေးနဲ့ လက်နက်ကိုင် အန်တုတော်လှန်ရေးဆိုပြီး ခွဲခြား လေ့လာ ကြပါတယ်။ အကြမ်းမဖက် အန်တုတော်လှန်ရေး၊လက်နက်ကိုင် အန်တုတော်လှန်ရေးနဲ့ ပြည်တွင်း စစ်အကြား ဆက်စပ်မှုကိုပါ သုတေသနပြုလာကြတာကို စိတ်ဝင်စားဖွယ်လေ့လာရပါတယ်။ ∎ ဘာကြောင့် အလေးထားသင့်သလဲ အကြမ်းမဖက် တော်လှန်ရေး၊ လက်နက်ကိုင် တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အကြား ဆက်စပ်မှုကို လေ့လာရာမှာ ပြည်တွင်းစစ်ကိုအရင်ဆုံး အဓိပ္ပါယ်ဖွင့်ဖို့လိုပြန်ပါတယ်။ မြားမြောင်လှတဲ့ ဖွင့်ဆိုချက်တွေကို ချုပ်ရရင် ပြည်တွင်းစစ်ဆိုတာ အာဏာ၊ နယ်မြေစတဲ့ခွဲဝေမှု အပြောင်းအလဲ ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ လက်နက်ကိုင် စုဖွဲ့မှုရှိတဲ့ အင်အားစုတွေအကြား (အစိုးရနဲ့ ဆန့်ကျင်ဘက် တပ်တွေ အကြား ဒါမှမဟုတ် လက်နက်ကိုင် စစ်တပ်တွေအကြား) ရေရှည်စိုက်လိုက်မတ်တပ် တိုက်ပွဲတွေ ဖြစ်နေတာကို ဆိုလိုတာပါ။Uppsala Conflict Data Program (UCDP) ဒေတာ ပိုင်းဖြတ်ချက်အရ ပစ်ခတ်မှု တိုက်ပွဲတွေကြောင့် တနှစ်အတွင်း သေဆုံးသူ ၂၅ယောက်ရှိရင် လက်နက်ကိုင် ပဋိပက္ခလို့ သတ်မှတ်ပါတယ်။ Correlates of War (COW) ကတော့ ပစ်ခတ်မှု တိုက်ပွဲတွေကြောင့် တနှစ်အတွင်း လူ ၁၀၀၀ သေဆုံးရင် ပြည်တွင်းစစ် အဖြစ်သတ်မှတ်ပြီး၊ ပညာရှင် Sambanis ကတော့ တနှစ်အတွင်း လူ ၅၀၀ ကနေ၁၀၀၀ သေဆုံးရင် ပြည်တွင်းစစ် အဖြစ် သတ်မှတ်ပါတယ် (Newman and DeRouen 2014)။ အစဉ်အလာ သုတေသန တွေ့ရှိချက်တွေအရ လက်နက်ကိုင် အန်တုတော်လှန်ရေးက ပြည်တွင်းစစ်ကို မွေးဖွား ပေးတတ်တယ်။ သူနိုင် ကိုယ်ရှုံး ရုတ်ခြည်း ယတိမပြတ်ဘဲ အပြန်အလှန် အကြမ်းဖက်မှုတွေ အချိန် အကြာကြီး ဆက်ဖြစ်နေတတ်တဲ့ သဘောပါ။လူထုဆန္ဒ ဖော်ထုတ်ပြသတဲ့ အကြမ်းမဖက်အန်တု တော်လှန်ရေးကတော့ (အမေရိကန်ကျွန်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုလိုချွင်းချက်မျိုးက လွဲလို့) ပြည်တွင်းစစ်ကို မရှေးရှု စေတတ်ဘူး (Goldstone and Ritter 2019)။ ဒါပေမဲ့ ၂၁ ရာစု အကြမ်းမဖက် အန်တုတော်လှန်ရေး နဲ့ ပြည်တွင်းစစ် အဆက်အစပ်ကို လေ့လာတဲ့ သုတေသီတွေကတော့ အကြမ်းမဖက်အန်တု တော်လှန်ရေးကလည်းပြည်တွင်းစစ်ကို ဦးတည် သွားစေတယ်လို့ ဖော်ထုတ် တင်ပြလာကြပါတယ်။ သူတို့က ဆီးရီးယား၊ လစ်ဗျား၊ ယီမင်နဲ့ ယူဂိုစလားဗီယား နိုင်ငံတွေမှာ ဒီမိုကရေစီအတွက် အကြမ်းမဖက် အန်တု တော်လှန်ရေးတွေကနေ ပြည်တွင်းစစ်အဖြစ် ပဋိပက္ခ သက်ဆိုး ရှည်သွားခဲ့ရတာတွေကို စနစ်တကျ သုတေသန ပြုတင်ပြကြပါတယ် (della Porta et al. 2018)။ ဒါကြောင့် အရင်က ချွင်းချက်အဖြစ်သာ သဘောထားခဲ့ကြတဲ့ အကြမ်းမဖက် အန်တုတော်လှန်ရေး (အကြမ်းမဖက် လူထုလှုပ်ရှားမှု) ကနေ ပြည်တွင်းစစ်ကို ပြောင်းလဲသွားတတ်တဲ့ အခြေနေဟာ အလေးအနက် ထားသင့်တဲ့ လက္ခဏာခြင်းရာ တရပ် ဖြစ်လာပါတယ်။ ∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက် လူထု ဆန္ဒပြပွဲတွေဟာ အကြမ်းမဖက် အန်တု တော်လှန်ရေး ဖြစ်ပြီးကြွေးကြော်သံတွေမှာလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ ဖမ်းဆီးထားတဲ့ ပြည်သူတွေနဲ့ ခေါင်းဆောင်တွေကို လွှတ်ပေးရေး၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေး စတဲ့အချက်တွေကို အဓိက တောင်းဆိုတာ တွေ့ရပါတယ်။စစ်ကောင်စီက အကြမ်းဖက် ဖြိုခွဲမှုတွေ လုပ်ပြီးတဲ့ နောက်မှာတော့ ရပ်ရွာဒေသအလိုက် ကာကွယ်ရေး တပ်တွေပေါ်ပေါက်လာပြီးပြန်လည် တိုက်ပွဲဝင်တာ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ လက်တွဲပြီး လက်နက်ကိုင် အန်တု တော်လှန်တာတွေကို ပဲခူး၊ စစ်ကိုင်းကနေ၊ ချင်းပြည်နယ် မင်းတပ်မြို့အလယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည် နယ်ထဲက မြို့တွေအဆုံး ကျယ်ကျယ်ပြန့်ပြန့်တွေ့လာရပါတယ်။ တိုက်ပွဲ ဝင်နေသူ၊ ထောက်ခံနေ ကြသူတွေ အားလုံး လိုလိုက စစ်အာဏာရှင်စနစ် အမြစ်ပြုတ်အောင် နည်းပေါင်းစုံနဲ့ တော်လှန်မယ်၊ အထူးသဖြင့် လက်နက် အားကိုးတဲ့ စစ်ကောင်စီကို လက်နက်ကိုင် အန်တု တော်လှန်ရေး ဆင်နွှဲရမယ်လို့ခံယူလာကြတာကို တွေ့ရပါတယ်။ ဒီနေရာမှာ မြန်မာ့နွေဦး တော်လှန်ရေးဟာ အကြမ်းမဖက် အန်တုတော်လှန်ရေးကနေ၊ လက်နက်ကိုင်အန်တု တော်လှန်ရေးကိုပြောင်းလဲလာပါတယ်။ တော်လှန်ရေးရဲ့သဘောသဘာ၀အတိုင်း ကာလတို တခုအတွင်း မှာ လူထုထောက်ခံမှုကို တိုက်ရိုက်ရယူပြီးလက်နက်ကိုင် တိုက်ပွဲနဲ့ စနစ်ဟောင်း၊ ခေတ်ဟောင်းကို ရုတ်ခြည်း တော်လှန် ပြောင်းလဲ ပစ်နိုင်မလား၊ ဒါမှမဟုတ် ဆီးရီးယား၊ လစ်ဗျား၊ ယီမင်နဲ့ ယူဂိုစလားဗီယား နိုင်ငံတွေလို အကြမ်းမဖက် အန်တုတော်လှန်ရေး (လူထုဆန္ဒပြ လှုပ်ရှားမှုတွေကနေ) ပြည်တွင်းစစ်မီး တဟုန်းဟုန်းတောက် တာရှည်သွားမလား ဆိုတာ ဆွေးနွေးစရာဖြစ်လာပါတယ်။ တကယ်တော့ လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး တောက်လောင် နေခဲ့တာပါ။ UCDP ဒေတာပိုင်းဖြတ်ချက်အရ ကြည့်ရင် များသောအားဖြင့် တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှု တိုက်ပွဲတွေကြောင့် တနှစ်အတွင်း သေဆုံးသူ ၂၅ ယောက်ရဲ့အထက် ပုံမှန်ရှိနေတာမို့ လက်နက်ကိုင် ပဋိပက္ခ (ဝါ) ဖွဲမီးလို တငွေ့ငွေ့ လောင်နေတဲ့ပြည်တွင်းစစ် (low intensity civil war) လို့ ယေဘုယျ သတ်မှတ် နိုင်ပါတယ်။ တချို့ အချိန်တွေမှာဆိုရင် တနှစ်အတွင်း လူ ၅၀၀ကနေ ၁၀၀၀ အတွင်း သေဆုံးတာမို့ အဲ့ဒီလို နှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကို မီးအရှိန်မြင့်တဲ့ ပြည်တွင်းစစ်အဖြစ် သတ်မှတ်နိုင်ပါတယ် (ပုံကားချပ် ၁ ကို ကြည့်ပါ)။ ဒီလို နဂိုကတည်းက နာတာရှည် ပဋိပက္ခ ရှိထားရင်းစွဲ တိုင်းပြည်မှာ ပြည်တွင်းစစ်မီး တဖန်ဟုန်းဟုန်းတောက်ဖို့ ဖြစ်တန်ခြေ များတတ်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။ ဒါကြောင့် အကြမ်းမဖက် အန်တုတော်လှန်ရေးကနေပြီး လက်နက်ကိုင် အန်တုတော်လှန်ရေးကို ပြောင်းလဲသွားတာ၊ ဒီလက်နက်ကိုင် အန်တု တော်လှန်ရေးကနေမြို့ပြတိုက်ပွဲတွေနဲ့ နိုင်ငံတော် အာဏာကို သိမ်းယူတဲ့ ရုတ်ခြည်း အပြောင်းအလဲကို ဖန်တီးနိုင်မလား၊ ဒါမှမဟုတ် နဂို ရှိရင်းစွဲပြည်တွင်းစစ်မှာ ဒဏ်ရာသစ်တွေ ထပ်တိုးပြီး ပြည်တွင်းစစ် ကျယ်ပြန့် တာရှည် သွားမလားဆိုတာ ဆွေးနွေးစရာပဲဖြစ်ပါတယ်။သူနိုင် ကိုယ်နိုင် ရုတ်ခြည်း ယတိပြတ် အပြောင်းအလဲ ကို ဖန်တီးဖို့အားထုတ်တဲ့ အန်တု တော်လှန်ရေးတွေနဲ့ ပြည်တွင်းစစ် အကြားအဆက်အစပ်ကို လေ့လာတာဟာ မြန်မာ့အရေးကို ပိုမိုနားလည်နိုင်ဖို့ အထောက်အကူ ပြုတာမို့ မြန်မာနိုင်ငံနဲ့ အထူးဆီလျော်ပြီးအလေးထားသင့်တဲ့ အကြောင်းအချက် တရပ်ဖြစ်ပါတယ်။ ∎ Further Readings della Porta, Donatella […]
15 May 2021 Covid-19 and Myanmar သင်ယူမှု ဆုံးရှုံးခြင်း မဖြစ်စေရန် အရေးကြီးပါသည် အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၂၅) Download PDF Version ၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးကြောင့် နိုင်ငံတကာ နည်းတူ မြန်မာနိုင်ငံမှာလည်း စာသင်ကျောင်းတွေကို ပိတ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ သိမ်းခံရပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထု လှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ကျောင်းသား လူငယ်အများအပြား ဦးဆောင် ပါဝင်ခဲ့ကြသလို ဆရာ-ဆရာတွေ၊ကျောင်း-တက္ကသိုလ်တွေနဲ့ သက်မွေး တက္ကသိုလ်တွေကလည်း အကြမ်း မဖက် လှုပ်ရှားမှု (CDM) မှာ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။အာဏာသိမ်း စစ်ကောင်စီက လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲပြီး အခု (ကိုဗစ် တတိယလှိုင်း အန္တရာယ်ကိုစိုးရိမ်မှုတွေရှိ နေတဲ့ကြားက) ကျောင်းတွေကို ပြန်ဖွင့်ဖို့ ကြိုးစားလာပါတယ်။ တဖက်မှာလည်း “စစ်အာဏာရှင် လက်အောက် – ကျောင်းမတက်ရေး” လှုံ့ဆော်မှုတွေ ရှိပါတယ်။ ဒီအခြေအနေတွေ ကြားထဲမှာ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းများ (Learning losses) မဖြစ်စေရေးဟာ အလေးထားသင့်တဲ့ အကြောင်းအချက်တခု ဖြစ်လာပါတယ်။ ➤ ယခု ဆန်းစစ်ချက်အား အသံဖြင့် နားဆင်နိုင်ပါသည်။ ∎ ဆိုလိုရင်း အနှစ်ချုပ် နိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ချမှတ် ကျင့်သုံးကြတဲ့ မူဝါဒတွေမှာ လူသားရင်းမြစ် (Human capital) နဲ့လူ့အဖွဲ့အစည်းပေါ် ရင်းနှီး မြှုပ်နှံမှုတွေကို အများအပြား လုပ်ကြပါတယ်။ အထူးသဖြင့် ပညာရေး ကဏ္ဍက အရေးကြီးပါတယ်။လူတဦးချင်း ထုတ်လုပ်နိုင်စွမ်း တိုးတက်ဖို့အတွက် ကျွမ်းကျင်မှုတွေ ဖြည့်ဆည်း ပေးရပါတယ်။ စီးပွားရေးစနစ် တခုလုံးအတွက်တော့ ပြောင်းလဲလာတဲ့ နည်းပညာတွေကို အမီလိုက်ဖို့ ပညာရေးအခံ လိုအပ်ပါတယ်။ စီးပွားရေးနှင့် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (OECD) အစီရင်ခံစာ (၂၀၂၀) ရဲ့ ဖော်ပြချက်မှာ ပါရှိတဲ့ သုတေသနတွေအရ ကျောင်းတွေ ပိတ်ထားရတာကြောင့် တတန်းကနေ ၁၂ တန်း ပညာရေး ဆုံးရှုံးရသူ ကျောင်းသားတွေဟာ သူတို့ ဘဝ တသက်တာမှာ လစာဝင်ငွေ သုံးရာခိုင်နှုန်းအထိ လျော့နည်းသွားဖွယ် ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတွေအနေနဲ့တော့ ကျန်ရာရှိတဲ့ ရာစုနှစ် တလျောက်လုံး အခုလိုသင်ယူလေ့လာမှု ဆုံးရှုံးမှု အတွက် GDP ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း လျော့နည်းသွားဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။အထူးသဖြင့် အခွင့်အရေးနည်းတဲ့၊ ချို့ငဲ့တဲ့ ကျောင်းသား တွေအပေါ် ထိခိုက် သက်ရောက်မှု ပိုကြီးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ ပညာသင်နှစ်ကို ရပ်နားခဲ့ရပါတယ်။ အခုအခါမှာ စစ်အာဏာသိမ်းမှုကြောင့် လူငယ်တွေအပါအဝင် လူအများစုရဲ့ အနာဂတ်ဟာ မရေရာမှုတွေ ဖြစ်လာပါတယ်။ စစ်အာ သိမ်းမှုကြောင့် ဖြစ်လာတဲ့အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေကို (ခေတ်အဆက်ဆက် လူထု တော်လှန်ရေးများနည်းတူ) လူငယ်တွေကပဲအစပျိုး ဦးဆောင်ခဲ့ကြပါတယ်။ အာဏာသိမ်း စစ်ကောင်စီက အကြမ်း ဖက် ဖြိုခွဲမှုတွေ လုပ်ခဲ့တဲ့အပြင် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ကျန်းမာရေးနဲ့ ပညာရေး နယ်ပယ်က ပညာရှင်၊ ဝန်ထမ်းတွေကိုလည်း အလုပ်ဖြုတ်တာ၊ ပုဒ်မ ၅၀၅-က တပ်ပြီးတရားစွဲဆို အမှုဖွင့် ဖမ်းဆီးတာတွေ လုပ် ဆောင်နေပါတယ်။ ဒီကြားထဲမှာပဲ စစ်ကောင်စီက တက္ကသိုလ်ဆိုင်ရာ အဆင့်မြင့်ပညာသင်တန်းတွေကို မေလ ထဲမှာ ဖွင့်စေခဲ့ပြီး၊ ဇွန်လပိုင်းမှာ အခြေခံ ပညာကျောင်းတွေ ပြန်ဖွင့်ဖို့ ကြော်ငြာပါတယ်။ တဖက်မှာလည်းအာဏာသိမ်း စစ်ကောင်စီကို ဖီဆန်တဲ့ အနေနဲ့ “စစ်အာဏာရှင်အောက်က ပညာရေးကို ဆန့်ကျင်ရေး”၊ “ကျောင်းမတက်ရေး” လှုပ်ရှား တောင်းဆိုမှုတွေ ဖြစ်လာသလို တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား အများစုကလည်း ကျောင်းမတက်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။ ပိုစိုးရိမ်စရာ တခုကတော့ တက္ကသိုလ် ပရိ၀ုဏ်အတွင်းမှာ ဗုံးပေါက်ကွဲမှုလို ကိစ္စမျိုးတွေဖြစ်လာနေတာပါပဲ။ ဒီအခါမှာ နိုင်ငံရေးဘောင်ကို ကျော်ပြီး ပညာရေးကို စဉ်းစား သင့်ပါသလား၊ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းတွေ ဖြစ်ခဲ့ရင်ကျောင်းသား လူငယ်တဦးချင်း သာမက လူ့အဖွဲ့အစည်း၊ နိုင်ငံ၊ စီးပွားရေးစနစ် တခုလုံးအပေါ် ဘယ် လောက် သက်ရောက် နစ်နာနိုင်ပါသလဲ။ မူဝါဒ ချမှတ်သူများ၊ တော်လှန်ပြောင်းလဲရေးလိုလားသူများအနေနဲ့ စနစ်တကျ လေ့လာချင့်ချိန် ဆုံးဖြတ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ∎ ဘာကြောင့် အလေးထားသင့်သလဲ OCED/ Harvard survey (2020 May) လေ့လာချက်တွေအရ ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးကြောင့် ကျောင်းများ ပိတ်ထားရတဲ့အခါသင်ယူလေ့လာ ဆုံးရှုံးမှု၊ စီးပွားရေး သက်ရောက်မှုတွေ သာမက၊ ကျောင်းသား တဦးချင်း (ကလေးများနဲ့ အရွယ်ရောက်စ လူငယ်များ) ရဲ့ လူမှု- စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ စိတ်အားထက်သန်မှု ဆိုင်ရာ ဖွံ့ဖြိုးမှု တွေအပေါ် များစွာ သက်ရောက်တယ်လို့ ဖော်ပြပါတယ်။ အကြောင်းကတော့ စာသင်ခန်းဖော်များနဲ့ ထိတွေ့ ဆက်ဆံရမှု လျော့နည်းနေရလို့ ဖြစ်ပါတယ်။ UNICEF ရဲ့ ဖော်ပြချက်တွေအရ အသက်ငယ်ရွယ်စဉ် အချိန်ကစလို့ လေ့လာသင်ယူမှု ရရှိနိုင်မှုဟာ ကလေးသူငယ် အခွင့်အရေး တခုဖြစ်ပြီး၊ ကမ္ဘာကုလသမဂ္ဂက ချမှတ်ထားတဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေး ပန်းတိုင်များ (SDG 2030) မှာလည်း အရေးပါတဲ့ ပစ်မှတ်ထားရည်မှန်းချက်တခု ဖြစ် တာကြောင့် အလေးထားသင့်ပါတယ်။ ∎ မြန်မာနိုင်ငံနှင့် ဆီလျော်သလား မြန်မာနိုင်ငံရဲ့ အခြေအနေက မိအေးနှစ်ခါနာ ပုံစံမျိုးပါပဲ။ ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက် နစ်နာခဲ့ရတာတွေကို ပြန်လည် ကုစားဖို့မစွမ်းနိုင်သေးတဲ့အချိန်မှာ စစ်အာဏာ သိမ်းမှုကြောင့် မသေချာ၊ မရေရာမှုတွေ ပြည့်နှက်ပြီး တ ဖြည်းဖြည်း ပြိုလဲသွားမယ့် ဘက်ကို ဦးတည်နေပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ စံသတ်မှတ်ချက်တွေအရ ပညာရေး နိမ့်ကျတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ပညာရေး အသုံးစရိတ်ဟာGDP ရဲ့ နှစ်ရာခိုင်နှုန်းလောက်ပဲ သုံးစွဲနိုင်ပါတယ်။ ဒီသုံးစွဲမှုဟာ NLD အစိုးရလက်ထက်ရောက်မှ ရောက်လာတာ ဖြစ်ပြီး၊ ၂၀၁၀ပြည့်နှစ် မတိုင်ခင် စစ်အစိုးရလက်ထက်မှာ အဲဒီလောက်တောင် သုံးစွဲမှု မရှိခဲ့ပါဘူး။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ၂၀၁၅ ခုနှစ် စစ်တမ်း ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ အသက် ၃-၅ နှစ်ကြားကလေး ၂၀ ရာခိုင်နှုန်းဟာ စနစ်တကျ ဖွဲ့စည်းထားတဲ့ ကျောင်းစာ (သင်ယူမှု) မလုပ်နိုင်ပါဘူး။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရအသက် ၆-၁၀ ကြား ကလေး ၈၁ ရာခိုင်နှုန်းကပဲ မူလတန်းကျောင်းကို တက်ရောက် နိုင်ပါတယ်။ အသက် ၁၀-၁၉ နှစ်ကြားကလေးတွေမှာလည်း ကျောင်းထွက်ရမှုနှုန်း မြင့်မားပါတယ်။ အသက် ၁၇ နှစ်မှာ ကျောင်းထွက်ရသူ ၃၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သန်းခေါင်စာရင်း (၂၀၁၄) အရ တွေ့ရှိရပါတယ်။ အသက် ၃-၁၇ နှစ်အကြား ကလေး ၁၈၄,၀၀၀ ဦးဟာလည်း မြန်မာနိုင်ငံပဋိပက္ခစစ်ပွဲများ ဖြစ်ပွားရာဒေသတွေ မှာ ကြီးပြင်း နေရပါတယ် (UNICEF)။ ကမ္ဘာ့ဘဏ် ဖော်ပြချက်တွေအရ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံက တက္ကသိုလ်တွေနဲ့ အဆင့်မြင့် ပညာရေးဌာနတွေမှာ သင်ကြား နေတဲ့ဆရာ၊ ဆရာမ ၂၆,၀၀၀ ကျော် ရှိပါတယ်။ CDM လှုပ်ရှားမှုကြောင့် ဆရာ-ဆရာမပေါင်း ၁၁,၀၀၀ ကျော်ကို အရေးယူ ထုတ်ပစ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက မေ ၁၁ ရက်မှာ ဖော်ပြပါတယ်။ ဖမ်းဆီးခံရသူ ၃,၈၀၀ ကျော်မှာ ဆရာ-ဆရာမ ၄၇ ဦး ပါဝင်ပြီး၊၁၅၀ ကျော်ကိုလည်း ၀ရမ်းထုတ်ထားပါတယ်။ ဒီလုပ်ဆောင်မှုတွေက ရှိထားပြီးဖြစ်တဲ့ လူသားရင်းမြစ်နဲ့ လူ့အဖွဲ့အစည်းအတွင်းက ရင်းနှီးမြှုပ်နှံမှုတွေမှာ ဂေဟစနစ် ပျက်သုဉ်းတဲ့အထိ ဆိုးကျိုးဖြစ်စေပါတယ်။ အချိန်တိုအတွင်း ပြန်လည် ကုစားနိုင်ဖို့ ခက်ခဲပါမယ်။ မြန်မာနိုင်ငံမှာ ပညာရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အမျိုးသား ပညာရေး မဟာဗျူဟာအစီအစဉ် (NESP 1) ၂၀၁၆ -၂၀၂၁ နဲ့ (NESP 2) ၂၀၂၁-၂၀၃၀ တို့ကို ပြင်ဆင်နေပါတယ်။ အခု စစ်အာဏာ သိမ်းလိုက်တာကြောင့်စစ်ကောင်စီ အုပ်ချုပ်ရေးကို ကျောင်းဆရာ-ကျောင်းသား အများစုက ပူးပေါင်း ဆောင်ရွက်မှု မလုပ်တော့ပါဘူး။ ဒါ့အပြင် NESP 2 အကောင်အထည်ဖော်မှုတွေမှာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုနဲ့ ရန်ပုံငွေ ရရှိမှုအပိုင်းတွေမှာလည်း အခက်အခဲများစွာကြုံတွေ့ရမှာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုကြောင့် ဖြစ်စေ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပုံသဏ္ဌာန် မျိုးစုံနဲ့ ပါဝင်လုပ်ဆောင် နေရတာကြောင့် ဖြစ်စေ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းတွေ (Learning losses) ရှိလာတော့မှာ ဖြစ်ပါတယ်။အထူးသဖြင့် အခြေခံအဆင့်ကျောင်းပညာရေးကိစ္စက အထူးအလေးထား စဉ်းစားသင့်ပါတယ်။ ကလေးသူငယ်တွေ ကျောင်းတက်ခွင့် ဆုံးရှုံးရမယ်ဆိုရင် သူတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးခွင့်၊ လူမှုဆက်ဆံရေး အတွေ့အကြုံ ကျယ်ပြန့်ခွင့်တွေသာမက မိဘတွေရဲ့စားဝတ်နေရေးကအစ တိုင်းပြည်အနာဂတ်အဆုံး အကုန် ထိခိုက်မှာဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအနေနဲ့ ကျောင်းနေရွယ်ကလေးကို အိမ်မှာထား စာသင်ပေးတဲ့ အိမ်ကျောင်း၊ ပုဂ္ဂလိက ကျောင်း၊ နိုင်ငံရပ်ခြားကကျောင်း စတာတွေကို မထားနိုင်သလို၊ သားသမီးငယ်တွေကို ကျောင်း မပို့နိုင် လို့ လူကြီးတယောက်ယောက် အိမ်မှာ စောင့်ရှောက်သူအဖြစ် နေနေရတဲ့အခါမိသားစုဝင်ငွေ ရှာနိုင်စွမ်း နည်းပါးသွားမှာမျိုးကိုလည်း လျော့မတွက်သင့် လှပါဘူး။ အလားတူ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်းကနေ၊ ပြည်သူ အချင်းချင်း ကျောင်းသား အချင်းချင်း အမုန်းပွားတာကစလို့ အကြမ်းဖက်တာ အထိ မဖြစ်စေဖို့ ဂရုထားသင့်ပါတယ်။ ဒါကြောင့် ပညာရေးအတွက် မူဝါဒပဲ ဖြစ်ဖြစ်၊ လှုံဆော်လှုပ်ရှားမှုတွေပဲ ဖြစ်ဖြစ် ချမှတ်ရာမှာ ရေတိုသက်သက် မကြည့်ဘဲ ရှေရှည်ကို ဘက်စုံထောင့်စုံ လက်တွေ့ကျကျ စဉ်းစားသင့်ပါတယ်။ ဥပမာအားဖြင့် အပြိုင် ပညာရေးစနစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် မဖန်တီးပေးနိုင်သေးတဲ့ ကာလမှာ ဒီမိုကရေစီနဲ့ ဖယ်ဒရယ် တန်ဖိုးတွေနဲ့ လျော်ညီတဲ့ သမိုင်းနဲ့ တိုင်းရင်းသား မိခင်ဘာသာစကားလိုသင်ရိုးတွေကို စာသင်ကျောင်းတွေမှာ ဖြည့်စွက် သင်ကြားနိုင်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်တာမျိုးက ပညာရေးလည်း အဆက်မပြတ်စေဘဲ လှုပ်ရှားမှုကိုလည်း လူတိုင်းပါဝင်နိုင်တဲ့ နည်းနဲ့ ဆက်ထိန်းနိုင်ဖို့ လမ်းစတခုမို့ အကျိုး များနိုင်ပါတယ်။ ဒီဥပမာအပြင် အခြား ပိုမိုကောင်းမွန်တဲ့ ထိုးထွင်း ဖန်တီးမှုရှိတဲ့ နည်းနာတွေကိုလည်း ၀ိုင်းစဉ်းစားသင့်ပါတယ်။ ဒါ့အပြင် မိဘေတွအနေနဲ့ အခြေခံပညာအဆင့်က သူတို့သားသမီးတွေရဲ့ အနာဂတ်ကို စီမံပုံဖော်ပိုင်ခွင့်၊ ကျောင်သားတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို ဒီမိုကရေစီစနစ်ရဲ့ တန်ဖိုးထားမှု တခုဖြစ်တဲ့ လူတဦးချင်းစီရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်အဖြစ် လေးစား အသိမှတ်ပြုဖို့ လိုအပ်ပါတယ်။ ငါဖြစ်စေချင်တာနဲ့ မတူ ငါ့ရန်သူဆိုပြီး မိဘနဲ့ ကျောင်းသားတွေကို အပြစ်တင် ရန်-ငါခွဲနေမယ့်အစား စစ်အာဏာရှင်စနစ်ကို ပြည်သူအားလုံး သူ့နည်းနဲ့သူ၊ သူတတ်နိုင်တဲ့ အခြေနေဘောင်ထဲက တိုက်ပွဲဝင်နိုင်အောင် တီထွင် ကြံဆမှုရှိတဲ့ တိုက်ပွဲပုံစံတွေကို ဖန်တီး ဖော်ထုတ်ပေးတာ၊ ချိတ်ဆက် ထိရောက်အောင် ဆောင်ရွက်ပေးတာကသာလျှင် အသင့်တော်ဆုံး နည်းလမ်းတခု ဖြစ်နိုင်ပါမယ်။ ပစ်မှတ်မလွဲဖို့ တန်ဖိုးထားမှုမသွေဖည် လိုအပ်လှပါတယ်။ အချုပ်ကတော့ သင်ယူလေ့လာမှု ဆုံးရှုံးခြင်းကို ကုစားနိုင်ဖို့နဲ့ (စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကာလအတွင်း) ပညာ ဆက်သင်လိုသူတွေ အခွင့်အရေး မဆုံးရှုံးစေဖို့ ပညာရေးမူဝါဒကို ဘယ်လို ဖော်ဆောင်ကြမလဲ၊ စာသင်ကြားရေးနဲ့ ပတ်သက်တဲ့ လှုံဆော်လှုပ်ရှားမှုတွေကို ဖော်ဆောင်ရာမှာ အင်အားစု အသီးသီးက ရေတိုသာမက ရေရှည်ပါ ထည့်စဉ်းစားတဲ့ လက်တွေ့ကျကျ ပြင်ဆင်မှုတွေ ပြုလုပ်ကြရပါတော့မယ်။
14 Apr 2021 Conflict, Peace & Security ထီးနန်းကို မင်းစည်းစိမ်အဖြစ် မှတ်ယူတဲ့ နိုင်ငံရေးဓလေ့ အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၁၉) Download PDF Version စစ်ကောင်စီက အာဏာသိမ်းပြီး ဆန္ဒပြမှုတွေကို အကြမ်းဖက် ချေမှုန်းမှုတွေလုပ်တာ၊ ပစ်ခတ်မှုတွေမှာ ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်တာ၊ ပစ်ခတ်လို့ သေဆုံးရသူတွေထဲမှာ ကလေးသူငယ်တွေ ပါနေတာ၊ ရပ်ထဲ ရွာထဲ ဝင်ရောက် ရှင်းလင်း ချေမှုန်းတဲ့အခါ ပြည်သူတွေအပေါ် ပြောဆို ပြုမူ ဆက်ဆံပုံတွေဟာ ရန်သူသဖွယ် ရမ်းကား နိုင်လွန်းတာတွေကို ဓာတ်ပုံ၊ ဗီဒီယိုစတဲ့အထောက်အထားတွေမှာ တွေ့မြင်ကြရပါတယ်။ စစ်ကောင်စီ တပ်တွေအနေနဲ့ ပြည်သူကိုပါ ရန်-ငါ စည်းခြားပြီး ဘာကြောင့်များ ဒီလောက် ရက်စက်နိုင်ရသလဲဆိုတာ ပြည်သူတွေအတွက် နာကျည်းစရာ ဖြစ်ရသလိုနဲ့ သုတေသီတွေကြားမှာ မေးခွန်း ထုတ်စရာလည်း ဖြစ်ရပါတယ်။ အာဏာသိမ်းခြင်း၊ အာဏာစက် တည်ဆောက်ခြင်းပေါ်မှာ မူတည်ပြီး […]
25 Mar 2021 Conflict, Peace & Security အာဏာရှင်၏ နိုင်ငံရေးအင်အားကို ချည့်နဲ့စေခြင်းက အကြမ်းမဖက် လူထုလှုပ်ရှားမှု၏ အစွမ်းထက်ဆုံး လက်နက်တခု ဖြစ်သည်ဆိုသော အယူအဆ စစ်အာဏာရှင် စနစ်ရဲ့ အုပ်ချုပ်မှုကို အံတုဖြိုချဖို့ လုပ်ဆောင်ကြတဲ့အခါ အကြမ်းမဖက်တဲ့ ပြည်သူတွေဘက်မှာ ဘယ်လို စွမ်းရည်မျိုးတွေ၊ လက်နက်မျိုးတွေ ရှိဖို့လိုမလဲ။ ထင်ရှားတဲ့ နိုင်ငံရေးသိပ္ပံ ပညာရှင်ဖြစ်တဲ့ Gene Sharp ကတော့ နိုင်ငံရေးအင်အားကိုပဲ အားကိုးဖို့ တိုက်တွန်းခဲ့ပါတယ်။ ပြည်သူက ရွေးကောက်ထားတဲ့ အစိုးရတွေကို ဖယ်ရှား ထိန်းသိမ်းပြီး ရာဇပလ္လင်ပေါ်ကို အာဏာသိမ်း ခေါင်းဆောင်တွေ တက်ထိုင် လိုက်နိုင်တာနဲ့ အာဏာရှင်တွေဟာ တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ ထိန်းချုပ်ခွင့် ရသွားကြတာ မဟုတ်ပါဘူး။ အာဏာသိမ်းယူမှု အထမြောက်ဖို့ ဆိုရာမှာ အာဏာသိမ်း အဖွဲ့အစည်းဟာ အစိုးရ ယန္တရားကို အုပ်စီးမိနိုင်ဖို့ လိုသလို၊ ပြည်တွင်းမှာရှိတဲ့ လူမှု စီးပွားအဖွဲ့အစည်းတွေ၊ ဩဇာတိက္ကမ ကြီးသူ ပုဂ္ဂိုလ်တွေရဲ့ လက်ခံမှုရှိမှ ဖြစ်နိုင်ပါလိမ့်မယ်။ တနည်းအားဖြင့် စစ်အာဏာရှင်တွေက လူ့အဖွဲ့အစည်းရဲ့ ကူညီထောက်ခံမှု မရှိရင်၊ တခါ “နိုင်ငံရေးအင်အား” မရှိရင် အုပ်ချုပ်မှု ယန္တရား လည်ပတ်ဖို့ ခက်ခဲ စေနိုင်လို့ ဖြစ်ပါတယ်။
18 Mar 2021 Conflict, Peace & Security လူထုလှုပ်ရှားမှု အနိုင်အရှုံးရလဒ်အကြောင်း စဉ်းစားပုံ လူထုလှုပ်ရှားမှုရဲ့ရလဒ်ကို ဆင်ခြင်ရာမှာ လုံးလုံးအနိုင်နဲ့ လုံးလုံးအရှုံး ဆိုပြီး ယတိပြတ် သဘော၊ ဆန့်ကျင်ဘက် ဒွိစုံ binary သဘော မစဉ်းစားဖို့ သုတေသီတွေက အကြံပြုပါတယ်။ ထင်ရှားတဲ့ သုတေသီ တဦးဖြစ်တဲ့ William Gamson (1990) က လူထုလှုပ်ရှားမှုရဲ့ ရလဒ်ကို အကဲဖြတ်တဲ့အခါ အခြေခံ ပေတံ နှစ်ရပ်ကို အသုံးပြုဖို့ တင်ပြပါတယ်။ တခုကတော့ အန်တု စိန်ခေါ်သူတွေရဲ့ ကံကြမ္မာ ဘယ်လို ဖြစ်လာမလဲ ဆိုတာနဲ့၊ နောက်တခုက အန်တု စိန်ခေါ်သူတွေ တောင်းဆိုတဲ့ အခွင့်အလမ်း အခင်းအကျင်းသစ် ရနိုင်သလား ဆိုတာပဲ ဖြစ်ပါတယ်။
14 Mar 2021 Conflict, Peace & Security အာဏာရှင်ဒေါက်တိုင် နောက်ခံနိုင်ငံကြီးများ၏ ဘက်ပြောင်း ထောက်ခံမှုအကြောင်း လေ့လာချက် အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ အစိုးရတွေဟာ သူတို့ရဲ့ ရပ်တည်ရေးကို ကျောထောက် နောက်ခံပေးမယ့် အင်အားကြီးနိုင်ငံတွေကို အားကိုး တတ်ကြပါတယ်။ ဒီအာဏာရှင် ဒေါက်တိုင်နိုင်ငံကြီးတွေဟာ အာဏာရှင်အစိုးရကို သံတမန်ရေးရာအကာအကွယ်တွေ၊ စီးပွားရေး အကူအညီတွေ၊ လက်နက် ရောင်းပေးတာတွေ ပြုလုပ်ပါတယ်။ အခြားတဖက်မှာတော့ အပြန်အလှန်အနေနဲ့ အဲ့ဒီနိုင်ငံရဲ့ သယံဇာတ ထုတ်ဖော်ခွင့်တွေ၊ စီးပွားရေး လက်ဝါးကြီး အုပ်တာတွေ၊ မဟာဗျူဟာအရ စီမံကိန်းတွေ အကောင်အထည် ဖော်ရေးတွေကို ဆောင်ရွက်ကြပါတယ်။ ဒါကြောင့် အာဏာရှင်နိုင်ငံတွေမှာ ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားမှုတွေ ဖြစ်လာတဲ့အခါမှာ ဒေါက်တိုင် အင်အားကြီးနိုင်ငံတွေဟာ အာဏာရှင်ကိုပဲ ဆက်ထောက်ခံရမလား၊ ဒါမှမဟုတ် အာဏာရှင်ကို ထောက်ခံမှု ရုပ်သိမ်းပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပြောင်းလဲ ထောက်ခံရမလား ဆိုပြီး ရွေးချယ်မှု အကျပ်အတည်းကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီလိုအခြေအနေမှာ အာဏာရှင် ဒေါက်တိုင်နိုင်ငံကြီးရဲ့ ဘက်ပြောင်းရေး၊ မပြောင်းရေး ဆုံးဖြတ်ချက်တွေအပေါ် ဘယ်အချက်တွေက လွှမ်းမိုးနေသလဲဆိုတာ လေ့လာသင့်ပါတယ်။