(အလေးထားရမည့် အကြောင်းအချက်များ အမှတ် – ၇၀)
အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်-မြန်မာကုန်သွယ်မှု ဆက်လက် ကျဆင်းနေပါတယ်။ စစ်ကောင်စီက နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ တရုတ်-မြန်မာ ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ သန်း ၃၈၀ အထိ ကျဆင်းခဲ့ပြီး ဒါဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ကျဆင်းခဲ့တဲ့ ပမာဏ ဖြစ်ပါတယ်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုကလည်း အာဏာသိမ်းပြီးနောက်ပိုင်း ကျဆင်းနေရာက ၂၀၂၁ ခုနှစ် ဇူလိုင်မှာ အာဏာသိမ်းပြီး နောက်ပိုင်း အနိမ့်ဆုံး ပမာဏ ရောက်သည်အထိ အဆိုးရွားဆုံး ကျဆင်းခဲ့ပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသလို ၂၀၂၂ ခုနှစ်ဆန်းပိုင်းမှာ နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ကျော်ခန့်ဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်ရောက်ခြင်းကို ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ တခါ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အနည်းဆုံး လူဦးရေ ၁၄ သန်းကျော်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်မှာ ဖြစ်ပြီး၊ ဒီအထဲက ခြောက်သန်းကျော်အတွက် အရေးပေါ် အကူအညီတွေ လိုအပ်မယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ တချိန်တည်းမှာပဲ အာဏာသိမ်းမှု နောက်ဆက်တွဲ စီးပွားရေးကျဆင်းမှုဒဏ်နဲ့ ကိုဗစ်ကပ်ဘေးကိုပါ ရင်ဆိုင်နေရတာကြောင့် မြန်မာနိုင်ငံအတွင်း စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေဟာ ခန့်မှန်းထားတာတွေထက် ပိုပြီး ဆိုးနိုင်ခြေ ရှိပါတယ်။
အာဏာသိမ်းမှုအပြီးမှာ ဖြစ်ပွားခဲ့တဲ့ စီးပွားရေး အကျပ်အတည်းတွေနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေက မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုအပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိမလဲ ဆိုခြင်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါပါတယ်။ ဒါ့အပြင် စီးပွားရေး ကိန်းဂဏန်းတွေဟာ ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ အကျိုးစီးပွား စဉ်းစားချက်တွေကို များစွာ ထင်ဟပ်လျက်ရှိတာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ပြည်ပနိုင်ငံတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးထဲထဲဝင်ဝင်နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
ပြည်တွင်း-ပြည်ပ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေကို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ လအလိုက်၊ နှစ်အလိုက်၊ ကာလတူကုန်သွယ်မှု တန်ဖိုးတွေကို ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ ဒါ့အပြင် အဲဒီက အချက်အလက်တွေကို ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ဖက်နိုင်ငံများက အချက်အလက်များ၊ အာရှဖွံ့ဖြိုးမှုဘဏ်တို့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာတွေမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့လည်း နှိုင်းယှဉ် လေ့လာနိုင်ပါတယ်။




