အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၁၈)
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် မေ ၁၀ ရက်အထိ သေဆုံးခဲ့ရတဲ့ အရပ်သားဦးရေ စုစုပေါင်း ၅,၆၄၆ ဦးထက်မနည်း ရှိခဲ့ပါတယ်။ အဲ့ဒီ ၅,၆၄၆ ဦးထဲမှာ ဆန္ဒပြနေစဥ်အတွင်း ပစ်ခတ်ခံရတာနဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့ရသူ ၁,၈၃၁ဦး၊ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုချက်နဲ့ USDP ဥက္ကဌ ရဲ့ ပြောဆိုချက်တွေအရ သတင်းပေးဒလန်လို့ စွပ်စွဲခံရပြီးတော့ သတ်ဖြတ်ခြင်းခံရသူ ၃,၁၀၇ ဦး၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေဆုံးသူ ၆၉၀ ဦးနဲ့ သွေးသောက်အဖွဲ့ရဲ့ သတ်ဖြတ်ခြင်းခံရသူ ၁၈ ဦးတို့ ပါဝင်ပါတယ်။
အာဏာသိမ်းကာလတနှစ်ကျော် ကြာမြင့်လာပြီဖြစ်ပေမယ့်လည်း စစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးနှိပ်စက်ခံရတာကြောင့် သေဆုံးနေသူတွေရဲ့ အရေအတွက်ကလည်း မြင့်တတ်နေဆဲပဲဖြစ်ပါတယ်။ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် နိုင်ငံတဝန်းအရပ်သားသေဆုံးမှုတွေထဲမှာမှ ဆန္ဒပြနေစဥ်အတွင်း ပစ်ခတ်ခံရတာတွေနဲ့ ဖမ်းဆီးခံရပြီးနောက်သေဆုံးခဲ့ရသူ ၁,၈၃၁ ဦးရဲ့ ဒေသတွေကို ထပ်မံခွဲခြမ်း စိတ်ဖြာကြည့်ရင် စစ်ကိုင်းတိုင်းက သေဆုံးသူဦးရေ ၅၉၉ ဦးထက် မနည်းရှိခဲ့တာကြောင့် အရပ်သား သေဆုံးမှု အများဆုံးရှိခဲ့တဲ့ ဒေသဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းမှာ ၂၈၃ ဦး၊ မန္တလေးတိုင်းမှာ ၂၈၁ ဦး၊ မကွေးတိုင်းမှာ ၁၆၁ ဦးနဲ့ ပဲခူးတိုင်းမှာလည်း ၁၄၃ ဦးရှိခဲ့ပြီး အရပ်သား သေဆုံးမှုနှုန်း မြင့်ခဲ့တဲ့ ဒေသတွေဖြစ်ပါတယ်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်။ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာလည်း အရပ်သား သေဆုံးမှု တဦးကနေ ၈၂ ဦးအထိ ရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ သွေးသောက်အဖွဲ့ နဲ့ စွန်ရဲအဖွဲ့တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေနဲ့ မိသားစုတွေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ကူညီထောက်ပံ့ပေးနေသူတွေနဲ့ ၎င်းတို့၏မိသားစုဝင်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိလာပါတယ်။ ဒီအဖွဲ့တွေဟာ မြို့ပေါ်တွေမှာလည်း ထင်ထင်ပေါ်ပေါ်လှုပ်ရှားပြီး တော့ ပစ်မှတ်ထားသူတွေရဲ့ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးတာတွေ၊ အလောင်းတွေကို မြို့ပေါ်မှာ မြင်သာထင်သာအောင် ပစ်ထားခဲ့တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ သွေးသောက်အဖွဲ့ နဲ့ စွန်ရဲအဖွဲ့ ပေါ်လာပြီး နောက် ၂၀၂၂ ခုနှစ် ဧပြီ ၂၄ ရက်ကနေ မေ ၁၀ ရက်အတွင်းမှာ သတ်ဖြတ်ခံရသူ အရပ်သား ဦးရေ ၁၈ ဦး ရှိခဲ့ပါတယ်။
ဆန္ဒပြနေစဥ် ပစ်ခတ်ခံရတာနဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲရသူဦးရေကိန်းဂဏန်းတွေဟာ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းတွေ ဖြစ်ပါတယ်။ သတင်းပေး ဒလန်လို့စွပ်စွဲပြီး သတ်ဖြတ်ခံရသူတွေရဲ့ ကိန်းဂဏန်းတွေကတော့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်က ကျင်းပခဲ့တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ကိန်းဂဏန်းတွေနဲ့ ၂၀၂၂ ခုနှစ်၊ မေလအတွင်း BBC-Burmese သတင်းဌာနက ဖော်ပြခဲ့တဲ့ USDP ပါတီဥက္ကဌနဲ့ အမေးအဖြေ မှာ ဖော်ပြခဲ့တဲ့ ကိန်းဂဏန်း တွေကို အခြေပြုပြီး တွက်ချက်ဖော်ပြထားတာ ဖြစ်ပါတယ်။ သွေးသောက်အဖွဲ့ ရဲ့ သတ်ဖြတ်ခြင်းခံရသူ ဦးရေ ကိန်းဂဏန်းကတော့ လွတ်လပ်သော သတင်းမီဒီယာများနဲ့ ISP-Myanmar က စုစည်းထားတဲ့ အချက်အလက် တွေအပေါ်မှာ အခြေပြုဖော်ပြထားတာ ဖြစ်ပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
အကြမ်းဖက်အင်အားသုံးဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူ အရေအတွက်၊ စစ်ကြောရေးစခန်းတွေမှာ သေဆုံးခဲ့ရသူတွေရဲ့ သေဆုံးမှုပုံစံ စတဲ့ အကြောင်းအရာတွေအပြင် လက်နက်ကိုင်ပဋိပက္ခကြား ထိခိုက်သေဆုံးရသူတွေနဲ့ အရပ်သားအချင်းချင်းကြား တန်ပြန် သတ်ဖြတ်မှုကြောင့် သေဆုံးရသူတွေရဲ့ ဖြစ်စဥ်တွေကို လေ့လာခြင်းအားဖြင့် လုံခြုံရေးဆိုင်ရာ တပ်ဖွဲံဝင်များက အဓိကရုဏ်းဖြစ်စဥ်တွေကို ကိုင်တွယ်တဲ့အခါ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်း ကျင့်ထုံးများနဲ့ ညီညွတ်ခြင်း ရှိမရှိ၊ အရပ်သားတွေအပေါ် အကာအကွယ် ပေးခြင်း ရှိမရှိ၊ လူ့အခွင့်အရေး စံချိန်စံညွန်းတွေကို လေးစားလိုက်နာမှု ရှိမရှိဆိုတဲ့ အပေါ် လူ့အခွင့်အရေးရှုထောင့်နဲ့ အသွင် ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်တဲ့ ဒေတာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီးခံရသူ၊ သေဆုံးခဲ့ရသူ အရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ၊ နိုင်ငံရေးအကျဥ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။





အသက်အပိုင်းအခြားရောမပါဘူးလား
မေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရပ်သားသေဆုံးစာရင်းမှာ AAPP စာရင်းပါ အချက်အလက်တွေအတွက်ပဲ အသက်အရွယ်အုပ်စုအလိုက် ဖော်ပြချက်ပဲ ရရှိနိုင်ပါသေးတယ် ခင်ဗျာ။