Data Matters

စစ်အာဏာသိမ်းပြီး နိုင်ငံတစ်ဝန်းလုံးတွင် တိုက်ပွဲပေါင်း လေးထောင့်ခြောက်ရာကျော်ဖြစ်ပွားခဲ့

အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ နေရာအနှံ့ဖြစ်ပွားခဲ့ပြီးတော့ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှာတော့ ပဋိပက္ခ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ရက်ကနေ ၂၀၂၂ ခုနှစ်၊ မေ ၁၅ ရက်အတွင်း ISP-Myanmar က လက်လှမ်းမီသမျှ စုဆောင်းထားတဲ့ အချက်အလက်တွေအရ ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲအကြိမ်ရေ ၂,၄၃၂ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
By ISP Admin | May 23, 2022

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၂၀)

စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်ကနေ ၂၀၂၂ ခုနှစ်၊ မေ ၁၅ ရက်အတွင်း နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်ပဋိပက္ခတိုက်ခိုက်မှုတွေ ၄,၆၇၉ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ အဲ့ဒီလက်နက်ကိုင် ပဋိပက္ခတိုက်ခိုက်မှု တွေထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ (EAOs) အကြား၊​ စစ်ကောင်စီနဲ့ ဒေသခံ​ကာကွယ်ရေး တပ်တွေ (PDF/LDF/CDF/KNDF) အကြား၊   EAOs အချင်းချင်းအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အပြင် မြို့ပြပျောက်ကြား တိုက်ခိုက်မှုများ နဲ့ စစ်ကောင်စီနဲ့အမည်မသိရတဲ့အဖွဲ့တွေအကြားတိုက်ပွဲဖြစ်ပွားမှုတွေပါ ပါဝင်ပါတယ်။ အဲ့ဒီတိုက်ပွဲ အကြိမ်ရေ ၄,၆၇၉ ကြိမ်ထဲမှာ စစ်ကောင်စီနဲ့ EAOs အကြား တိုက်ပွဲဖြစ်ပွားမှုက ၃,၁၀၇ ကြိမ် ၊ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားမှုက ၁,၃၈၀ ကြိမ်၊ စစ်ကောင်စီ နဲ့ EAOs၊ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှုက ၁၀၆ ကြိမ်၊ EAOs အချင်းချင်းကြားမှာ တိုက်ပွဲ ဖြစ်ပွားမှုက ၄၁ ကြိမ် အပြင် စစ်ကောင်စီနဲ့ အမည်မသိရှိရတဲ့တဲ့ အဖွဲ့တွေကြား တိုက်ခိုက်မှုကလည်း အကြိမ် ၂၀ ထက်မနည်း ရှိခဲ့ပါတယ်။ 

Download as PDF Version

အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ နေရာအနှံ့ဖြစ်ပွားခဲ့ပြီးတော့ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှာတော့ ပဋိပက္ခ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ရက်ကနေ ၂၀၂၂ ခုနှစ်၊ မေ ၁၅ ရက်အတွင်း ISP-Myanmar က လက်လှမ်းမီသမျှ စုဆောင်းထားတဲ့ အချက်အလက်တွေအရ ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲအကြိမ်ရေ ၂,၄၃၂ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ့တိုက်ပွဲ အကြိမ်အရေအတွက်က နိုင်ငံတဝန်းလုံးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အကြိမ်ရေရဲ့ ၅၆ ရာခိုင်နှုန်းကျော် ရှိပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာတော့ တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေ ၄၃၉ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး နိုင်ငံတဝန်းလုံးမှာ ဒုတိယ ပဋိပက္ခ အများဆုံးနေရာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ကရင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရေအတွက်ဟာ အများဆုံးရှိခဲ့ပေမယ့် စစ်ကိုင်း တိုင်းမှာတော့ မြို့နယ်အများအပြားနဲ့ နေရာအနှံ့နီးပါးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် မေ ၁ ရက်ကနေ ၁၅ ရက်အတွင်းမှာတော့ စစ်ကောင်စီ နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အကြားတိုက်ပွဲဖြစ်ပွားမှု ၁၀၄ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် ၅,၇၀၁ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အပြင် ဒီပဋိပက္ခတွေကြောင့်ပဲ အရပ်သား ၄၆ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၅၁ မြို့နယ်မှာ စစ်ကောင်စီ နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ မေလ ပထမ ၁၅ ရက်အတွင်း စစ်ကိုင်းတိုင်း တခုတည်းမှာ အရပ်သား ၃၈ ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။  

∎ ဘာကြောင့်အလေးထားသင့်သလဲ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေတွေကို လေ့လာခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဥ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု​ ရှိ၊မရှိ အပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခနဲ့ တိုက်ပွဲတွေကို စောင့်ကြည့်ပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး ၊ ဒဏ်ရာရခဲ့ပုံ ဖြစ်စဥ်တွေနဲ့ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် ပမာဏာ ကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိ ဆိုတဲ့ အပေါ် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်တဲ့အတွက် အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။ 

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ ဖြစ်ပွားလာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကျိုးဆက်တွေ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ အခြားလွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေ ရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက် လေ့လာနိုင်ပါတယ်။ 



Leave a Reply

Your email address will not be published. Required fields are marked *