Obituary

နူးညံ့ နိုင်ငံရေး အနုပညာရှင်သို့

By ISP Admin | December 4, 2021

အိပ်မက်ဆိုးတွေနဲ့ လန့်နိုးခဲ့တယ်။ သွေးတွေ၊ အသက်တွေ၊ ရေပြင်တွေ၊ ရှင်သန်မှု မသေချာတော့တဲ့ ဝိညာဉ်တွေ။ ကစိန်းကဝါးနဲ့လူးလွန့်ထပြီး ဘေးဘီကြည့်လိုက်တော့ ကိုယ်က အိပ်ယာထက်မှာ။ စိတ်သက်သာသွားတယ်။ ဒါပေမဲ့ ကိုယ့် မိသားစုတွေအကြီးအကဲတွေများ တခုခုဖြစ်မလား ဆိုတဲ့ စိတ်နဲ့ ဖုန်းကို လှမ်းယူပြီး ဖွင့်လိုက်တယ်။ ‘တုံ..’ ဆိုတဲ့ အသံနဲ့အတူ ပေါ်လာတဲ့စာက“မုံရွာအောင်ရှင် ဆုံးပြီ” တဲ့။

ကျနော် လန့်ထိတ်သွားတယ်။ သတင်းအမှားသာ ဖြစ်စေချင်တယ်။ မက်ဆေ့ခ်ျတွေ ထပ်ဝင်လာတယ်။ “နှလုံး သွေးကြော ပိတ်တာ”တဲ့။ “မနက် ၆နာရီက ဆုံးတာ” တဲ့။ ဒါနဲ့ D.wave Online အဖွဲ့က ဆရာ့ကိုယ်ရေး အကျဉ်း အတွက် ရှာဖွေကြ စီစဉ်ကြတယ်။

∎ စာ၊ ကဗျာနဲ့ အတိတ် ရုပ်ပုံလွှာ

ဆရာ့ဘ၀မှာ စာ၊ ကဗျာတွေနဲ့ နိုင်ငံရေး ဒီသုံးချက်က အထင်ရှားဆုံးပါပဲ။ ၁၉၆၇ ခုနှစ် ရန်ကုန်တက္ကသိုလ် ဆရာ အတတ်သင်ကောလိပ်မှာ ပညာသင်ကြားခဲ့တယ်။ ၁၉၇၀ ပြည့်နှစ်ကစပြီး ဂီတပဒေသာ၊ ပန်၊ စာမော်ကွန်း၊ စပယ်ဖြူ မဂ္ဂဇင်းတွေမှာအယ်ဒီတာ လုပ်ခဲ့တယ်။ “ပြည်သူ့ကဗျာ၊ ပြည်သူ့နှလုံးသား”၊ “စိန်ပန်းတပွင့် နေကြာတပွင့်” စတဲ့ ကဗျာစာအုပ်တွေ ရေးသားထုတ်ဝေခဲ့တယ်။ ၁၉၇၀ ပြည့် မိုးဝေ ခေတ်ပေါ်ကဗျာ လှုပ်ရှားမှုကို ဦးဆောင်သူ တစ်ဦး အဖြစ်ပါခဲ့တယ်။ ဘာသာပြန်ကဗျာများစွာရေးသားခဲ့တယ်။

ဆရာနဲ့ ပတ်သက်တာတွေ ဆက်စပ်စဉ်းစားဖြစ်တယ်။ အဖွဲ့ချုပ် ဗဟိုလူငယ်က ထုတ်ဝေတဲ့ “နွေဦးအိုးဝေ” နံရံကပ် စာစောင်နဲ့ ဒေါ်အောင်ဆန်းစုကြည် ခင်ပွန်း ဒေါက်တာ မိုက်ကယ်အဲရစ် ကွယ်လွန်ခြင်းအမှတ်တရ ထုတ်ဝေတဲ့ “ဝမ်းနည်းကမ္ပည်း” စာစောင်တို့မှာဆရာကြီး မင်းသုဝဏ်၊ ဆရာတင်မိုး၊ ဆရာ မုံရွာအောင်ရှင်၊ ဆရာ ဖျာပုံနီလုံဦး၊ မင်းထက်ခိုင်၊ ကျနော်တို့ ပါဝင်ရေးသားခဲ့တယ်။ရေးသူအားလုံး ကလောင် အပိတ်ခံရတယ်။ အဲဒီအချိန်က ဆရာမကြီး လူထုဒေါ်အမာလည်း မွေးနေ့ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးရေးသား ထုတ်ဖော်ပြောဆိုခွင့် ပိတ်ခံ ထားရချိန် ဖြစ်တယ်။ နောက်တော့ ကဗျာဆရာ လှသန်းလည်း အဖွဲ့ချုပ်စာစောင်မှာ ဝင်ရေးလို့ ကလောင်အပိတ်ခံရ ပြန်တယ်။ ၂၀၀၀ ပြည့်နှစ် အစောပိုင်းမှာ အဖွဲ့ချုပ်ရုံး (ဗဟို) ဆိုင်းဘုတ်ဖြုတ်ချခံရ၊ အပိတ်ခံရတော့ ဗဟိုကြေညာချက် တစောင်ထုတ်ဖို့ ရေးသားစီစဉ်ကြတယ်။ ဒီလို စီစဉ်ခဲ့တဲ့ ဆရာ မုံရွာအောင်ရှင်၊ ဦးနိုင်းနိုင်း၊ ဦးထွန်းမြင့်၊ ဖျာပုံ နီလုံဦး၊ ဦးစိန်ထွန်းကျော်၊ ဦးစိုးဟန်တို့ ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံခဲ့ရပါတယ်။

∎ လူထုဆက်ဆံရေး နိုင်ငံရေးဗေဒ

ထောင်ကအသီးသီး ပြန်လွတ်လာကြတဲ့အချိန်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်က ဝင်ရောက်ယှ ဉ်ပြိုင်ဖို့ ဖြစ်လာတဲ့အခါ ဆရာ ဦးဝင်းတင်၊ ဆရာဦးအုန်းကြိုင်၊ ဆရာမုံရွာအောင်ရှင်၊ ဆရာဖျာပုံနီလုံဦးနဲ့ ကျနော်တို့က ဗဟိုအောင်နိုင်ရေးကော်မတီမှာ အဖွဲ့ဝင်တွေဖြစ်လာကြတယ်။ ပြီးတော့ ဒီလှိုင်းစာစောင် ဦးဆော င်သူတွေလည်း ဖြစ်လာတယ်။ ဆရာ ဦးဝင်းတင် မကျန်းမမာဖြစ်ပြီး ဆေးရုံတင်ရချိန်မှာ ဒီလှိုင်းစာစောင်ရဲ့ အယ်ဒီတာ့အာဘော်ရေးသူဟာ ဆရာမုံရွာအောင်ရှင် ဖြစ်လာပါတယ်။ ဆရာ ဦးဝင်းတင်ဟာ စာပေလောက၊ သတင်းစာလောက၊ နိုင်ငံရေးလောကမှာ ဩဇာကြီးသူပီပီ စာရေးရမှာလည်း ထိမိ၊ ပြောင် မြောက်၊ ရဲရင့်၊တက်ကြွတဲ့ စကားလုံးများနဲ့ နိုင်ငံရေးကို ဦးဆောင်မှုပေးနိုင်ခဲ့တယ်။ ဆရာမုံရွာကတော့ ကဗျာဓာတ်ကူးယှက် ရက်ဖောက်ထားတဲ့စကားပြေ ကြော့ကြော့လွင်လွင်တွေနဲ့ နိုင်ငံရေးဗေဒကို ချဉ်းကပ်တင်ပြနိုင်ခဲ့တယ်။ ဆရာကြီးနှစ်ပါးရဲ့ ထူးခြားမှုက NLD ပါတီမှာလူထုဆက်ဆံရေး အကောင်းဆုံးနဲ့ လူထုအကြား သတင်းမီဒီယာတွေအကြားမှာ NLD ပါတီ ရှင်သန်သက်ဝင်အောင်၊ ထင်ရှားဆောင်ရွက်နိုင်မှုပါပဲ။ ဆရာတို့ဟာ ပါတီဝင်ထုကိုသာမက တိုင်းရင်းသားနဲ့ အခြား ပါတီ အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေကိုလိုလိုလားလား၊ နွေးနွေးထွေးထွေးနဲ့ လက်ခံတွေ့ဆုံတယ်။ ပါတီရဲ့မူဝါဒတွေ၊ သွားနေတဲ့ လမ်းတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောဆိုလေ့ရှိတယ်။

∎ တာဝန်မရှိပေမဲ့ တာဝန်သိခဲ့ခြင်း

ဆရာမုံရွာအောင်ရှင်ဟာ ပါတီရဲ့ ဗဟို ပြန်ကြားရေး တာဝန်ခံ၊ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး စတဲ့တာဝန်တွေ ယူခဲ့ပေမဲ့ ပါတီရဲ့ပြောရေးဆိုခွင့် ရှိသူမဟုတ်ပါဘူး။ ဒါပေမဲ့ မီဒီယာအသီးသီးကလည်း ဆရာ့ကိုပဲ ဝိုင်းမေး ကြတယ်။ သတင်းအတည်ပြုကြတယ်။ဆရာက ကျောသား ရင်သား မခွဲဘူး၊ ရင်းနှီးတဲ့ မီဒီယာရော၊ မရင်းနှီးတဲ့ မီဒီယာကိုပါ ချစ်ခင်လေးစားမှုနဲ့ ဖြေကြားတယ်။ ဒါကိုတချို့ မီဒီယာတွေက ဆရာ့ ပြောကြားချက်တွေထဲက တကြောင်း၊ နှစ်ကြောင်း ကောက်ယူပြီး ပုံမှားရိုက်ကြတယ်။သတင်းခေါင်းစဉ် ပြောင်းတပ်ကြတယ်။ ဒါကြောင့် ကျနော်တို့က လူတိုင်းကို သတင်းမဖြေဖို့၊ အင်တာမဗျူးဖို့၊ စကားဝိုင်းတွေမှာမပါဝင်ဖို့ ဆရာ့ကို တားခဲ့ဖူးတယ်။ “တို့က သတင်းသမားတွေကို လေးစားရမယ်၊ သူတို့က ပြည်သူတွေသိချင်တာ၊ ပြည်သူတွေ မရှင်းမလင်း ဖြစ်နေတာတွေကို မေးပေးနေတာ၊ တို့က သူတို့မေးတာကို မဖြေဘူး၊ ရေငုံနှုတ်ပိတ်နေမယ် ဆိုရင် ပြည်သူနဲ့ ဝေးသွားမှာပေါ့၊ သတင်းစာသမားတွေနဲ့ တို့ပါတီနဲ့လည်း ဆက်ဆံရေးပျက်သွားမယ်၊ ကြာရင် ပွင့်လင်းမြင်သာမှု မရှိတဲ့ ပါတီ အဖြစ်နဲ့လူထုတွေ စိတ်ကုန်လာမှာပေါ့” လို့ရှင်းပြတယ်။

∎ အပ​င်ကိုတော့ သန်စေချင်ခဲ့

အကြောင်းအမျိုးမျိုးကြောင့် ပါတီက အရေးယူလိုက်ရတဲ့သူတွေ၊ ပါတီကို စွန့်ခွာသွားကြသူတွေနဲ့ပတ်သက်ပြီး ဆရာပြောခဲ့တဲ့စကားဟာ ထင်ရှားတယ်။ “ပုပ်လို့ကြွေတဲ့ သစ်သီးအတွက် အပင်မှာ တာဝန်မရှိဘူး” တဲ့။ ဒီလိုပဲ ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေး တစ်ခုမှာ ပြန်ကြားရေး တာဝန်ခံအနေနဲ့ ဆရာပြောခဲ့တဲ့ ပါတီတွင်းဝေဖန်ရေး စကားတခွန်းက ပါတီဝင် တချို့အတွက် တီ ဆားနဲ့တို့သလို တွန့်သွားခဲ့ကြတယ်။ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ သက်ဆိုင်ရာ မြို့နယ်နဲ့ တိုင်းတချို့မှာ ပါတီဥက္ကဋ္ဌ အဖြစ်တာ ဝန်ယူထားတယ်၊ အခြားလုပ်ငန်းကော်မတီတချို့မှာလည်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူး တာဝန်ယူထားတယ်။ လူတစ်ယောက်ထဲက နေရာတွေအများကြီးယူထားပြီး တာဝန်ကျေပွန်အောင် မလုပ်နိုင်ကြဘူး။ ဒါကြောင့် ဆရာ က “ရေသာများပြီး ငါးမတွေ့ဘူး” လို့ ဝေဖန်ခဲ့တာပါ။ အဲဒီပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

∎ ဖြစ်သင့်တာကို ဦးစားပေးသူ

ဆရာဟာ ထောင်အကြိမ်ကြိမ် ကျခံခဲ့ပြီး ဆင်းရဲပင်ပန်းမှုတွေကြားက NLD ပါတီကို ဝန်းရံ ရပ်တည်ခဲ့တာ ဖြစ်ပါ တယ်။ NLD ပါတီ အာဏာရလာတော့ ဆရာဟာ အမတ်မဖြစ်ချင်ဘူး။ ဝန်ကြီးမဖြစ်ချင်ဘူး။ သို့သော် CEC တယောက်တော့ ဖြစ်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဟာ ဒုတိယအကြိမ် ဗဟိုကော်မတီ၊ ပထမပုံမှန် အစည်းအဝေးမှာ CEC အသစ်တိုးချဲ့ဖို့ ရွေးချယ်ပွဲတွေလုပ်တော့ ဆရာဟာ ယှဉ်ပြိုင်ဘက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို လက်ဆွဲ နှုတ်ဆက်ပြီး CEC အဖြစ် ထောက်ခံ အားပေးခဲ့တယ်။ ဆရာ့ရဲ့ သဘောထားကြီးမှုအပေါ် ဒေါက်တာ မြင့်နိုင်ဟာ တအံ့တဩဖြစ်သွားခဲ့ပါတယ်။

∎ ပြိုင်ဘက်တွေတောင် လေးစားခဲ့ရ

ဆရာမုံရွာအောင်ရှင်ဟာ လုပ်ဖော် ကိုင်ဖက်တွေအပေါ်ရော၊ အတိုက်အခံတွေ အပေါ်မှာပါ ငြင်းခုံစရာရှိရင်တောင်မှ ဘယ်တော့မှသဘောထား တင်းတင်းမာမာ တုံ့ပြန်လေ့ မရှိပါဘူး။ ရိုးသား သိမ်မွေ့စွာပဲ ပြောလေ့ရှိပါတယ်။ ဒါကြောင့်လည်း အခု ဆရာကွယ်လွန်တဲ့အခါ တိုင်းရင်းသား ပါတီ၊ ယှဉ်ပြိုင်ဘက် ပါတီနဲ့ အခြားသော ပါတီအဖွဲ့အစည်းတွေက ဝမ်းနည်းကြောင်း သဝဏ်လွှာတွေပို့ကြ၊ လူမှုကွန်ရက် စာ မျက်နှာများမှာ အမှတ်တရတွေ ရေးနေကြတာပါ။ ပိုလို့ အံ့ဩရတာက ဆရာမုံရွာရဲ့ဈာပနအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက လွမ်းသူ့ပန်း‌ခွေ ပို့တာပါပဲ။ ဒါကို ကြည့်ရင်လည်း တရုတ်ပြည်ကွန်မြူနစ်ပါတီ၊တရုတ်အစိုးရအနေနဲ့ NLD ပါတီ၊ ဗဟို ကော်မတီဝင် ဆရာမုံရွာအောင်ရှင် အပေါ် ဘယ်လောက်ထိ အလေးအနက်ပြုသလဲ ဆိုတာပေါ်လွင်ပါတယ်။

ဆက်စပ်လို့ ပြောရရင် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး တရုတ်ကလည်းမြန်မာ့နိုင်ငံရေးကို အထူး ဂရုပြုလျက်ရှိနေတာကို တွေ့ရမှာပါ။ တရုတ်ဟာ သူ့အကျိုးစီးပွား ကာကွယ်ရေးအတွက် စစ်အုပ်စုကိုအထောက်အပံ့ ပြုနေသလို လူထုထောက်ခံမှု အပြည့်အဝရနေတဲ့ NLD နဲ့လည်း ဆက်ဆံရေး ကောင်းရှိချင်နေတာပါ။ ဒါကြောင့်လည်း NLD ပါတီကို ဖျက်သိမ်းခြင်းမပြုဖို့ စစ်အုပ်စုကို ဟန့်တားခဲ့တယ်။ ပြီးတော့ တရုတ် -အာဆီယံဆွေးနွေးပွဲမှာ စစ်အုပ်စုကိုမဖိတ်ခဲ့တာ၊ ကုလသမဂ္ဂ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်နေရာမှာ ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ဆုံးဖြတ်ချက်အပေါ်တရုတ် မကန့်ကွက်တာ တွေဟာ NLD အပေါ် အလေးသာမှုတွေ အဖြစ် တွေ့မြင်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာ့နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ တရုတ်ရဲ့ အရေးပါမှုကို အလေးအနက်ပြုသူ ဖြစ်ပါတယ်။

∎ ပေါင်းကူးနိုင်ဖို့ လုံ့လပြုသူ

၂၀၁၄ခုနှစ် ဧပြီက NLD ပါတီရဲ့အဆင့်မြင့် ပါတီဝင်တွေကို တရုတ်က ဖိတ်ကြားတော့ ဗဟို အလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်ဦးဆောင်တဲ့ အဖွဲ့နဲ့အတူ ကျနော်လည်း လိုက်ပါခွင့်ရတယ်။ ကျနော်တို့ ကိုယ်စားလှယ် အဖွဲ့ကို ချစ်ကြည်ရေး တိုးမြှင့်နိုင်ရေး‌အတွက် မူ ရှစ်ချက်နဲ့အညီ ပြောဆိုဆွေးနွေးဖို့ ဒေါ်အော င်ဆန်းစုကြည်က အသေအချာမှာပါတယ်။ သမ္မတ ရှီကျင်းဖျင့်ရဲ့ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း တရုတ်ပြည်ကို သုံးကြိမ်တိုင် သွားရောက်ခဲ့ပါတယ်။ ဆရာ မုံရွာအောင်ရှင်ကတော့ NLD ပါတီနဲ့ တရုတ်အကြား ချစ်ကြည်ရင်းနှီးမှုခိုင်မာရေးကို အမြဲလုံ့လပြုခဲ့သူ ဖြစ်ပါတယ်။ တရုတ် ကွန်မြူနစ်ပါတီက ဆရာမုံရွာကို နိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်အစည်းအဝေး တက်ရောက်ဖို့ အလေးအနက်ထား ဖိတ်ကြားခဲ့ပါတယ်။ ဆရာမုံရွာအောင်ရှင်ဟာ NLD ပါတီရဲ့ သံတမန်ကောင်း တဦးပီသစွာ တရုတ်နဲ့ ခိုင်မာတဲ့ ချစ်ကြည်မှု ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သူလို့ပြောနိုင်ပါတယ်။

ဆရာ မုံရွာအောင်ရှင် ကွယ်လွန်ခြင်းဟာ မြန်မာစာပေလောက၊ နိုင်ငံရေးလောက သာမက NLD ပါတီ အတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုလည်းဖြစ်ပါတယ်။

ဆရာ ကောင်းရာဘုံဘဝရောက်ရှိပါစေ။

∎ ငြိမ်းသစ််

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ကွယ်လွန်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟို ကော်မတီဝင်၊ ဗဟို ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး၊ ဒီလှိုင်းဂျာနယ် တာဝန်ခံ အယ်ဒီတာနှင့် စာရေးဆရာ၊ ကဗျာဆရာ မုံရွာအောင်ရှင်အတွက် ဆရာငြိမ်းသစ်က အမှတ်တရ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ဆရာငြိမ်းသစ်သည် ကဗျာဆရာတဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေး အဖွဲ့ဝင်တဦး ဖြစ်ပါသည်။



Leave a Reply

Your email address will not be published. Required fields are marked *