အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၆)
၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်ကနေ ဒီဇင်ဘာ ၃ ရက်အတွင်း အခြေအနေတွေကို ကြည့်ရင် မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ် ဒေသတိုင်းနီးပါးမှာ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိလာပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်း အခြေအနေမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့ တိုက်ပွဲဆင်မှုဟာ ရှစ်လတာကာလအတွင်း အရေအတွက် အမြင့်ဆုံး ဖြစ်လာပါတယ်။ EAOs နယ်မြေတွေဘက်ကို ကြည့်တဲ့အခါ တိုက်ပွဲအရှိန် ကောင်းနေဆဲ ဖြစ်ပေမဲ့ အောက်တိုဘာနဲ့ ယှဉ်မယ်ဆိုရင်တော့ တိုက်ပွဲ ဖြစ်မှု ၃၈ရာခိုင်နှုန်းကျော် ကျဆင်းသွားတာ တွေ့ရပါတယ်။
● သုံးလအတွင်း တိုက်ပွဲနှင့် ပစ်ခတ်မှု အကြိမ် ၁,၀၀၀ နီးပါးရှိ
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီဇင်ဘာ ၃ ရက်အထိ တိုက်ပွဲနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁,၉၄၈ ကြိမ်ထက် မနည်း ဖြစ်ခဲ့ပါတယ်။ ဒီအထဲမှာ ၁,၀၀၀ နီးပါးခန့်ဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ဖြစ်ခဲ့တာပါ။ ဒီတိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုက၂၈၆ ဦးထက်မနည်း ရှိခဲ့ပါတယ်။ တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဟာ စက်တင်ဘာမှာ အများဆုံးဖြစ်ခဲ့ပြီး တလအတွင်း၃၄၄ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။
● ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ပွဲဆင်မှု
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲဆင်မှုက နိုဝင်ဘာမှာ အမြင်ဆုံးဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာတလတည်းမှာ ၁၁၆ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး ရှစ်လတာ ကာလအတွင်း အကြိမ်ရေ အများဆုံး ဖြစ်လာတာပါ။ ရှစ်လအတွင်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၃၅၆ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲတွေထဲက ၆၄ရာခိုင်နှုန်းကျော်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခုခံတွန်းလှန်စစ် ကြေညာပြီးတဲ့နောက်ပိုင်း သုံးလအတွင်း ဖြစ်ခဲ့တာပါ။ နိုဝင်ဘာအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ပွဲဆင်မှု အမြင့်ဆုံး ရောက်ခဲ့ရတဲ့ အကြောင်းတခုကတော့ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေအတွင်း စစ်ကောင်စီ ဘက်က အနော်ရထာစစ်ဆင်ရေး အမည်နဲ့ ထိုးစစ်ဆင်ခဲ့မှုကြောင့်လည်း ဖြစ်ပါတယ်။ နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း မှာပဲ စစ်ကောင်စီက လေကြောင်းကတဆင့် ထိုးစစ်ဆင်မှုတွေ လုပ်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း အရပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားအရေအတွက်က ၁၄၁ ဦးထက်မနည်း ရှိခဲ့ပါတယ်။ နှစ်ဖက် တပ်ဖွဲ့ဝင်တွေရဲ့ ကျဆုံးမှုကို ဒီစာရင်းမှာ ထည့်သွင်းထားခြင်း မရှိပါဘူး။
● EAOs နယ်မြေအတွင်း တိုက်ပွဲဖြစ်မှုကျဆင်း
ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နှိုင်းယှဉ်ရင်တော့ EAOs နယ်မြေတွေအတွင်း တိုက်ပွဲဖြစ်မှုဟာ နိုဝင်ဘာလမှာ ၃၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း EAOs နယ်မြေတွေအတွင်း တိုက်ပွဲ ၁၁၈ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး၊ ဒီအထဲက ၈၃ ရာခိုင်နှုန်းဟာKNU တပ်မဟာ ၅ နယ်မြေအတွင်း ဖြစ်ခဲ့တာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီဇင်ဘာ ၃ ရက် အထိ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်း အစရှိတဲ့ ဒေသတွေက EAOs နယ်မြေ တွေမှာ တိုက်ပွဲဖြစ်မှု ၁,၆၃၈ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
ပဋိပက္ခနဲ့ တိုက်ပွဲတွေကို စောင့်ကြည့်ပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူအရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာတရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ် သုတေသနပြု ဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာအချက်အလက်များပဲ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။




