Data Matters

၂၀၂၂ ခုနှစ် ဧပြီ တလတည်းအတွင်း စစ်ပြေးဒုက္ခသည် ငါးသောင်းရှစ်ထောင်ကျော် တိုးလာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အထိ နေရာအနှံ့မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၈၁၀,၈၈၉ ကျော်ရှိလာပါတယ်။ စစ်အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည် ၄၉၇,၂၀၀ ကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၁,၃၀၈,၀၈၉ ကျော် ရှိလာပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၁,၀၀၂,၀၀၀ ကျော် ရှိနေပါတယ်။
By ISP Admin | April 27, 2022

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၁၆)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အခု အချိန်အထိလည်း ပုံသဏ္ဌာန်မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ(EAOs) အခြေစိုက်နေကြတဲ့ တိုင်းရင်းသားဒေသများမှာလည်းEAOs တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ EAOs အချို့ကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ (PDF/LDF/CDF/CNDF/KNDF စသည်ဖြင့်) နဲ့ စစ်ကောင်စီတို့ အကြားအပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ အရှိန်မြင့် လာပါတယ်။ တိုက်ပွဲနဲ့ ပဋိပက္ခတွေ အရှိန်မြင့်လာတာနဲ့အမျှ နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ရသူတွေလည်း ပိုများလာသလို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်းအရေးပေါ်လို အပ်နေပါတယ်။

Download as PDF Version

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်အထိ နေရာအနှံ့မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၈၁၀,၈၈၉ ကျော်ရှိလာပါတယ်။ စစ်အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည် ၄၉၇,၂၀၀ ကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၁,၃၀၈,၀၈၉ ကျော် ရှိလာပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၁,၀၀၂,၀၀၀ ကျော် ရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း EAOs တွေ၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသတွေမှာ စစ်ဘေးဒုက္ခသည်အရေအတွက် ပိုတိုးနေပါတယ်။ စစ်ကိုင်းတိုင်းမှာ စစ်ဘေးဒုက္ခသည် အများဆုံး ရှိနေပြီး စုစုပေါင်း၂၄၁,၀၅၀ ကျော် ရှိပါတယ်။ ကယားပြည်နယ်မှာ ၂၀၄,၁၁၅  ကျော်ရှိပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ဧပြီလ (၂၅ ရက်) အတွင်း တိုးလာတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်က ၅၈,၃၀၀ ကျော်ထက်မနည်း ရှိနေပါတယ်။ 

၂၀၂၂ ခုနှစ်၊ ဧပြီလအတွင်းမှာ စစ်ကိုင်းတိုင်းထဲက ခင်ဦး၊ မင်းကင်းနဲ့ အရာတော်မြို့နယ်တွေက ကျေးရွာတွေမှာ နေအိမ်တွေမီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် အဲ့ဒီဒေသအနီးတဝိုက်က ဒေသခံ ၁၃,၃၀၀ ကျော်ခန့် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်၊ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ ဝန်းသိုမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့အပြင် နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ဒေသခံ ၂၅,၀၀၀ ကျော်ထက်မနည်း ဘေးလွတ်ရာကို တိမ်းရှောင်လာခဲ့ကြရပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား တိုက်ပွဲပြင်းထန်နေတဲ့ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့မှာလည်း စစ်ပြေးဒုက္ခသည်တွေ ဆက်လက်တိုးလာပါတယ်။ ဧပြီလအတွင်းမှာပဲ မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ ပေါက်မြို့နယ်အတွင်းက ဒေသခံ ၁၁,၀၀၀ ကျော်ခန့် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရသလို ချင်းပြည်နယ်၊ မတူပီ-ပလက်ဝ လမ်းအနီးတိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် ဒေသခံ ၁,၀၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

∎ ဘာကြောင့်အလေးထားသင့်သလဲ

ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေသုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ်သုတေသနပြုဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *