Data Matters

အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း အရပ်သား ၂,၃၀၀ ကျော်သေဆုံးခဲ့

ဒါ့အပြင် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေကြောင့်သေဆုံးခဲ့ရသူ စုစုပေါင်း ၁,၇၃၀ ဦးထက်မနည်းရှိခဲ့ပြီးတော့လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေ ကြောင့် သေဆုံးခဲ့ရတဲ့အရေအတွက်ဟာ စုစုပေါင်း ၆၁၅ ဦးထက်မနည်းရှိခဲ့ပါတယ်။ စစ်အာဏာ သိမ်းမှုနောက်ပိုင်းမှာ လအလိုက် ပုံမှန်သေဆုံးမှုတွေရှိနေခဲ့ပြီးတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ နဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ မှာတော့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေ ကြောင့် သေဆုံးခဲ့ရတဲ့ အရေအတွက်ဟာ ပိုမိုများပြားခဲ့ပါတယ်။ 
By ISP Admin | April 8, 2022

အလေးထားရမည့် ဒေတာအချက်အလက်များ အမှတ် – (၁၃)

Download as PDF Version

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေနဲ့ ISP-Myanmar က စုဆောင်းထားတဲ့အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၂ ခုနှစ် ဧပြီ ၆ ရက်အတွင်းသေဆုံးခဲ့ရတဲ့အရပ်သားဦးရေဟာ စုစုပေါင်း ၂,၃၄၅ ဦး ထက်မနည်း ရှိခဲ့ပါတယ်။ ဒီသေဆုံးခဲ့ရတဲ့အရေအတွက်ဟာ ဆန္ဒပြပွဲတွေမှာ စစ်ကောင်စီ က အင်အားသုံးပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် သေဆုံးခဲ့ရသူတွေ၊ ဖမ်းဆီးခံ ရပြီးတော့ စစ်ကြောရေးစခန်း ရောက်နေစဥ်အတွင်းမှာ သေဆုံးခဲ့ရသူတွေ အပြင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်စဉ်တွေအကြားမှာ ဖမ်းဆီးခံရပြီးတော့ မီးရှို့သတ်ဖြတ်ခြင်းခံရသူတွေနဲ့ လက်နက် ကျဉ်ထိမှန်ပြီး သေဆုံးခဲ့ရတဲ့သူတွေပါဝင်ပါတယ်။ ဒီအချက်အလက်တွေဟာ လက်လှမ်းမီသမျှ ပြုစုထားတဲ့အချက်အလက်တွေဖြစ်ပြီးတော့ မြေပြင်မှာ ဒီထက်ပိုပြီးများပြားနိုင်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေကြောင့်သေဆုံးခဲ့ရသူ စုစုပေါင်း ၁,၇၃၀ ဦးထက်မနည်းရှိခဲ့ပြီးတော့လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေ ကြောင့် သေဆုံးခဲ့ရတဲ့အရေအတွက်ဟာ စုစုပေါင်း ၆၁၅ ဦးထက်မနည်းရှိခဲ့ပါတယ်။ စစ်အာဏာ သိမ်းမှုနောက်ပိုင်းမှာ လအလိုက် ပုံမှန်သေဆုံးမှုတွေရှိနေခဲ့ပြီးတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ နဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ မှာတော့ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေ ကြောင့် သေဆုံးခဲ့ရတဲ့ အရေအတွက်ဟာ ပိုမိုများပြားခဲ့ပါတယ်။ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ် တွေအကြားက အရပ်သားသေဆုံးမှုဖြစ်စဥ်တွေထဲမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ရက်နေ့က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာသေဆုံးခဲ့ရတဲ့ Save the Children Myanmar က ဝန်ထမ်းနှစ်ဦးနဲ့ စစ်ဘေးရှောင်ဦးရေ၃၀ ကျော် မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ဟာ လူအများရဲ့ အာရုံစိုက်မှုကို ရခဲ့ပြီးတော့ နိုင်ငံတကာကလည်း ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။

တဆက်တည်းမှာပဲ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတို့မှာအရပ်သား အများဆုံးသေဆုံးခဲ့ပြီးတော့ စုစုပေါင်း သေဆုံးခဲ့ရတဲ့ အရေအတွက်ရဲ့ ၆၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း အရပ်သားသေဆုံးမှု စုစုပေါင်း၂၈၀ ဦး ထက်မနည်းရှိခဲ့ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ အရပ်သားသေဆုံးမှုအများဆုံးရှိခဲ့တဲ့ နေရာ ငါးခုဟာ တိုင်းဒေသကြီး တွေဖြစ်ကြပါတယ်။ ဒါ့အပြင် သေသုံးခဲ့ရတဲ့ သူတွေထဲမှာ အမျိုးသား ၁,၄၈၆ ဦး၊ အမျိုးသမီး ၁၅၀ ဦး နဲ့ ကျား/မ ဦးရေအတိအကျ အတည်မပြုနိုင်တဲ့ သေဆုံးသူ ၉၄ ဦးရှိခဲ့ပါ တယ်။ စုစုပေါင်း သေဆုံးခဲ့ရသူအားလုံးရဲ့ ၈၆ ရာခိုင်နှုန်းဟာ အမျိုးသားတွေဖြစ်ပါတယ်။ အသက်အပိုင်းအခြားအရ ကြည့်မယ်ဆိုရင်လည်း သေဆုံးခဲ့ရသူတွေထဲမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့သူစုစုပေါင်း ၁၃၅ ဦးထက်မနည်းရှိခဲ့ပါတယ်။ အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အကြား သေဆုံးသူအများဆုံးရှိခဲ့ပြီးတော့ စုစုပေါင်း၅၅၈ ဦးထက်မနည်း ရှိခဲ့ပါတယ်။

∎ဘာကြောင့်အလေးထားသင့်သလဲ​

အကြမ်းဖက်အင်အားသုံးဖြိုခွင်း၊ ပစ်ခတ်မှုတွေကြောင့်သေဆုံးခဲ့ရသူအရေအတွက်၊ စစ်ကြော ရေးစခန်းမှာ သေဆုံးရသူတွေရဲ့သေဆုံးမှုပုံစံ စတဲ့ကြောင်းအရာတွေအပြင် လက်နက်ကိုင် ပဋိပက္ခကြား ထိခိုက်သေဆုံးရသူတွေရဲ့ သေဆုံးမှု ဖြစ်စဥ်တွေကိုလေ့လာခြင်းအားဖြင့် လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့ဝင်များက အဓိကရုဏ်းဖြစ်စဥ်တွေကို ကိုင်တွယ်တဲ့ အခါ လိုက်နာရမယ့် စည်းမျဥ်းစည်းကမ်း ကျင့်ထုံးများနဲ့ ညီညွတ်ခြင်း ရှိမရှိ ၊ အရပ်သားတွေအပေါ်အကာအကွယ် ပေးခြင်းရှိမရှိ၊ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို လေးစားလိုက်နာမှု ရှိမရှိဆိုတဲ့ အပေါ် လူ့အခွင့်အရေး ရှုထောင့်နဲ့ အသွင် ကူပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့်(Transitional Justice) တွေကနေ သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်လို့ အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတဲ့ ဆန္ဒထုတ်ဖော်မှုတွေကြောင့် ဖမ်းဆီး ခံရသူ၊ သေဆုံးခဲ့ရသူအရေအတွက်နဲ့ အခြားသော အကြောင်းအချက်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ကိုင်တွယ် ဖြေရှင်းပုံတွေနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ချိုးဖောက်ခံရမှု စတဲ့ ကိစ္စရပ်တွေကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက စောင့်ကြည့် မှတ်တမ်း ပြုစုလျက်ရှိပြီး သူတို့ရဲ့ ဖော်ပြချက်တွေမှာလည်း အသေးစိတ် လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *