AnalysisINTERVIEWS

မဝေေ၀နုနှင့် တွေ့ဆုံမေးမြန်းခြင်း

By The Editor | June 20, 2017

■ မဝေေ၀နု

မဝေေ၀နုသည် အမျိုးသမီးများငြိမ်းချမ်းရေးကွန်ရက် တည်ထောင်သူနှင့် ဒါရိုက်တာတစ်ဦး ဖြစ်သည်။ ယုံကြည်ချက်ကြောင့် အကျဉ်းထောင်ထဲတွင် ၇ နှစ်ကြာ ကျခံခဲ့ပြီး ယခုအခါ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ဆောင်ရွက်လျှက် ရှိနေသူတစ်ဦး ဖြစ်ပါသည်။ N  Peace ငြိမ်းချမ်းရေးဆုနှင့် ၂၀၁၄ ခုနှစ်အတွက် ဘီဘီစီမှ ပေးအပ်သော 100 Top Woman ၊ World Movement for Democracy မှ ပေးအပ်သော Democracy Courage Tributes 2015 ၊ Foreign Policy Magazine မှပေးအပ်သော 100 World Thinker 2015 ဆုများကို ရရှိခဲ့သည်။ မြန်မာနိုင်ငံအခြေစိုက် Justice for Women အဖွဲ့အစည်းကို တည်ထောင်သူဖြစ်ပြီး အမျိုးသမီးများဆိုင်ရာ ဥပဒေရေးရာ အကြံပေးခြင်း၊ ပညာပေးခြင်း လုပ်ငန်းများကို လုပ်ဆောင်နေသူ တစ်ဦးလည်း ဖြစ်ပါသည်။

■ မေး ။   ။ မြန်မာနိုင်ငံတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ တာဝန်ကို ဘယ်လို သတ်မှတ်ခံယူထားပါသလဲ။

■ ဖြေ ။   ။ မြန်မာနိုင်ငံ နိုင်ငံရေးအပြောင်းအလဲမှာ အရပ်ဘက် လူ့အဖွဲ့အစည်းများအနေနဲ့ စစ်မှန်သော ဒီမိုကရေစီထံ သွားရာမှာ အထောက်ကူ ဖြစ်စေနိုင်ဖို့အတွက် တာဝန်ခံမှု တာဝန်ယူမှု ရှိရှိနဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရပ်တည်သင့်တယ်လို့ မြင်ပါတယ်။

■ မေး ။   ။ ဒီချုပ်အစိုးရသစ် တက်လာပြီးနောက် အရင်က ဆောင်ရွက်နေတာနဲ့ ယခု လုပ်နေတာတွေကြားမှာ ရပ်တည်မှု၊ အမြင်နဲ့ နည်းနာတွေအရ ကွာခြားသွားတာ ရှိပါသလား။ ကျယ်ကျယ်ပြန့်ပြန့် မေးရရင် နှစ်ပေါင်းများစွာ ပျက်ပြားခဲ့တဲ့ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းအကြား ဆက်ဆံရေး (state-society relations) ပြောင်းလဲမယ့် လမ်းကြောင်းပေါ် ရောက်ပြီလို့ သုံးသပ်ပါသလား၊ မျှော်မှန်းထားတဲ့ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း ဆက်ဆံရေးပုံစံကို အကျဉ်းဆွေးနွေးပြပါ။

■ ဖြေ ။   ။ ရပ်တည်မှုနဲ့ အမြင်တချို့ ပြောင်းလဲသွားတယ်လို့ ပြောကောင်း ပြောနိုင်ပေမယ့် နည်းနာအနေနဲ့ ထူးထူးခြားခြား ကွာခြားသွားတာမျိုး သိပ်မမြင်ရသေးပါဘူး။ State နဲ့ ျsociety ကြားမှာ တစ်စိတ် တစ်ပိုင်းအားဖြင့်တော့ ပြောင်းလဲတဲ့ လမ်းကြောင်းပေါ် ရောက်ပြီလို့ သုံးသပ်လို့ရပေမယ့် အဓိပ္ပာယ်ရှိပြီး ထိရောက်တဲ့ ပြောင်းလဲမှုမျိုးလို့ ပြောလို့မရသေးပါဘူး။ လက်ရှိအစိုးရက တင်းပြည့် ကြပ်ပြည့် ပြည်သူက ရွေးချယ်ထားတာ မဟုတ်သေးဘူး။ ပြီးတော့ အစိုးရသစ် ခန့်အပ် တာဝန်ရှိသူအချို့မှာ ပြည်သူနှင့် အလှမ်းဝေးကွာနေတာမျိုး။ အစိုးရအသစ် အနေနဲ့ နိုင်ငံတော်နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းကြား ဆက်ဆံရေးရဲ့ အရေးပါမှုအပေါ် နားလည်မှု အားနည်းနေတာမျိုး တွေ့ရတယ်။

ဒီမိုကရေစီ အစိုးရအနေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနှင့် အရေးပါမှုကို အသိအမှတ်ပြုပြီးတော့ ပိုမို အားကောင်းတဲ့၊ အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုး ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးမျိုး ရှိလာစေဖို့ မျှော်လင့်ပါတယ်။

■ မေး ။   ။ လူမှုစီးပွား တရားမျှတမှု၊ ဘာသာရေး၊ တိုင်းရင်းသား ပဋိပက္ခများနဲ့ ယုတ်စွအဆုံး အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ရပ်တည်ရှင်သန်ရေး ကိစ္စရပ်တွေမှာ အစိုးရနဲ့သော် လည်းကောင်း၊ တပ်မတော်နဲ့သော် လည်းကောင်း၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်ကြီးတွေနဲ့သော် လည်းကောင်း သဘောထားကွဲလွဲမှုတွေ ရှိလာခဲ့ရင် ဘယ်လိုဘယ်ပုံ ဆန္ဒထုတ်ဖော်   ဖြေရှင်းသွားသင့်၊ သွားနိုင်ပါသလဲ။

■ ဖြေ ။   ။ မြန်မာနိုင်ငံရေး အပြောင်းအလဲ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားနေရာမှာ အစိုးရနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ကြားထဲမှာ ကြီးကြီးမားမား သဘောထား ကွဲလွဲမှုမျိုး ဖြစ်လာနိုင်စရာ သိပ်မရှိပါဘူး။ ရည်ရွယ်ချက်တူ လမ်းပေါ် လျှောက်နေသူချင်းဖြစ်တဲ့ အားလျော်စွာ သဘောထားကွဲမှုတွေ ဖြစ်လာခဲ့ရင်လည်း ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းတွေနဲ့ အဖြေရှာသင့်ပါတယ်။ အစိုးရအနေနဲ့လည်း အရပ်ဘက် လူ့အဖွဲ့အစည်းတွေအပေါ် အတိုက်ခံအနေနဲ့ သဘောမထားသင့်ဘဲ တူညီတဲ့ ပန်းတိုင်အတွက် ပူးပေါင်းဆောင်ရွက်သင့်တဲ့ ပါတနာလို့ ယူဆစေချင်တယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ရပ်တည်ခွင့်၊ ဖွဲ့စည်းခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေကို အာမခံချက် ရှိသင့်တယ်။ အရပ်ဘက် လူ့အဖွဲ့အစည်း အချင်းချင်းကြားမှာ ပိုမို ပူးပေါင်းဆောင်ရွက်မှု၊ အားပေးထောက်ခံမှုတွေ လုပ်သင့်ပါတယ်။

■ မေး ။   ။ လက်ရှိ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပါဝင်ခွင့်ကို အားရကျေနပ်မှု ရှိပါသလား၊ ဗမာအခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်နယ်အသီးသီးက တိုင်းရင်းသား အရပ်ဘက် အဖွဲ့အစည်းတွေအကြား ပူးပေါင်း ဆောင်ရွက်မှုတွေကိုရော အားရပါသလား။

■ ဖြေ ။   ။  ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဘက် လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေ ပါဝင်ခွင့် မရတာဟာ မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တွေ ကိုယ်တိုင် တက်ရောက်ခွင့်မရဘဲ သီးခြားဖိုရမ် ကျင်းပစေခြင်းဟာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ဆောင်ရာ ရောက်စေပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေမှ ဖယ်ကြဉ်ရာသဘော သက်ရောက်စေပါတယ်။

■ မေး ။   ။ အရပ်ဘက် အဖွဲ့အစည်းတွေမှာ ကိုယ်စားပြုမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု အားနည်းတယ်၊ ဒီ အဖွဲ့အစည်းတွေဟာ ဒေါ်လာစားပြီး ပြဿနာရှာရုံ သက်သက်ပဲဆိုတဲ့ အမြင်တွေကို ဘယ်လို တုံ့ပြန်ချင်ပါသလဲ။

■ ဖြေ ။   ။ မြန်မာပြည်မှာ အရပ်ဘက်လူ့အဖွဲ့အစည်း စကားလုံး ခေတ်စားလာတာ ဒီဘက်ပိုင်းမှာပဲ ရှိပါသေးတယ်။

အရင်ခေတ်မှာဆို ရပ်တည်ခွင့် ခက်ခဲခဲ့တယ်။ ပြည်သူတွေအနေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းဆိုတဲ့ စကားလုံးနဲ့ သိပ်မရင်းနှီးသေးတာမျိုး တွေ့မြင်ရပါတယ်။ ဒါ့အပြင် အခုလက်ရှိ အနေထားမှာလည်း ပြည့်ဝတဲ့ ဒီမိုကရေစီစနစ် မဖြစ်သေးတဲ့အလျောက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေအနေနဲ့ လွတ်လပ်စွာ ရပ်တည်ပြီးတော့ ပွင့်လင်းမြင်သာစွာ လုပ်ကိုင်နိုင်မှုအပိုင်းမှာ ခက်ခဲနေတာမျိုးတွေ၊ အထူးသဖြင့် အရပ်ဘက် လူ့အဖွဲ့စည်းတွေမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေး အခက်အခဲတွေ ရှိနေတာကြောင့် အဖွဲ့အစည်းတွေရဲ့ Technical and financial capacity  နဲ့ institutions တွေ အားကောင်းအောင် လုပ်ဆောင်နိုင်မှု အပိုင်းတွေမှာ အားနည်းနေတာကို တွေ့ရပါတယ်။

ပိုမို ပွင့်လင်းမြင်သာစွာ လုပ်ကိုင်နိုင်လာပြီဆိုရင် ဒါမျိုးအမြင်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပါ။



Leave a Reply

Your email address will not be published. Required fields are marked *