Data Matters

တနှစ်တာအတွင်း ဖြစ်ခဲ့သော တိုက်ပွဲများ၊ ဖမ်းဆီးခံရမှုများနှင့် သေဆုံးမှုများ

သေဆုံးမှုတွေကို ကြည့်တဲ့အခါ အရပ်သားသေဆုံးမှုက နှစ်ပေါင်း ၃၀ ကျော်အတွင်း စံချိန်တင် ဖြစ်ခဲ့ပါတယ်။ AAPP မှတ်တမ်းတွေအရ စစ်ကောင်စီရဲ့ ပစ်ခတ်မှုနဲ့ ဖမ်းဆီးခံရစဉ်ရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသူ ၁,၃၅၈ ဦးထက်မနည်းရှိခဲ့ပါတယ်။ စစ်ကောင်စီကတော့ ဒလန်လို့ စွပ်ခံရပြီး သတ်ဖြတ်ခံရသူတွေအပါအဝင် ဗုံးဖောက်ခွဲမှုတွေကြောင့် သေဆုံးရတဲ့ အရပ်သား ၁,၅၃၈ဦးထက်မနည်းရှိခဲ့ပြီး အသတ်ခံရတဲ့ အစိုးရဝန်ထမ်း ၂၉၂ ဦးရှိတယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေကြောင့် သေဆုံးရတဲ့အရပ်သား ၄၃၀ ထက်မနည်း ရှိခဲ့တာကြောင့် ဒီစာရင်းအားလုံးပေါင်းရင် စစ်အာဏာသိမ်းမှု အကျိုးဆက် နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် တနှစ်တာအတွင်း အရပ်သား ၃,၅၀၀ ကျော်ထက်မနည်းသေဆုံးခဲ့တယ်လို့ တွက်ချက်နိုင်ပါတယ်။ စစ်ကောင်စီ ကိန်းဂဏန်းတွေအတွက်တော့ လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ သီးခြား အတည်ပြုချက် မရှိပါဘူး။
By ISP Admin | February 3, 2022

(အလေးထားရမည့်ဒေတာအချက်အလက်များ အမှတ် – ၃)

စစ်အာဏာသိမ်းမှု တနှစ်ပြည့်လာတဲ့ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေရဲ့ လုံခြုံမှုအပေါ် စိန်ခေါ်မှုတွေ ပိုမို မြင့်မားနေပါတယ်။စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုက ပုံသဏ္ဍာန်မျိုးစုံနဲ့ ဆက်ရှိနေသလို စစ်ကောင်စီဘက်က ဖမ်းဆီးနှိပ်စက်တာတွေ၊တိုက်ပွဲတွေနဲ့အတူ စစ်ပြေးဒုက္ခသည် တိုးပွားလာတာ၊ အရပ်သားသေဆုံးမှု စံချိန်တင်များလာတာစတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို ရင်ဆိုင်နေရသလို အရေးပေါ် အကူအညီတွေလည်း လိုအပ်နေပါတယ်။

Download as PDF

∎ တိုက်ပွဲများနှင့် တိုက်ပွဲကြောင့် သေဆုံးရမှုများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ဒေသအသီးသီးမှာ လက်နက်ကိုင် တိုက်ပွဲ ၂,၂၇၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင် စုစုပေါင်း ၅၄၈,၁၅၄ဦးထက်မနည်း ရှိခဲ့ပြီး၊ တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှုက ၄၃၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၅၄ ကြိမ်မနည်း ပြုလုပ်ခဲ့ပြီး၊ ဒီတိုက်ခိုက်မှုတွေကြောင့်ပဲ အရပ်သား ၅၀ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ တဆက်တည်းမှာပဲ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ အရပ်သားတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုတွေ ရှိခဲ့ပါတယ်။ နေအိမ် ၁,၃၃၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ အများစုက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ ဖြစ်ပါတယ်။

∎ ဖမ်းဆီးခံထားရမှုများ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ တနှစ်တာအတွင်း ၁၁,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၃,၀၀၀ နီးပါး ပြန်လွတ်ခဲ့တာကြောင့် လူပေါင်း ၈,၆၀၀ ကျော် ထက်မနည်း ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။စစ်ကောင်စီကတော့ လူပေါင်း ၁၀,၀၀၀ ကျော်ကို ဖမ်းထားတယ်လို့ ပြောပါတယ်။

∎ သေဆုံးမှုများ

သေဆုံးမှုတွေကို ကြည့်တဲ့အခါ အရပ်သားသေဆုံးမှုက နှစ်ပေါင်း ၃၀ ကျော်အတွင်း စံချိန်တင် ဖြစ်ခဲ့ပါတယ်။ AAPP မှတ်တမ်းတွေအရ စစ်ကောင်စီရဲ့ ပစ်ခတ်မှုနဲ့ ဖမ်းဆီးခံရစဉ်ရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသူ ၁,၃၅၈ ဦးထက်မနည်းရှိခဲ့ပါတယ်။ စစ်ကောင်စီကတော့ ဒလန်လို့ စွပ်ခံရပြီး သတ်ဖြတ်ခံရသူတွေအပါအဝင် ဗုံးဖောက်ခွဲမှုတွေကြောင့် သေဆုံးရတဲ့ အရပ်သား ၁,၅၃၈ဦးထက်မနည်းရှိခဲ့ပြီး အသတ်ခံရတဲ့ အစိုးရဝန်ထမ်း ၂၉၂ ဦးရှိတယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေကြောင့် သေဆုံးရတဲ့အရပ်သား ၄၃၀ ထက်မနည်း ရှိခဲ့တာကြောင့် ဒီစာရင်းအားလုံးပေါင်းရင် စစ်အာဏာသိမ်းမှု အကျိုးဆက် နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် တနှစ်တာအတွင်း အရပ်သား ၃,၅၀၀ ကျော်ထက်မနည်းသေဆုံးခဲ့တယ်လို့ တွက်ချက်နိုင်ပါတယ်။ စစ်ကောင်စီ ကိန်းဂဏန်းတွေအတွက်တော့ လွတ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ သီးခြား အတည်ပြုချက် မရှိပါဘူး။

∎ ဦးခေါင်းပစ်ခတ်ခံရမှုနှင့် စစ်ကြောရေးအတွင်း သေဆုံးမှုများ

AAPP မှတ်တမ်းတွေကို အခြေခံထားတဲ့ သေဆုံးမှုစာရင်းတွေအရ စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေကြောင့် ဦးခေါင်းထိမှန်ပြီးသေဆုံးရသူအရေအတွက် ၁၅၈ ဦးထက်မနည်း ရှိပါတယ်။ စစ်ကိုင်းတိုင်း တခုတည်းမှာတင် ၄၄ ဦးထက်မနည်း သေဆုံးခဲ့ပြီးအများဆုံး ဖြစ်ခဲ့ပါတယ်။ မန္တလေးတိုင်းမှာ ၃၀ ဦးနဲ့ ရန်ကုန်တိုင်းမှာ ၂၄ ဦးထက်မနည်း ရှိခဲ့ပါတယ်။ တခါ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးတဲ့နောက် စစ်ကြောရေး စခန်းတွေမှာ သေဆုံးခဲ့ရတဲ့ အရေအတွက် စုစုပေါင်း ၉၉ ဦးထက်မနည်း ရှိပါတယ်။အများဆုံး သေဆုံးခဲ့တဲ့ ဒေသ‌က မန္တလေးတိုင်းအတွင်း ဖြစ်ပြီး သေဆုံးသူ ၂၈ ဦးထက်မနည်းရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ ၂၁ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒုတိယအများဆုံးနဲ့ ရန်ကုန်တိုင်းမှာတော့ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

ပဋိပက္ခနဲ့ တိုက်ပွဲတွေကို စောင့်ကြည့်ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရတဲ့ အချက်အလက်တွေ နဲ့ ဖမ်းဆီးခံရစဉ်သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သား ပြည်သူအရေအတွက်တွေကို လေ့လာခြင်းအား ဖြင့်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူး ပြောင်းမှုဆိုင်ရာတရားမျှတမှု ရှုထောင့် (Transitional Justice) နဲ့ လူသားလုံခြုံရေးဆိုင်ရာ (Human Security) ကိစ္စရပ်တွေအတွက်လည်း သုတေသန ပြုနိုင်မှာဖြစ်တဲ့အတွက်အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုး ဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင်အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊အခြား လွတ်လပ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *