ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ၂ ရက်အထိ (၂၀၂၁)
အလေးထားရမည့် အကြောင်းအချက်များ အမှတ် – (၆၅)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အခု အချိန်အထိလည်း ပုံသဏ္ဌာန် မျိုးစုံ၊ အသွင်မျိုးစုံနဲ့ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်နေကြတဲ့ တိုင်းရင်းသား ဒေသများမှာလည်းတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အကြားမှာလည်း အချင်းချင်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တဆက်တည်းမှာပဲ ဒေသအချို့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အကြား အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ အရှိန်မြင့် လာပါတယ်။ တိုက်ပွဲနဲ့ပဋိပက္ခ အရှိန်မြင့်လာခြင်းနဲ့အတူ နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ရသူတွေလည်း ပိုများလာသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း လိုအပ်နေပါတယ်။
● စစ်ပြေးဒုက္ခသည် လေးသိန်းနီးပါးတိုးလာ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အထိ နေရာအနှံ့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့အပြန်အလှန်ပစ်ခတ်မှု တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက် စုစုပေါင်း ၃၈၄,၇၂၇ ဦးကျော် ရှိလာပါတယ်။ စစ်အာဏာမသိမ်းခင်က စစ်ပြေးဒုက္ခသည် ၄၉၇,၂၀၀ ဦးကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် ၈၈၁,၉၂၇ ဦးကျော် ရှိလာပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာလည်း ဒုက္ခသည် ၉၇၂,၀၀ ဦးကျော် ရှိနေပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသတွေမှာ စစ်ပြေးဒုက္ခသည်အရေအတွက် ပိုတိုးနေပါတယ်။ ကယားပြည်နယ်မှာ စစ်ပြေးဒုက္ခသည် အများဆုံး ရှိနေပြီး စုစုပေါင်း၁၁၀,၂၀၀ ဦးကျော် ရှိပါတယ်။ စစ်ကိုင်းတိုင်းမှာ ၉၆,၂၅၀ ဦး ကျော်ရှိပြီး ဒုတိယအများဆုံး ဖြစ်ပါတယ်။
● နိုဝင်ဘာနောက်ဆုံးပတ် အခြေအနေ
၂၀၂၁ ခုနှစ် နိုဝင်ဘာ နောက်ဆုံးပတ်အတွင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ကျွန်းလှမြို့နယ်၊ တန့်ဆည်မြိုန့ယ်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ဒေသခံ ၁၈,၀၀၀ ကျော်ဟာနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂,၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ အရာတော်မြို့နယ်တွေမှာ ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးတဲ့နောက် လူဦးရေ ၃,၀၀၀ နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရကြောင်း သိရပါတယ်။
∎ ဘာကြောင့်အလေးထားသင့်သလဲ
ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ရတဲ့ အရပ်သားပြည်သူ အရေအတွက်၊ သေဆုံး ဒဏ်ရာရခဲ့ပုံ ဖြစ်စဉ်တွေနဲ့စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်ပမာဏကို လေ့လာခြင်းအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကျူးလွန်တာတွေ ရှိ၊ မရှိဆိုတဲ့အပေါ် အသွင်ကူးပြောင်းမှု ဆိုင်ရာ တရားမျှတမှု ရှုထောင့် (Transitional Justice) ကနေ သုတေသနပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲ အခြေအနေ တွေကို လေ့လာခြင်းအားဖြင့်လည်း မြန်မာနိုင်ငံရဲ့ ရှိရင်းစွဲ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) အခင်းအကျင်း ပြောင်းလဲမှု ရှိ၊ မရှိ အပေါ် သုတေသနပြုဖော်ထုတ်နိုင်မှာ ဖြစ်တာကြောင့် အလေးထားသင့်သော ဒေတာ အချက်အလက်များပဲ ဖြစ်ပါတယ်။
∎ တွဲဖက်လေ့လာသင့်သည်များ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ တိုက်ပွဲအခြေအနေနဲ့ အကျိုးဆက်တွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် အခြေအနေတွေကိုလွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အထူးသဖြင့် တိုင်းရင်းသား သတင်းဌာနတွေရဲ့ မြေပြင် အခြေအနေ ဖော်ပြချက်တွေအပြင်၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) လို ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ၊ အခြား လွတ်လပ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေရဲ့ မှတ်တမ်း၊ အစီရင်ခံစာ စတာတွေနဲ့လည်း တွဲဖက်လေ့လာနိုင်ပါတယ်။





One Response