What Matters

ခြောက်လအတွင်း KNU နယ်မြေ၌ တိုက်ပွဲ ၁,၀၀၀ ကျော် ဖြစ်ခဲ့

By ISP Admin | December 18, 2021

အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၇)

ပြီးခဲ့တဲ့ ခြောက်လတာ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေ (EAOs) ရဲ့ နယ်မြေတွေမှာ စစ်ကောင်စီနဲ့ EAOs အကြားတိုက်ပွဲ အကြိမ်ရေ ၁,၁၅၇ ကြိမ်ထက်မနည်း ဖြစ်ခဲ့တာ တွေ့ရပါတယ်။ အဲဒီအထဲကမှ ၁,၀၂၃ ကြိမ်ထက်မနည်း (၉၆ ရာခိုင်နှုန်း) ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်းမှာ ဖြစ်ခဲ့တာပါ။ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း KNU တပ်မဟာ ၆ထိန်းချုပ်နယ်မြေ လေကေ့ကော်မြို့အတွင်း စစ်ကောင်စီ တပ်တွေ ဝင်ရောက်ပြီး၊ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်နေပါတယ်။

Download as PDF

တဆက်တည်းမှာပဲ ဒေသအသီသီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF/CDF/KNDF စသဖြင့်) တို့အကြားတိုက်ပွဲဖြစ်ပွားမှုတွေကလည်း ပိုမို ကျယ်ပြန့်လာပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်နေ ဒီဇင်ဘာ ၁၆ ရက်အထိ ခြောက်လတာကာလအတွင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှု ၃၃၆ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။စစ်ကိုင်းတိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုအများဆုံး ဖြစ်ခဲ့ပြီး ၁၁၉ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ ဒါဟာ သတင်းမီဒီယာတွေနဲ့ လွတ်လပ်သော အဖွဲ့အစည်းတွေက ဖော်ပြထားတဲ့ တရားဝင် အချက်အလက်တွေကို စုစည်းပြီး ကောက်ယူထားတာ ဖြစ်ပါတယ်။ မြေပြင်အခြေအနေမှာတော့ အခုဖော်ပြတဲ့ ကိန်းဂဏန်းတွေထက် ပိုများနိုင်ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပြီး လက်ရှိအချိန်ထိ လက်နက်ကိုင်ပဋိပက္ခတွေ တင်းမာမှု ရှိနေဆဲ ဖြစ်ပါတယ်။

∎ ဘာကြောင့်အလေးထားသင့်သလဲ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခနဲ့ တိုက်ပွဲတွေကို စောင့်ကြည့်ပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူအရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်း အားဖြင့်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာတရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်တဲ့အတွက် အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။

∎ တွဲဖက်လေ့လာသင့်သည်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *